
မြင်းခြံ – နိုင်ငံ အလယ်ပိုင်း မိုးခေါင်ရေရှားဒေသမှာ စိုက်ပျိုးရေး အတွက် အဓိအခက်အခဲက ရေ ရရှိဖို့ပါ။ ဒေသခံတွေဟာ သောက်ရေသုံးရေ အတွက်တောင် ၁ မိုင်နီးပါး သွားပြီး သယ်နေရတာကြောင့် အိမ်နောက်ဖေးစိုက်ခင်း ရေလောင်းဖို့ အခက်အခဲ ရှိပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ တောင်သာ၊ မြင်းခြံမြို့နယ်တွေထဲက ၂၂ ရွာမှာတော့ နိုင်ငံတကာအဖွဲ့ တစ်ခု ဖြစ်တဲ့ Terre des Hommes Italy (TDH) က ရေအကုန်အကျ သက်သာစေတဲ့ အစက်ချ စိုက်ပျိုးရေးနည်းစနစ်ကို အသုံးပြုဖို့ စီစဉ်ပေးထားပါတယ်။ ဒီနည်းလမ်းကြောင့် ဒေသခံတွေဟာ လတ်ဆတ်တဲ့ အသီးအနှံကို အချိန်မရွေး စားသုံးနိုင်ပါပြီ။
TDH အဖွဲ့ရဲ့ မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဒေါ်ခင်မာဦးနဲ့ မကြာသေးခင် တွေ့ဆုံရာမှာ သူက မိုးခေါင်ရေရှားဒေသရဲ့ ရေအမျိုးအစား၊ တစ်နိုင်တစ်ပိုင် စိုက်ခင်းအတွက် နည်းပညာ နဲ့ ငွေအရင်းအနှီး၊ အကူအညီပေးရေးအဖွဲ့တွေ ချိတ်ဆက်ဆောင်ရွက်ဖို့ လိုအပ်ပုံတွေအကြောင်း ပြောပြထားပါတယ်။
မေး။ ။ ဒီဒေသရဲ့ စိုက်ပျိုးရေးအတွက် အခက်အခဲဆုံး ဖြစ်နေတာက ဘာလဲ။
ဖြေ ။ ။ ဒီဒေသတွေဟာ မြန်မာနိုင်ငံမှာ ရေအခက်အခဲဆုံး ဒေသပဲ။ ရေရဲ့ အရည်အသွေးရော၊ အရေအတွက်ရော ဖြစ်နေတာ။ အရေအတွက်အားဖြင့် ရေတွင်း၊ ရေကန် လုံလုံလောက် လောက် မရှိဘူး။ အရည်အသွေးမှာလည်း ငန်နေတာမျိုးလို တိရစ္ဆာန်တွေအတွက်တောင် အဆင်မပြေတာတွေ ရှိတယ်။ မိုးတွင်းလောက်ပဲ ရေဖူဖူလုံလုံ ရတာ။ ဆောင်းနဲ့နွေဆိုရင် ရေပြဿနာ တော်တော်ဖြစ်တယ်။ နောက်ပြီး ဒီဒေသတွေဟာ တိရစ္ဆာန်မွေးမြူရေးနဲ့ စိုက်ပျိုးရေးကို မှီခိုရတဲ့ ဒေသ။ ပြီးခဲ့တဲ့ ၅ နှစ်ကျော် လောက်က ဆိုရင် မိုးခေါင်တဲ့ပြဿနာက တော်တော့်ကို ဆိုးဝါးတယ်။ နောက် အာဟာရ ပြတ်လို့ သေတာမျိုး အဆင့်ထိ ဖြစ်ခဲ့တယ်။ ဒေသခံတွေရဲ့ ၈ဝ ရာခိုင်နှုန်းလောက်က ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်သွားတယ်။ စိုက်ပျိုးရေး မှာလည်း မိုးတစ်ရာသီပဲ လုပ်လို့ရတယ်။ မိုးခေါင်ရေရှားဒေသမှာ မန္တလေးတိုင်းက ပိုဆိုးတယ်။ အဲဒီထဲမှာမှ မြင်းခြံ၊ ညောင်ဦးတို့ ဆိုရင် ရေက တော်တော့်ကို ဆိုးခဲ့တာ။ မြင်းခြံမှာဆို ဟင်းသီးဟင်းရွက် စိုက်ဖို့ လုံးဝကို အဆင်မပြေတာ။ ပဲ၊ နှမ်းတွေတောင် တချို့နေရာတွေမှာ အဆင်မပြေတာတွေ ဖြစ်တာ။ အခု လေးငါးနှစ်လောက်မှ နည်းနည်းပြန်အဆင်ပြေလာတာ။
