ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး MDY-PDF ဟာ နိုင်ငံအလယ်ပိုင်း မန္တလေးမြို့နဲ့ မိုင် ၂၀အကွာလောက်အထိ ရောက်လာပြီး အာဏာသိမ်းစစ်တပ်ကို ခြေသံလုံလုံနဲ့ တိုက်ခိုက်နေပါတယ်။
အခုဆိုရင် မန္တလေးတိုင်းထဲက ပုသိမ်ကြီး၊ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းမြို့နယ်တွေမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ MDY-PDF သိမ်းပိုက်ထားတဲ့နေရာတချို့လည်း ဒီရက်ပိုင်းမှာ ပြန်ပြီးလက်လွှတ်လိုက်ရတာတွေလည်း ရှိပါတယ်။
တရုတ်ဖိအား၊ အဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းအင်အား စတဲ့ အားသာချက်တွေအပါအဝင် တိုင်းပြည်ဘဏ္ဍာကို စိတ်ကြိုက်သုံးခွင့်ရနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နယ်မြေအသီးသီးကို ပြန်လည်ထိုးစစ်ဆင်နေပြီး အခုနှစ် နှစ်ဝက်ကျော်လာချိန်မှာတော့ တချို့နေရာတွေမှာ အသာစီးရနေပါတယ်။
ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို တရုတ်ဖိအားနဲ့ အာဏာသိမ်းစစ်တပ်က ကျည်တစ်ချက်မဖောက်ရဘဲ ပြန်ယူနိုင်ခဲ့သလို၊ တအာင်းတပ် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ PDF တပ်တွေ သိမ်းထားတဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒီလိုအခြေအနေမှာ တော်လှန်ရေးအင်အားစုအားလုံး စုပေါင်းပြီး အချိတ်အဆက်မိမိ၊ ဟန်ချက်ညီညီ အလုပ်လုပ်ကြဖို့ လိုပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး MDY-PDF တာဝန်ရှိသူက ပြောလိုက်ပါတယ်။
နောင်ချို၊ သပိတ်ကျင်း ပြီးရင် မိုးကုတ်မြို့ကော မကြာခင်မှာ စစ်တပ်လက်ထဲ ပြန်ပါသွားနိုင်ပါသလား။
စစ်ကိုင်းတပ်မဟာဖွဲ့စည်းရေး အပါအဝင် အညာတော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအခြေအနေတွေ၊ ဝေဖန်မှုတွေရှိနေတဲ့ ရွှေတွင်းတွေကိစ္စနဲ့ ပတ်သက်ပြီး MDY-PDF ရဲ့ စစ်ဆင်ရေးနဲ့စုဖွဲ့မှုတာဝန်ခံ ကိုမုန်တိုင်းကို ဇူလိုင်လကုန်ပိုင်းမှာ ဆက်သွယ်မေးမြန်းထားပါတယ်။



