ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အဝင် ထီးမယ်ဝါးခီးရွာ စာသင်ကျောင်းနားရှိ စစ်ရှောင် ၄၀၀ ခန့် ခိုလှုံနေသည့် နေရာသို့ ယနေ့ ခရစ္စမတ်နေ့ မွန်းလွဲ ၁ နာရီခန့်က လက်နက်ကြီးကျ၍ တစ်ဦးသေကာ ဒဏ်ရာရသူများသည်ဟု အခင်းဖြစ်စဉ်အတွင်း ကိုယ်တိုင်ရှိခဲ့သူက အတည်ပြုသည်။
သေဆုံးသူမှာ ထမင်းချက်အဖွဲ့ခေါင်းဆောင် အသက် ၄၀ အရွယ် ဦးအောင်မျိုးဇင်ဖြစ်ကြောင်း၊ ဒဏ်ရာရသူအများအပြားရှိကာ တစ်ဦး ခြေတစ်ဖက်ဖြတ်ရကြောင်း ၎င်းက ပြောသည်။
“(နေ့လယ် ၁နာရီ) ၁ ချက်တီးလောက်က သုံးခါလောက် လေယာဉ်နဲ့ လာတယ်။ သုံးကြိမ်လောက်ဝဲပြီးတော့ အချက်ပေါင်းတော်တော်များများ ထိသွားတယ်။ အကုန်လုံးပေါင်း အချက် ၂၀ လောက်ရှိတယ်။ .. လက်နက်ကြီးတွေနဲ့ ဆက်ပစ်တယ်”ဟု ၎င်းက ပြောသည်။
လေယာဉ်ပေါ်မှ ပစ်ခတ်သည့် လက်နက်ကြီးများအားလုံး ထီးမယ်ဝါးခီးရွာပတ်ပတ်လည်သို့ ကျကြောင်း၊ တစ်လုံးမှာ ဆောက်လက်စဘုရားကျောင်းပေါ် ကျရောက်ခဲ့ကြောင်း ထိုသူက ဆက်ပြောသည်။ ပစ်ခတ်တိုက်ခိုက်မှု၊ ဒဏ်ရာရမှုနှင့် ပျက်စီးမှု အသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ကရင်အမျိုးသားအစည်းအရုံး(KNU)ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ယနေ့တွင် စစ်ကောင်စီဘက်က လေးကေ့ကော်ဘက်သို့ ပစ်ခတ်ကြောင်း အတည်ပြုသည်။
“ဒီမနက်ကစပြီး လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတယ်လို့ သိရတယ်၊ ရဟတ်ယာဉ်နဲ့ ပစ်တယ်” ဟု ပဒိုစောတောနီးက ပြောသည်။
ထိခိုက်၊ သေဆုံးမှု၊ ပျက်စီးမှု အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးဟု ၎င်းက ပြောသည်။
အထက်ပါ စစ်ရှောင်စခန်းရှိသူတစ်ဦးနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်တစ်ဦးတို့၏ အဆိုအရ ရဟတ်ယာဉ်၊ လက်နက်ကြီးများနှင့် ပစ်ခတ်ပြီးနောက်တွင် စစ်ကောင်စီခြေလျင်တပ်ဖွဲ့ဝင်များ ထီးမယ်ဝါးခီးရွာဘက်သို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ထီးမယ်ဝါးခီးစစ်ရှောင်စခန်းသို့ လက်နက်ကြီးကျပြီးနောက် တစ်နာရီခန့်အကြာအထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက်ပိုင်း အပစ်အခတ်ရပ်ဆိုင်းနေကြောင်း၊ ခိုလှုံသူများ ထိခိုက်မှုမရှိစေရန် စီစဉ်နေကြကြောင်း စစ်ရှောင်စခန်းတွင်ရှိသူက မွန်းလွဲ ၂နာရီခွဲခန့်တွင် ပြောသည်။
“ဒုက္ခသည်တွေကိုတော့ လုံခြုံမဲ့နေရာကို ပို့ထားပါတယ်ဗျ”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက တိုက်လေယာဉ်တစ်စင်း၊ ရဟတ်ယာဉ် ၂ စင်းနှင့် လက်နက်ကြီးများ သုံး၍ လေးကေ့ကော်မြို့သစ်သို့ ပစ်နေ၍ ထိခိုက်ဒဏ်ရာရသူဦးရေ တိုးလာနိုင်ကြောင်း KNLA စစ်သားက သုံးသပ်သည်။