မေး။ ။ TDH အဖွဲ့က ဒီဒေသမှာ ဘာတွေ လုပ်ဆောင်နေပါသလဲ။
ဖြေ။ ။ ၂ဝ၁၄ ခုနှစ်က မကွေးတိုင်းမှာ စတယ်။ ၂ဝ၁၅ ခုနှစ်မှာတော့ မန္တလေးတိုင်းမှာ လုပ်တယ်။ အဓိကအားဖြင့် စိုက်ပျိုးရေးနဲ့ ရေရရှိမှုနဲ့ ပတ်သက်တာတွေ လုပ်တယ်။ စိုက်ပျိုးရေး မှာလည်း အာဟာရ ပြည့်ဝတဲ့ ဟင်းသီးဟင်းရွက် ထုတ်လုပ်တာနဲ့ မြေယာမဲ့ တောင်သူတွေ စိုက်ပျိုးလို့ ရတာကို လုပ်တယ်။ ရေရရှိမှု အတွက် ရေတွင်း၊ ရေကန် တူးတာတွေ၊ ရေကန် ပြုပြင်တာတွေ လုပ်တယ်။
မေး။ ။ TDH ရဲ့ စီမံကိန်းဒေသမှာ ရေအစက်ချ စိုက်ခင်းမျိုးတွေကို ကိုယ်ပိုင်ငွေကြေးနဲ့ ထပ်တိုးချဲ့ဖို့ အင်အားမရှိတာကိုတွေ့ရတယ်။ ဘာ့ကြောင့်လို့ယူဆလဲ။
ဖြေ။ ။ အဓိကကတော့ ငွေကြေးပါပဲ။ ကျွန်မတို့လည်း လုပ်နေရင်း ဒီအခက်အခဲကို တွေ့ပါတယ်။ ကျွန်မတို့ အဓိက ရည်ရွယ်တာက နည်းပညာကို ထိုးဖောက်ဖို့၊ နောက်ပိုင်း သူတို့ ဆက်ပြီး လုပ်နိုင်ဖို့ ဆိုရင် သူတို့က ငွေမတတ်နိုင်ဘူး၊ နောက် ပြဿနာက အချိန်ပါ၊ တခြား အလုပ်တွေနဲ့ ဒီစိုက်ခင်းကို ရေ မပြတ်အောင် ဂရုစိုက်ပေးဖို့ အချိန်မရတာလည်း ပါတယ်။ တောင်သာ မြို့နယ်က အေးရွာ ဆိုတဲ့ရွာက ဒေသခံတစ်ဦးက ခြံ ၅ ခြံ လောက်ကို တိုးချဲ့ပြီး ဈေးကွက်အထိ ထိုးဖောက်နိုင်သေးတယ်။ ဆက်လုပ်ဖို့ ဆိုတာ သူတို့ရဲ့ စိတ်ဝင်စားမှုပေါ်လည်း မူတည် တယ်။ အခု လုပ်နေတာက မိသားစု ပုံစံလောက်ပဲ ရှိတာ။ သူတို့ ရှေ့ဆက် လုပ်ဖို့က ပိုက်ဆံရမှ ဆိုတာလိုပေါ့။ ကျွန်မတို့ အခု လုပ်ပေးတာကလည်း နမူနာ စိုက်ခင်းမျိုးတွေ။ အဲ့ဒါကို ကြည့်ပြီးတော့မှ တကယ် လုပ်နိုင်မယ့်သူတွေ ပေါ်လာမှာပါ။
မေး။ ။ မိုးခေါင်လို့ ရေနည်းပါးတဲ့ နှစ်တွေအတွက် ဘယ်လို စီစဉ်ကြမလဲ။
