သတင်း

ထိုင်းဘက်ခြမ်း မြန်မာစစ်ရှောင်များ ခိုလှုံရာနေရာတွင် ဝမ်းပျက်ဝမ်းလျှောဖြစ် 

စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း၊ မဲဆောက်မြို့နယ်အတွင်း ထောင်နှင့်ချီသော မြန်မာစစ်ဘေးရှောင်များ ခိုလှုံရာနေရာတွင် လူ ၃၀၀ ကျော် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေသည်ဟု သိရသည်။ 

ဝမ်းပျက်ဝမ်းလျှောဖြစ်နေသူများကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူ ဆရာဝန်တစ်ဦးက ကုသပေးနေပြီး၊ ယမန်နေ့ (ဒီဇင်ဘာ ၁၉) တစ်ရက်တည်း၌ပင် ကလေးငယ်များအပါအဝင် ဖျားနာနှင့် ဝမ်းပျက်ဝမ်းလျှောဖြစ်နေသူ ၅၀ ကျော်ရှိကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ထိုင်းအစိုးရတာဝန်ရှိသူများက ဝမ်းပျက်ဝမ်းလျှောနှင့် ဖျားနာသူများကို ခေါ်ယူရာတွင် လူဦးရေ ၃၀၀ ခန့်ရှိကြောင်း၊ ဆေးကုသခွင့်ရရန် တန်းစီစောင့်ဆိုင်းနေကြသည်ဟု အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ရောက်ရှိနေသူ အထက်ပါ အမျိုးသမီးက ပြောသည်။ 

“ဒီနေ့မနက် ဝမ်းသွားတဲ့သူတွေကို ခေါ်တယ်။ တစ်နေ့ကို နှစ်ခါသွားတဲ့သူ၊ သုံးခါသွားတဲ့သူတွေကို လက်ညှိုးထောင်ခိုင်းတယ်။ သူတို့ ဆေးပေးမယ်ပေါ့။ ထမင်းထုပ်ကို သိုးနေရင် မစားနဲ့တဲ့။ ကျန်ရင်လည်း မထားနဲ့လို့ ပြောသွားတယ်” ဟု ၎င်းကိုယ်တိုင် နေထိုင်မကောင်းဖြစ်နေသည့် အထက်ပါ အမျိုးသမီးက ပြောသည်။

မြန်မာနိုင်ငံဘက်ခြမ်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လေးကေ့ကော်မြို့သစ်၊ မဲထော်သလေး၊ ပဟိကလော်၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူ စသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ဒေသခံများသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်ကတည်းက ထိုင်း – မြန်မာ နယ်စပ်ရှိ ဖလူးကြီး၊ ဖလူးလေး စသည့် ကျေးရွာများနှင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဘက်ခြမ်းတွင် ရောက်ရှိခိုလှုံနေသည့် မြန်မာစစ်ရှောင် ၃၀၀၀ ကျော်အတွက် အမျိုးသမီးအိမ်သာ ၈ လုံး၊ အမျိုးသားအိမ်သာ ၈ လုံးသာရှိသည်ဟု အထက်ပါ စစ်ဘေးရှောင်အမျိုးသမီးက ပြောသည်။

“ကလေးလူကြီးအကုန်လုံး ဝမ်းလျှောနေတာ။ ကျွေးတဲ့အစားအစာကြောင့်လား။ ဒါမှမဟုတ်ရင် တချို့တွေက တအားသွားချင်တော့ အပြင်မှာပဲ စွန့်ကြတာတွေရှိတယ်။ လက်မဆေးတာတွေကြောင့်လား….မနေ့က ၅၀ ကျော်ရှိတယ်” ဟု ၎င်းက ပြောသည်။ 

ထိုင်းတာဝန်ရှိသူများက ရွက်ဖျင်တဲများနှင့် မိုဘိုင်းအိမ်သာများ ဆောက်လုပ်ပေးရန် ပြင်ဆင်နေပြီး ကျန်းမာရေးဝန်ထမ်းနှင့် ဆေးဝါးများ လာရောက်ပံ့ပိုးပေးနေသော်လည်း လိုအပ်နေဆဲဖြစ်သည်ဟု ဆိုသည်။ 

