သတင်း

စစ်ကောင်စီကားနှစ်စီးကို မတ္တရာ PDF က ပဒေသာမိုင်းဖြင့် တိုက်ခိုက် 

မန္တလေးမြို့မှ မိုးကုတ်မြို့ဘက်သို့ သွားနေသည့် စစ်ထရပ်ကားနှစ်စီးကို ယနေ့ (ဇန်နဝါရီ ၄) တွင် မိုင်းထောင်တိုက်ခိုက်ရာ ကားပေါ်တွင်ပါသည့် စစ်သားများ ဒဏ်ရာရ သေဆုံးနိုင်သည်ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံမှ သိရသည်။

နံနက် ၁၀ နာရီခွဲခန့်အချိန် မတ္တရာ၊ ယက္ကန်းစင်တောင်ကျေးရွာအဝင်တွင် ပဒေသာမိုင်း ခေါ် အတန်းလိုက် ထောင်ထားသောမိုင်း ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု မတ္တရာ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ မတ္တရာနယ်ထဲမှာ စစ်ကောင်စီခြေလျင်စစ်ကြောင်းတွေ နယ်မြေရှင်းလင်းတာ သိပ်မရှိတော့တဲ့အတွက် ယာဉ်တန်းတွေကို မိုင်းဆွဲဖို့ စဉ်းစားပြီး အခုလိုလုပ်ဖြစ်တာ” ဟု မတ္တရာ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စကစတွေက တခြားဒေသတိုက်ပွဲတွေကြောင့် ထင်တယ်၊ ဒီဘက်မှာ နယ်မြေရှင်းလင်းရေးလုပ်တာ မရှိသလောက်ဖြစ်နေတယ်” 

မတ္တရာ PDF က ဒီဇင်ဘာ ၁၉ တွင် ရုံးပင်ကျေးရွာရဲစခန်းကို တိုက်ခိုက်ခဲ့သလို ဒီဇင်ဘာ ၂၁ တွင် PDF က ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သားသုံးဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။

မန္တလေးတိုင်း PDF နှင့်လည်း ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ အောက်တိုဘာ ၂၃ ရက်နေ့က မတ္တရာမြို့နယ်အတွင်း မန္တလေး- မိုးကုတ်ကားလမ်းပေါ်ရှိ လမ်းအသုံးပြုခကောက်ခံရေးဂိတ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ကာ ဒေသကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီကလည်း မတ္တရာမြို့နယ်အတွင်း အာဏာသိမ်းမှု ဆန့်ကျင်နေသူများကို ဖမ်းဆီးပြီး နှိပ်စက်နေရာ နိုဝင်ဘာနှင့် ဒီဇင်ဘာအတွင်း အရပ်သား ၄ ဦး စစ်ကြောရေးတွင် သေဆုံးထားသည်။ 

အရပ်သားများကို ဖမ်းဆီးရန် သတင်းပေး ဒလန်လုပ်သူဟု ယူဆခံရသော လက်ဝဲကြီးကျေးရွာနေ အသက် ၅၀ ခန့်အရွယ် ဦးကြည်လင်းဆိုသူသည် ဇန်နဝါရီ ၂ ရက်နေ့က လက်ဖက်ရည်ဆိုင်၌ ပစ်သတ်ခံထားရသည်။ 

မန္တလေးတိုင်း၏ မြောက်ဘက်အစွန်တွင်ရှိနေသည့် မတ္တရာမြို့နယ်သည် ခုခံတော်လှန်ရေးစစ်ပွဲများ ပြင်းထန်နေသည့် စစ်ကိုင်းတိုင်းနှင့် ထိစပ်လျက်ရှိနေပြီး စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button