ဖြေ။ ။ မှန်ပါတယ်။ တချို့ရွာတွေဆို ကျွန်မတို့ နည်းပညာကို ကြိုက်ကြတယ်။ အဓိက အခက်အခဲက ရေပဲ။ ရေလုံလောက်ဖို့ လိုတယ်၊ ရေကောင်းဖို့ လိုတယ်။ ကျွန်မတို့ ရွာတွေကို ရောက်ရင် ရေကို တိုင်းကြည့်တော့ အချဉ်ဓာတ်နဲ့ အငန်ဓာတ် တော်တော်လေးများတဲ့ ပြဿနာတွေ ရှိတယ်။ ရေကို ရတဲ့နေရာက မြေအောက်ပိုက်လိုင်းနဲ့ သွယ်တာတို့ကို တခြားအဖွဲ့တွေ လည်း လုပ်တယ်၊ ကျွန်မတို့ အဖွဲ့လည်း လုပ်တယ်။ ဒါပေမယ့် ကျွန်မတို့မှာလည်း ဘတ်ဂျက် ကိစ္စရှိတော့ အများကြီး မလုပ်နိုင်ဘူး။ နှစ်ရွာလောက်ပဲ လုပ်နိုင်တာ။ တွင်းတူးပြန်ရင်လည်း တချို့နေရာတွေမှာ အဆင်မပြေတော့ သူတို့က တခြားရွာကနေ ဝယ်သောက်ရတယ်။ ကျွန်မတို့ရဲ့ ဦးတည်ထားတဲ့ ရွာတွေက ရေပြဿနာဟာ အဓိကစိန်ခေါ်မှုပဲ။ ရေကို တချို့ရွာတွေမှာ တစ်မိုင်ခွဲ၊ နှစ်မိုင်လောက် ဝေးတဲ့နေရာကနေ သွားယူရတယ်။
မေး။ ။ မိုးခေါင်ရေရှားဒေသ စိုက်ပျိုးရေးစီမံချက်မှာ တခြား ဘာအခက်အခဲတွေကို တွေ့ရလဲ။
ဖြေ။ ။ အခက်အခဲကတော့ ဒေသခံတွေရဲ့ အချိန်ပေးမှုပဲ။ သူတို့ကလည်း တစ်နှစ်ပတ်လုံး အလုပ်လုပ်နေရတာ။ ကျွန်မတို့ အစည်းအဝေးခေါ်ရင် အချိန်ပြည့်မတက်နိုင်ဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားဆိုတော့ ကျွန်မတို့ကလည်း နေ့တွက်တွေ ဘာတွေ မပေးနိုင်ဘူး။ နောက်တစ်ခုက ကျွန်မတို့အဖွဲ့လို မိုးခေါင်ရေရှားဒေသမှာ လုပ်နေကြတဲ့ အဖွဲ့တွေက ရွာသားတွေနဲ့ အစည်းအဝေးလုပ်မယ် ဆိုရင် အချင်းချင်း တိုင်ပင်တာမျိုး မရှိဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားကြတာ။ တစ်ခါတလေကျတော့ ကိုယ်က လုပ်မယ့်ရွာမှာ နောက်တစ်ဖွဲ့ကလည်း ရောက်နေ ပြန်ရော။ ရွာက လူတွေက ဘယ်ကို တက်ရမှန်း မသိတော့ဘူး။
မေး။ ။ မိုးခေါင်ရေရှား ဒေသမှာ ရွှေ့ပြောင်းလုပ်သားတွေက များလာတယ်။ အဲဒီပြဿနာက ဒီဒေသဖွံ့ဖြိုးရေး လုပ်ဆောင်မှုအပေါ် ဘယ်လောက်အထိ သက်ရောက်မှုတွေ ရှိနေပါသလဲ။
ဖြေ။ ။ ဘယ်လောက်ထိ သက်ရောက်လဲ ဆိုရင် အခု အလုပ်လုပ်တော့မယ်ဆို လူမရှိတော့ဘူး။ ရွာမှာ မသန်စွမ်းနဲ့ ကလေးပဲ ရှိတယ်။ တောင်သူက ရိတ်သိမ်းချိန်ဆို လူမရှိဘူး။ ရှိတဲ့လူက တစ်နေ့ကို ကျပ် ၅,ဝဝဝ၊ ၆,ဝဝဝ လောက် လိုချင်တယ်။ ရန်ကုန်လိုမြို့ပြမှာ လုပ်ရင်လည်း သက်သက်သာသာနဲ့ နေမပူဘဲနဲ့ ဒီလောက်ရတော့ (ကျေးလက်ဒေသ) နေပူကြီးမှာ မလုပ်ချင်ကြ ဘူး။ တောင်သူကလည်း ပဲ ၁ တင်းကိုမှ ၄,ဝဝဝ လောက် ရနေချိန်မှာ လုပ်အားခက ၆,ဝဝဝ ဆိုတော့ အဆင် မပြေဘူး။ အဲဒီလိုနဲ့ တောင်သူကြီးကနေ လက်လုပ်လက်စားနဲ့ ငွေတိုးချေးရတဲ့ အဆင့်ကို ဖြစ်ရော။ ကျွန်မတို့ စီမံချက်စိုက်ခင်းတွေ လုပ်တော့ သူတို့က စိုက်ထားပြီး တစ်နေရာကို ထွက်အလုပ်လုပ်တယ်၊ နီးစပ်ရာကို ဒါလေး ကြည့်ပေးထားပါ ဆိုပြီးထားခဲ့တယ်၊ ဒါမျိုးတွေလည်း ရှိတယ်။
