သတင်း

တိုက်ပွဲဆက်နေသည့် မင်းတပ်တွင် စစ်တပ်မှသေဆုံးသူ ၈ ဦးရှိဟု CDF ပြော

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ၆ ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးကာ ဒဏ်ရာရသူအများအပြားရှိသည်ဟု မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီဘက်မှ ရှစ်ဦးသေဆုံးခဲ့ရာတွင် ဒီဇင်ဘာ ၁၉ ရက်က မင်းတပ်မြို့နယ် ရှစ်မွှေးရွာအနီးတိုက်ပွဲတွင် တစ်ဦး၊ ဒီဇင်ဘာ ၂၁ နှင့် ၂၂ တွင် ဝမ္မတူးနှင့် ခွီးလိန်ရွာများအနီး တိုက်ပွဲများတွင် ငါးဦး၊ ဒီဇင်ဘာ ၂၄ ရက် မင်းတပ်မြို့ပေါ်တွင် နှစ်ဦးဖြစ်သည်ဟု CDF မင်းတပ်ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ပြောသည်။

အထက်ပါ ထိခိုက်သေဆုံးအရေအတွက်များနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်နည်းတူ စစ်ကောင်စီတာဝန်ရှိသူများကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။ 

မြို့ပေါ်တွင် စစ်ကောင်စီဘက်မှ သေဆုံးသူများမှာ ဗိုလ်ကြီးတစ်ဦးနှင့် ရဲတပ်သားတစ်ဦးဖြစ်ကာ ဆိုင်ကယ်ဖြင့် သွားလာနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ၎င်းတို့ထံမှ MA 3 နှင့် G 3 ရိုင်ဖယ်သေနတ်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း CDF က ထုတ်ပြန်ထားပြီးဖြစ်သည်။​

မင်းတပ်မြို့မြောက်ဘက် ၇ မိုင်ခန့်အကွာရှိ ဝမ္မတူးရွာနှင့် ခွီးလိန်ရွာအနီးတို့တွင် လှုပ်ရှားနေသည့် စစ်ကောင်စီတပ်မှာ အင်အား ၁၀၀ ခန့်ပါဝင်သည်ဟု သိရသည်။ 

မင်းတပ်မြို့အနီးတွင် နောက်ထပ် စစ်ကောင်စီတစ်ကြောင်းတစ်ခုလည်း ရှိနေပြီး စုစုပေါင်းအင်အား ၂၀၀ နီးပါးရှိကြောင်း၊ မကွေးတိုင်းဘက်မှ မင်းတပ်သို့ စစ်ကြောင်းနှစ်ခုခွဲကာ ဦးတည်ချီတက်လာစဉ် CDF နှင့် တိုက်ပွဲများဖြစ်ပွားနေသည်ဟု ကိုယောမန်က ဖြည့်စွက်ပြောသည်။  

“မြို့နဲ့ အရမ်းနီးသွားရင်တော့ စကစ (စစ်ကောင်စီ) နယ်မြေပုံစံဖြစ်သွားပြီ။ သူတို့က မြို့ကို ကိုင်ထားတာပေါ့။ မြို့ပြင်တစ်ကြော ရွာတွေကတော့ CDF နယ်မြေပုံစံဖြစ်တာဆိုတော့ ကိုယ့်ရဲ့ထိန်းချုပ်နယ်မြေကနေ စကစနယ်မြေဘက်ကို ပြန်ရောက်သွားပြီဆိုတော့ တိုက်ပွဲဖြစ်ဖို့ အလားအလာနည်းသွားပြီ” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းပြီး ၁၁ လနီးပါး ရှိလာချိန်တွင် စစ်ကောင်စီကို အပြင်းအထန်ခုခံတော်လှန်မှုများကြောင့် တိုက်ပွဲများဖြစ်ပွားရာ ဒေသများတွင် ချင်းပြည်နယ်လည်း ပါဝင်သည်။ ဧပြီလနှောင်းပိုင်းမှစ၍ ပြည်နယ်တောင်ပိုင်းရှိ မင်းတပ်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။ 

ချင်းပြည်နယ်အတွင်း ခုခံတော်လှန်မှုများကို မီးရှို့သည့်နည်းဖြင့် စစ်ကောင်စီက အကြမ်းတမ်းဆုံးကိုင်တွယ်နေသည်ဟု CDF ဘက်က ပြောသည်။ 

ပြည်နယ်မြောက်ပိုင်းရှိ ထန်တလန်မြို့တွင် နိုဝင်ဘာလအတွင်း မီးအကြီးအကျယ်လောင်ကျွမ်းခဲ့သည်။ စစ်ကောင်စီလက်ချက်ဟု ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများက ထုတ်ဖော်ပြောဆိုသော်လည်း စစ်ကောင်စီက ငြင်းဆိုခဲ့သည်။ သို့သော် မီးလောင်နေသော ထန်တလန်မြို့ကို နောက်ခံထားရိုက်ကူးထားသည့် စစ်သားတစ်ဦး၏ ဓာတ်ပုံ လူမှုကွန်ရက်တွင် ပြန့်ခဲ့သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button