သတင်း

ပလက်ဝမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံရပြီး တစ်ဦး ပြန်လွတ်

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ယမန်နေ့က ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် ပညာရေးဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရပြီး ယနေ့ (ဒီဇင်ဘာ ၂၉) ညနေတွင် တစ်ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ 

ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သူ ကိုတင်ထွန်းအောင်နှင့် ပညာရေးဌာန အထွေထွေကျောင်းလုပ်သားအဆင့်ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုတင်ဦးဆိုသူတို့ကို ယမန်နေ့ ညနေ ၆ နာရီခန့်တွင် ရဲများက လာရောက်ဖမ်းဆီးသွားပြီး ယနေ့ ညနေ ၃ နာရီ၌ ကိုတင်ဦးကို ရဲစခန်းမှ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ 

ကာယကံရှင် ကိုတင်ဦးက လုံခြုံရေးအရ အခြေအနေအသေးစိတ်ကို မပြောဆိုလိုကြောင်းနှင့် အခြားတစ်ဦးကိုမူ ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်မည်ဟု ကြားသိရကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပလက်ဝမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၈၉ တပ်ရင်းရှိ တောင်ကုန်းတစ်ခုတွင် အလံဖြူထောင်ထားသည့်ကိစ္စ သတင်းဌာနများသို့ အင်တာဗျူးဖြေဆိုခဲ့မှုနှင့် ပတ်သက်ပြီး ထိုနှစ်ဦးကို ဖမ်းဆီးကြောင်း ကြားသိရသည်ဟု ပလက်ဝမြို့ခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

“ကျွန်‌တော်စုံစမ်းကြည့်တာ ၂၈၉ တပ်ရင်းမှာ အလံဖြူထောင်ထားတဲ့ကိစ္စကို သတင်းမီဒီယာနဲ့ အင်တာဗျူးလုပ်လို့ ဖမ်းတယ်လို့ ကြားတယ်။ မနေ့က (ညနေ) ၆ နာရီလောက်မှာ ရဲက အိမ်ကို လာရှာတယ်။ အိမ်မှာ မရှိတော့ အပြင်မှာ လိုက်ရှာပြီး တွေ့လို့ စခန်းကို ခေါ်သွားတာပါ” ဟု ၎င်းက ဆိုသည်။

“ည ၈ နာရီလောက်မှာ ရဲစခန်းကနေပြီး ၂၈၉ တပ်ရင်းကို ခေါ်သွားတယ်။ အဲဒီကနေမှ စခန်းကို ပြန်ရောက်လာတယ် ထင်ပါတယ်။ မနေ့ကည အိမ်ကနေပြီး စောင်တွေ၊ ခေါင်းအုံးတွေ လာတောင်းတယ်လို့ သူ့အစ်ကိုက ပြောပါတယ်” ဟု အထက်ပါမြို့ခံက ဆက်ပြောသည်။

ပလက်ဝမြို့၊ ခရလ ၂၈၉  တောင်ကုန်းတစ်ခုပေါ်တွင် အလံဖြူထောင်ထားသည်ကို တွေ့မြင်ရကြောင်း ကိုတင်ထွန်းအောင်နှင့် ကိုတင်ဦးက DVB သတင်းဌာနနှင့် ရခိုင်အခြေစိုက် Western News မီဒီယာတို့ကို ဖြေဆိုထားပြီးနောက် အဖမ်းခံရခြင်းဖြစ်သည်ဟု ဆိုသည်။ 

ကိုတင်ထွန်းအောင်၏ ဆွေမျိုးတော်စပ်သူတစ်ဦးကလည်း မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည် မသိရဘဲ မွန်းလွဲပိုင်းအချိန်ထိ မိသားစုဝင်များက တွေ့ခွင့်မရသေးကြောင်း ယနေ့ပြောသည်။

“ဘာအတွက်ဖမ်းတယ်ဆိုတာကို မသိရသေးပါ။ ထင်တာကတော့ အလံဖြူထောင်တဲ့ကိစ္စ သတင်းမီဒီယာတစ်ခုနဲ့ အင်တာဗျူးလုပ်ထားကြတဲ့အထဲမှာ နှစ်ယောက်လုံး နာမည်တွေပါနေတော့ အဲဒါကြောင့် ဖမ်းတယ်လို့ ထင်ပါတယ်။ မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မပေးဘူး” ဟု ထိုသူက ပြောသည်။​

ဖမ်းဆီးခံရသူတစ်ဦးဖြစ်သည့် ကိုတင်ထွန်းအောင်မှာ နေပြည်တော်ခုတင် ၃၀၀ ဆေးရုံ၌ တာဝန်ထမ်းဆောင်နေသည့် ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်းတစ်ဦးဖြစ်ကာ မိခင်ဖြစ်သူ ကျန်းမာရေးမကောင်း၍ ပလက်ဝသို့ ခေတ္တရောက်ရှိနေခြင်းဖြစ်သည်ဟု သိရသည်။ 

၎င်းနှင့်အတူ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့် မီးလက်ဝကျေးရွာ(ရခိုင်)တွင် တာဝန်ကျနေသည့် ပညာရေးဝန်ထမ်းအထွေထွေလုပ်သား ကိုတင်ဦးဆိုသူမှာ ဝိသုဒါရုံစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေထိုင်သူဖြစ်သည်ဟု မြို့ခံနောက်တစ်ဦးက ပြောသည်။

“သူက မီးလက်ဝ(ရွာ) မှာ တာဝန်ကျနေတာပါ။ မီးလက်ဝမှာ ကျပြီးတော့ မီးလက်ဝကလူတွေက စစ်ဘေးရှောင်နေကြရတာဆိုတော့ သူလည်း စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေတာပါ” ဟု ၎င်းက ပြောသည်။ 

ရခိုင်ပြည်နယ်အစပ် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့်နှစ်များအတွင်း ရက္ခိုင့်တပ်တော်(AA) နှင့် စစ်တပ်တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button