မေး။ ။ အခုလိုဒေသခံတွေကို ကူညီနေတာမှ အစိုးရဘက်ကရော ဘယ်လို ပံ့ပိုးကူညီမှုတွေ ရလဲ။
ဖြေ။ ။ ကျေးလက်ဦးစီး (ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန) ဆိုရင် ကျွန်မတို့နဲ့ တွဲလုပ်နေကြပါ။ သူတို့ကလည်း ကျွန်မတို့ သိသလောက် ရွာတွေကို သင်တန်းပေးတာတွေ လုပ်တယ်။ ဒါပေမယ့် ဒီထက် ထိထိရောက်ရောက် ချိတ်ဆက်ပြီး လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဟိုးအရင်ကနဲ့ စာရင်တော့ တော်တော်ကြီး ပြောင်းလဲတိုးတက်လာတယ်လို့ ကျွန်မ ပြောချင်တယ်။
မေး။ ။ တချို့နယ်တွေမှာ အစိုးရဌာနဆိုင်ရာတွေနဲ့ တောင်သူတွေကြားမှာ ပူးပေါင်းဆောင်ရွက်တာ အားနည်းနေတာကို တွေ့ရတယ်။ အဲဒီအချက်က ဒေသဖွံ့ဖြိုးရေးမှာ ဘယ်လို သက်ရောက်မှု ဖြစ်လဲ။
ဖြေ။ ။ အဲဒါကလည်း အများကြီး သက်ရောက်ပါတယ်။ စက်ဝိုင်းကြီးလို လည်နေတာလေ။ ကျွန်မ အတွေ့အကြုံအရ မကွေးတိုင်းက ဆောင်ရွက်မှု ပိုကောင်းတယ်။ တောင်သူ၊ အစိုးရဌာန၊ INGO အားလုံးက ချိတ်မိတယ်။ အဲဒီလို လုပ်နိုင်တဲ့ မြို့နယ်တွေက ဈေးကွက် ပိုရလာတယ်။ နည်းပညာတွေ ရလာတယ်။
မေး။ ။ ဒီဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အစိုးရအနေနဲ့ ဘယ်လို ကဏ္ဍတွေမှာ အဓိကဦးတည်ပြီး လုပ်ကိုင်ဖို့ လိုတယ်လို့ ယူဆသလဲ။
ဖြေ။ ။ မိုးခေါင်ရေရှား ဒေသဆိုရင် ဒီဒေသရဲ့ အဖြစ်အပျက်တွေကို သိထားရမယ်။ အဲဒီဟာတွေနဲ့ ပတ်သက်ပြီး သုတေသနတွေ လုပ်ထားရမယ်။ ဒီသုတေသနပေါ်မှာ အခြေခံပြီး အစိုးရတစ်ခုတည်းမဟုတ်ဘဲ၊ NGO၊ INGO၊ တောင်သူ အားလုံးက ချိတ်ဆက်တဲ့ ဆက်သွယ်ရေး ကွန်ရက် အားကောင်းဖို့ လိုတယ်။ နောက် တွေ့ဆုံဆွေးနွေးပွဲတွေ လိုတယ်။ လွှတ်တော်အမတ်တွေလည်း ကျွန်မတို့နဲ့ ချိတ်ဆက်ဖို့ လိုတယ်။ သီးခြားစီ သွားနေမယ်ဆိုရင် အောင်တော့အောင်မြင်ပေမယ့် ၅ နှစ် လုပ်ရမှာကို ၁ဝ နှစ်လောက် ဖြစ်သွားမှာပေါ့။ ။