ယမန်နေ့ (ဒီဇင်ဘာ ၂၀) မွန်းတည့်ချိန်တွင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (PDF) က စစ်ထရပ်ကား နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးသွားသည်ဟု သိရသည်။
ရိက္ခာတင်ကားနှစ်စီးကို ရွှေဘိုမြို့နယ်ဘက်မှ ဗျူဟာလမ်းအတိုင်းမောင်းနှင်လာစဉ် ခင်ဦးလမ်းဆုံအကျော်၊ အလယ်လျှိုကျေးရွာတောင်ဘက်၊ မောဟချောင်းတံတားအနီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ခင်ဦး PDF တာဝန်ခံတစ်ဦးက ပြောသည်။
“အတိအကျတော့ ၄ ယောက်ပဲ၊ ပိုရင်လည်းပိုမယ်။ ဒဏ်ရာရတဲ့သူတွေ သက်သက်ရှိသေးတယ်” ဟု ၎င်းက ဆိုသည်။
ကားတစ်စီး မိုင်းထိပျက်စီးသွားခဲ့သည့် ထိုနေရာသို့ ခင်ဦးမြို့နယ်ဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကား ၆ စီး၊ ဆိုင်ကယ် ၅ စီး ရောက်လာကာ အနီးအနားပတ်ဝန်းကျင်ကို ပစ်ခတ်ကြောင်း၊ လမ်းဆုံတွင် ကားနှင့် ဆိုင်ကယ်များကို စစ်ဆေးကြောင်း သူက ဆက်ပြောသည်။
“လမ်းဘေး တောထဲကို လျှောက်ပစ်တာပေါ့။ တဒိုင်းဒိုင်းနဲ့ စစ်ဆေးတာတွေတော့ ရှိတယ်။ အဖမ်းခံရတာ၊ အပစ်ခံရတာတွေတော့ မရှိဘူး” ဟု ဆိုသည်။
လက်ရှိတွင် မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားကြောင်း၊ စစ်ကောင်စီကို ထောက်ခံသည့် အရပ်ဝတ်လက်နက်ကိုင် (ပျူစောထီး) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဖြတ်သွားဖြတ်လာ ကား၊ ဆိုင်ကယ်များကို ငွေကြေးတောင်းခံနေကြောင်း ၎င်းထံမှ သိရသည်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်သည် စစ်တပ်က အာဏာသိမ်းပြီးချိန်မှ ယခုအထိ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်မှုအားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီက ဒေသခံများကို ပစ်ခတ်သတ်ဖြတ်သကဲ့သို့ ဒေသကာကွယ်ရေးအဖွဲ့များကလည်း ရရာလက်နက်ဖြင့် ခုခံတိုက်ခိုက်နေကြသည်။
ခင်ဦးမြို့နယ်အတွင်း ယမန်နေ့ လက်လုပ်မိုင်းဆွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးသတင်းအကျဉ်းချုပ်တွင် ထည့်သွင်းထုတ်ပြန်ထားသော်လည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)