သတင်း

ရဲကင်းစခန်းတိုက်ခိုက်ခံရသည့် မတ္တရာတွင် စစ်တပ်က စစ်ကြောင်းထိုး ရှာဖွေဖမ်းဆီးနေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ရဲကင်းစခန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် ယနေ့ (ဒီဇင်ဘာ ၂၀) နံနက်တွင် စစ်ကောင်စီတပ်က အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းသုံးကြောင်းခွဲကာ ကျေးရွာများအတွင်း လိုက်လံရှာဖွေစစ်ဆေးနေသည်ဟု ဒေသခံများထံမှ သိရသည်။ 

မတ္တရာမြို့အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာ ရုံးပင်ကျေးရွာရှိ ရဲကင်းစခန်းကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့တွင် ဝင်ရောက်တိုက်ခိုက်ကာ အဆောက်အအုံတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့သည်။ 

ယနေ့တွင် ရုံးပင်ရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ရှာဖွေနေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

“စစ်သားတွေ ရောက်ပြီး မကြာဘူး။ လူ၂၀ လောက်ကို ဖမ်းပြီး သူတို့နဲ့ခေါ်သွားတယ်။ လမ်းပြခိုင်းတာလိုလို ပြောပေမဲ့ ကျွန်တော်တို့ထင်တာတော့ လူသားဒိုင်းခေါ်သွားတာပဲ။ ဒီကောင်တွေ စစ်ကြောင်းတွေကို ပကဖတွေက ခဏခဏ (လက်လုပ်) မိုင်းဆွဲနေကြလို့လေ”ဟု ရုံးပင်ရွာအနီးအနားရှိ အခြားရွာတစ်ရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီက စစ်ကြောင်းများထိုးကာ ရှာဖွေစစ်ဆေးနေစဉ်အတွင်း ဒေသခံမည်မျှ ဖမ်းဆီးခံရသည်ကိုမူ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ယမန်နေ့က ရဲကင်းစခန်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ မတ္တရာမြို့ခံ အမျိုးသားတစ်ဦးက “အဲဒီရဲကင်းက ပုံမှန် ၁၅ ယောက်လောက် ထိုင်တဲ့စခန်း။ တိုက်ခိုက်ခံရတော့ ငါးယောက်လောက်ပဲ ရှိတယ်။ ညပိုင်းဆိုတော့ ရဲတွေက အရပ်ဝတ်တွေနဲ့ ထွက်ပြေးကြတာ”ဟု ပြောသည်။ 

ဆက်လက်၍ “ ထွက်ပြေးတာ သာမန်ရွာသားတွေ ထင်လို့ ပကဖတွေက လိုက်မပစ်ကြဘူး၊ ထွက်ပြေးတာက အရပ်ဝတ်ရဲတွေ။ စခန်းထဲမှာက ရဲမိသားစု အမျိုးသမီးတွေနဲ့ ကလေးတွေကျန်ခဲ့တယ်။ သူတို့ကို ဘေးက အဆောင်တစ်ခုမှာ ထိန်းသိမ်း၊ ရဲကင်းရဲ့ ပင်မအဆောက်အအုံကို မီးရှို့တယ်။ အဆောက်အအုံကို မီးရှို့ပြီးတော့ ရဲမိသားစုတွေကို ပြန်လွှတ်ပေးလိုက်တယ်”ဟု ၎င်းက ပြောသည်။

မတ္တရာမြို့နှင့် အနီးတစ်ဝိုက်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် စစ်ကောင်စီတပ်၏ ယာဉ်တန်းများ၊ ခြေလျင်စစ်ကြောင်းများကို ပြောက်ကျားနည်းဖြင့် မကြာခဏတိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း ကျေးရွာများကို ဝင်ရောက်စီးနင်းကာ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။ 

မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြီး စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်ခံရသဖြင့် သေဆုံးသူ အရပ်သားလေးဦးရှိပြီဖြစ်သည်။ 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဒီဇင်ဘာ ၁၂ တွင် အဖမ်းခံရသူ နာမှုကူညီရေးအသင်း အတွင်းရေးမှူး အသက် ၅၇ နှစ်အရွယ် ဦးသန်းမြင့်နှင့် ​​ဖမ်းဝရမ်းထုတ်ခံထားရသူ တူဖြစ်သူကို ဖမ်းမမိသဖြင့် နိုဝင်ဘာ ၁၂ က ဓားစာခံအဖြစ် ဖမ်းဆီးခံရသည့် ဦးလေးဖြစ်သူ အသက် ၃၃ နှစ်အရွယ် ဦးရဲအောင်တို့သည် အဖမ်းခံရပြီး ၂၄ နာရီအတွင်း သေဆုံးခဲ့သည်။ 

ထို့ပြင် နိုဝင်ဘာတတိယပတ်အတွင်း ​​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူ ​​သမဝါယမဦးစီးဌာန ဒုဦးစီးမှူး အသက် ၃၁ နှစ်အရွယ် ဦးရဲသူနိုင်နှင့် အောက်တိုဘာ ၆ က အသက် ၃၅ နှစ်အရွယ် ကျောင်းဆရာ ဦးသိန်းဇော်တို့သည် ဖမ်းဆီးခံရပြီး ရက်ပိုင်းအတွင်း သေဆုံးခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button