မန္တလေးမှ မတ္တရာမြို့နယ်ဘက်သို့ သွားရောက်မည့် ခရီးသည်များ၊ ဈေးသည်များကို စစ်ကောင်စီက စားသောက်ကုန်နှင့် လောင်စာဆီ သယ်ဆောင်မှု ကန့်သတ်လိုက်ကြောင်း ဒေသခံများက ပြောကြသည်။
လွန်ခဲ့သည့် ၃ ရက်ခန့်မှစ၍ မန္တလေးမြို့အထွက် ရွှေကျင်တိုးဂိတ်ကို ဖြတ်သန်းသည့် ကား၊ ဆိုင်ကယ်များတွင် စားသောက်ကုန်နှင့် လောင်စာဆီ ပါရှိပါက ကန့်သတ်၊ သိမ်းယူခံရသည်ဟု မတ္တရာဒေသခံ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
“ဆန်ဆို ၅ ပြည်၊ ဆီဆို ၅၀ သား၊ လောင်စာဆီဆိုလည်း နည်းနည်းပဲ သယ်ခွင့်ပြုတယ်။ မန္တလေးအထွက် တိုးဂိတ်မှာ (ရွှေကျင်ဂိတ်မှာ) အပြင်းအထန်စစ်ကြတယ်” ဟု ယင်းအမျိုးသမီးက ဆိုသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံစာပါရှိမှသာ အနည်းငယ်သယ်ဆောင်ခွင့်ပြုသည်၊ ထောက်ခံစာ မပါလျှင် ပစ္စည်းများသိမ်းယူ၊ ဆဲဆိုခြိမ်းခြောက်ကြသည်ဟု သူက ဆက်ပြောသည်။
စခန်းသိမ်းတိုက်ပွဲများ ဆက်တိုက်ဆင်နွှဲနေသည့် မတ္တရာဒေသတော်လှန်ရေးတပ်ဖွဲ့များကို ရိက္ခာဖြတ်တောက်လိုခြင်းကြောင့် ကန့်သတ်နေခြင်းဖြစ်ကြောင်း မတ္တရာဒေသခံများက ယူဆကြသည်။
ထိုကန့်သတ်မှုသည် မတ္တရာဒေသ စစ်ရှောင်ပြည်သူများနှင့် ဒေသခံများအပေါ် အကြီးအကျယ် သက်ရောက်မှုရှိသည်ဟု စစ်ရှောင်များကို ကူညီနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“သူတို့ကတော့ တော်လှန်ရေးအဖွဲ့တွေကို ရည်ရွယ်တာပေါ့။ မန္တလေးနဲ့ ကူးချည်သန်းချည် ဈေးသည်တွေလည်း အကုန် ဒုက္ခများသွားတယ်။ ပြည်သူတွေလည်း ဒုက္ခများတာပေါ့” ဟု ထိုအမျိုးသမီးက ပြောသည်။
“သူတို့လုပ်ပေးနေတဲ့ မြို့နယ်အုပ်ချုပ်ရေးရဲ့ထောက်ခံစာ ဆိုတာလည်း ငွေပေးလုပ်နေကြရတယ် ပြောတယ်။ ဒါပေမဲ့ မတ္တရာအရှေ့ပိုင်းနေရတဲ့ စစ်ရှောင်ပြည်သူတွေက တိုက်ပွဲဘက်တွေကို ဖြတ်ပြီး မြို့ပေါ်ကို သွားလုပ်ဆောင်ဖို့ရာက အဆင်မပြေနိုင်ဘူး၊ အခုအခြေအနေမှာလေ”
စစ်ကောင်စီလက်ထက်တွင် မကြာခဏ ကြုံတွေ့နေရသည့် စက်သုံးဆီရှားပါးမှုပြဿနာသည်လည်း မြို့ကြီးများနှင့် နိုင်ငံအနှံ့တွင် ကြုံတွေ့နေရပြီး လိုသလို ဝယ်ယူခွင့်မရသည့်အပြင် ဈေးနှုန်းလည်း အဆက်မပြတ်တက်နေသည်။
ထို့ပြင် စားသုံးဆီလည်း ပြတ်လပ်နေပြီး စစ်ကောင်စီ ညွှန်ကြားသည့် ဈေးဖြင့် အရှုံးခံ ရောင်းချရသည့် မြို့ကြီးများရှိ စူပါမားကက်များတွင်ပါ ရောင်းချမှု ရပ်ဆိုင်းနေကာ မှောင်ခိုဈေးကွက် ဖြစ်ပေါ်နေသည်။
ထိုအခြေအနေတွင် စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူများ ငွေကြေး၊ ရိက္ခာ၊ သတင်းအချက်အလက်နှင့် တပ်သားသစ် မရရှိစေရန် အဆိုပါလေးမျိုး ဖြတ်တောက်သည့် ဖြတ်လေးဖြတ်စစ်ဆင်ရေးကို မတ္တရာဒေသတွင် ကျင့်သုံးနေသကဲ့သို့ ဖြစ်လာသည်။