စစ်ရှောင်လာသူအများစုမှာ ကျန်းမာရေးကိစ္စအတွက် လက်ရှိတွင် CDM ဆရာဝန်တစ်ဦးကိုသာ အားထားနေရသည်ဟုလည်း အထက်ပါ စစ်ဘေးရှောင်အမျိုးသမီးက ဆက်ပြောသည်။ 

“အမတို့နဲ့ အတူတူပါလာတဲ့ CDM ဆရာဝန်တစ်ယောက်ရှိတယ်။ ရောက်ရောက်ချင်းနေ့မှာပဲ ပြောပြထားတော့ သူ့ကို ဝိုင်းပြီးပြကြတယ်။ ရှိသမျှလူ နှစ်ထောင်ကျော်၊ သုံးထောင်လောက်ကို ပြသမျှဟာကို သူ ထမင်းလည်းမစားရ၊ ညဘက်လည်း ညဉ့်နက်မှ အိပ်ရ၊ ရေမချိုးဘဲ ကုပေးနေရတာ” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံဘက်ခြမ်းတွင် ခိုလှုံနေသော မြန်မာစစ်ဘေးရှောင်အရေအတွက်နှင့် လက်ရှိကျန်းမာရေးအခြေအနေများ သိရှိနိုင်ရေး ထိုင်းတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။ 

ထိုင်းနိုင်ငံဘက်ခြမ်း ကူးလာနိုင်ခြင်း မရှိသေးသည့် မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကမ်းဘေးရှိ ထောင်နှင့်ချီသော စစ်ဘေးရှောင်များမှာလည်း ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေသည်ဟု ထိုနေရာတွင် ရောက်ရှိနေသည့် အသက် ၆၀ ဝန်းကျင် စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။

“အိမ်သာ မလုံလောက်ဘူး။ စုစုပေါင်းမှ သုံးလုံးပဲရှိတယ်။ လူဦးရေ ၄၀၀၀ စာကို အိမ်သာသုံးလုံးဆိုတော့ တန်းစီနေရတယ်။ အခက်အခဲအကြီးမားဆုံးက နံပါတ်တစ် အိမ်သာပြဿနာ၊ နံပါတ်နှစ်က ရေပြဿနာ၊ ဟိုဘက်ကမ်းက ရေသန့်တွေ လာပို့ပေမဲ့ လူက များတော့ ချွေတာသောက်နေရတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သောင်ရင်းမြစ်ကို ဖြတ်လျက် ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေးတိမ်းရှောင်နေသော မြန်မာစစ်ဘေးရှောင်များကို ယမန်နေ့ (ဒီဇင်ဘာ ၁၉) ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – KIC) 

ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် မြန်မာဘက်ခြမ်းရှိ စစ်ဘေးရှောင်များ ယာယီခိုလှုံနေရာအနီးသို့ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်သဖြင့် ရာနှင့်ချီသော စစ်ဘေးရှောင်များ သောင်ရင်းမြစ်ကို ဖြတ်ကာ ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေးတိမ်းရှောင်ကြရသည်။ 

လူမှုကွန်ရက်တွင် တွေ့ရှိရသော ရုပ်သံမှတ်တမ်းများနှင့် ဓာတ်ပုံများအရ သောင်ရင်းမြစ်ကို ခြေလျင်ဖြတ်ကူးနေသော မြန်မာစစ်ဘေးရှောင်များကို အစုလိုက်အပြုံလိုက် တွေ့ရသည်။ 

ထိုင်း – မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့တောင်ဘက်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ လေးကေ့ကော်မြို့သစ်တွင် ခိုလှုံနေသော CDM လှုပ်ရှားမှုတွင် ပါဝင်နေသူများနှင့် လွှတ်တော်အမတ်အချို့ကို အာဏာသိမ်းစစ်ကောင်စီက ဒီဇင်ဘာ ၁၄ ရက်တွင် အတင်းအကျပ်ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှ KNU ဦးဆောင်သော ပူးပေါင်းတပ်များနှင့် တိုက်ပွဲများစတင်ခဲ့ခြင်း ဖြစ်သည်။​

ယမန်နေ့တွင် လေးကေ့ကော်မြို့သစ်အနီးရှိ မေတ္တာလင်းမြိုင်နှင့် မဲထော်သလေးရွာများအနီးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ညနေပိုင်းအထိ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်နေသည်ဟု သိရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button