လေးကေ့ကော်မြို့သစ်ကို ယနေ့ နံနက် ၅ နာရီခန့်မှစ၍ မွန်းတည့် ၁၂ နာရီအထိ လက်နက်ကြီးအချက်ပေါင်း ၁၀၀ ခန့် ပစ်ခဲ့သည်ဟု ကရင်ပြည်နယ်အခြေစိုက် KO News-ကော့ကရိတ်ပွင့်လင်းသတင်းစဉ်က ရေးသားထားသည်။
ယနေ့ နံနက်ပိုင်းတွင် မြဝတီမြို့တောင်ဘက် သေဘောဘိုးစခန်းကုန်းမှ ပစ်သည့် စစ်ကောင်စီလက်နက်ကြီးတစ်လုံး ထိုင်းနိုင်ငံ၊ မော်လီချိုင်းကျေးရွာရှိ လူနေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ထိုသတင်းဌာနက ဖော်ပြထားသည်။
ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းတွင် ထိုင်းစစ်တပ်မှ သံချပ်ကာယာဉ်အများအပြား မြန်မာနယ်စပ်သို့ တပ်ဖြန့်ချထားနေသည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။
လေးကေ့ကော်မြို့သစ်တွင် ခိုလှုံနေသော CDM လှုပ်ရှားမှုတွင် ပါဝင်သူများနှင့် လွှတ်တော်အမတ်အချို့ကို ဒီဇင်ဘာ ၁၄ ရက်တွင် စစ်ကောင်စီက အတင်းအကျပ်ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှ KNU ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်နေခြင်းဖြစ်သည်။
ထိုဒေသအတွင်း တိုက်ပွဲများ ၁၀ ရက်ကျော်ရှိလာချိန်တွင် စစ်တပ်က လေကြောင်းမှ သုံးရက်ဆက်တိုက် တိုက်ခိုက်နေသည်။ ထိုဖြစ်စဉ်များကြောင့် ဒေသခံ ထောင်သောင်းချီ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နယ်စပ်အနီးသို့ ထွက်ပြေးခိုလှုံနေရသည်ဟု KNU ဘက်က ပြောထားသည်။
ကုလသမဂ္ဂမှ ဦးဆောင်ကာ လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ပေးရန်လည်း KNU က တောင်းဆိုထားသည်။
လေးကောကော်မြို့ဘက်တွင် ထိုသို့ ပစ်ခတ်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေသည်။
အထက်ပါ သတင်းအချက်အလက်များမှာ မွန်းလွဲ ၃ နာရီအထိ လေးကေ့ကော်မြို့အဝင် ထီးမယ်ဝါးခီးရွာ ထိခိုက်၊ ပျက်စီးမှုနှင့် တိုက်ပွဲအခြေအနေများသာဖြစ်သည်။
လေးကေ့ကော်တစ်ဝိုက် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးများ တောက်လျှောက်ရှိနေပြီး ဖြစ်စဉ်အားလုံးကို အသေးစိတ် အတည်မပြုနိုင်သေးပေ။
ဒီဇင်ဘာလကုန်ပိုင်းဖြစ်သော်လည်း ခရစ်ယာန်ဘာသာဝင် အများအပြားပါဝင်သော နယ်စပ်ဒေသတွင် နေထိုင်သူများမှာ ခရစ္စမတ်ပွဲတော်ကျင်းပနိုင်ခြင်း မရှိဘဲ စစ်ဘေးရှောင်နေရပြီး ကျည်ဆန်များက တိမ်းရှောင်သည့်နေရာအထိ လိုက်လာနေသည်။
ခရစ်ယာန်ဘာသာဝင် အများအပြားနေထိုင်သော ကယားပြည်နယ် ဖရူဆိုမြို့တွင် မော်တော်ယာဉ်များနှင့်အတူ မီးလောင်ထားသည့် အလောင်း ၃၀ ကျော်ကို ခရစ္စမတ်နေ့ နံနက်ခင်းတွင် ဒေသခံတို့ တွေ့လိုက်ရသည်။ တားဆီးစစ်ဆေးမှုကို ရပ်တန့်ရန် ငြင်းဆန်သော ဖရူဆိုမှ မော်တော်ယာဉ်များကို ပစ်ခတ်ခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)