ရိက္ခာ စတင် ဖြတ်တောက်နေပြီး လောင်စာဆီကိုလည်း ကန့်သတ်ရန် ကြိုးပမ်းနေသည်။
ဖြတ်လေးဖြတ်ဆိုသည်မှာ ရန်သူ အထိနာစေရန် မြန်မာစစ်တပ် ကာလရှည်အသုံးပြုခဲ့သည့် နည်းလမ်းဖြစ်ပြီး ရခိုင်အပါအဝင် နေရာအနှံ့အပြား၌ စစ်ကောင်စီက ထိုနည်းလမ်းကို ဆက်လက် အသုံးပြုနေသည်။
မတ္တရာမြို့နယ်အခြေအနေနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်ကောင်စီသည် မတ္တရာအရှေ့ပိုင်းကျေးရွာများ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန်လည်း လုပ်ဆောင်နေသည်ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။
“အခု စစ်ရှောင်တွေပုန်းနေကြရတဲ့ အရှေ့ပိုင်းရွာတွေကို ဘက်ဟိုးတွေနဲ့ထိုးကော်၊ လမ်းတွေ ဖျက်ဆီး၊ တစ်နေရာနဲ့ တစ်နေရာ အလွယ်တကူ သွားလာလို့မရအောင်လည်း ဖြတ်တောက်ပစ်တယ်” ဟု သူက ပြောသည်။
လက်ရှိတွင် မတ္တရာမြို့နယ်အရှေ့ပိုင်းရွာများဖြစ်သည့် ကျောက်တံတားကျေးရွာ၊ ထန်းပင်ကုန်းကျေးရွာနှင့် သပြေကုန်းကျေးရွာများအနီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်အကျအဆုံးရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။
လွန်ခဲ့သည့် ၅ ရက်ခန့်က ကျောက်တံတားကျေးရွာတိုက်ပွဲအတွင်း လက်နက်ကြီးနှင့် လေကြောင်းရန်ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) ရဲဘော်တချို့သေဆုံးခဲ့သည်၊ မိုင်းမတော်တဆမှုကြောင့် MDY-PDF ရဲဘော် ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အထက်ပါ မတ္တရာဒေသခံအမျိုးသမီးက ဆိုသည်။
ထိုတိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကို မေးမြန်းနိုင်ရန် Myanmar Now က ဆက်သွယ်နေဆဲဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီက မတ္တရာမြို့နယ်မြို့အဝင် သပြေကုန်းကျေးရွာအနီး ဆီဒိုင်းကန်တွင် အင်အားဆယ်ဂဏန်း၊ ကျောက်တံတားကျေးရွာအထိုင်ချစခန်းတွင် အင်အား ၁၀၀၊ ထန်းပင်ကုန်းစာသင်ကျောင်းတွင် အင်အား ၁၀၀၊ ပုသိမ်ကြီးမြို့နယ် မြကန်သာကျေးရွာတွင် ဗိုလ်ချုပ်အဆင့်တစ်ဦး ဦးဆောင်ကာ အင်အားအများအပြားဖြင့် အထိုင်ချခံစစ်ပြင်ထားကြောင်း ဒေသခံများက ပြောသည်။
ဇွန်၂၅ ရက်မှစတင်ကာ MDY-PDFနှင့် မဟာမိတ်များက မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း ထိုးစစ်ဆင်နေခြင်းသည်။
တော်လှန်ရေးအင်အားစုက မတ္တရာမြို့နယ်မှ စခန်း ၃၂ ခု၊ ပုသိမ်ကြီးမြို့နယ်မှ Alpha ဘိလပ်မြေစက်ရုံရှိကင်းစခန်း၊ စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမောင်ကို ပိုင်ဆိုင်သည့် ဖယောင်းတောင်ရွှေတွင်းတို့ကို သိမ်းပိုက်ထားကာ လက်ရှိအချိန်ထိ ထိန်းချုပ်ထားဆဲဖြစ်သည်။