
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၁၉) နံနက်ပိုင်းက စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု ဒေသခံနှစ်ဦးထံမှ သိရသည်။
ရွှေပြည်သာမြို့နယ် ၉ ရပ်ကွက် ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းနိုင်ဆိုသူကို ဏကြီးကွေ့မှတ်တိုင်အနီးတွင် မည်သူမည်ဝါ မသိရသူနှစ်ဦးက သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်သည်ဟု ရပ်ကွက်သားတစ်ဦးက Myanmar Now ကို ပြောသည်။
“အပစ်ခံရပြီး ဆေးရုံကားတွေ ရောက်လာတယ်။ ဘယ်လိုပစ်သွားလဲဆိုတာတော့ သေချာမပြောတတ်ဘူး။ သေနတ်နဲ့ပစ်သွားတာ။ ဆေးရုံကားတွေ ရောက်လာပြီး ခေါ်သွားတယ်။ ခေါ်သွားပေမဲ့ အသက်ပါမသွားဘူး။ ဖြစ်ပြီး သိပ်မကြာဘူး၊ ဏကြီးကွေ့နားမှာ ပိတ်ပြီးစစ်နေတယ်” ဟု ၉ ရပ်ကွက်အနီးတွင် နေထိုင်သူက ဆိုသည်။
အလားတူ အခြားရွှေပြည်သာမြို့နယ်ဒေသခံတစ်ဦးကလည်း ဦးဝင်းနိုင်ကို ဏကြီးကွေ့အနီး၌ ဆိုင်ကယ်ဖြင့် လာပစ်သွားခြင်းဖြစ်ကာ လမ်းပေါ်တွင် မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို မြင်တွေ့ခဲ့ရသည်ဟု ဆိုင်ကယ်ကယ်ရီသမားတစ်ဦးထံမှ သိရပုံကို ပြောပြသည်။
အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ပစ်သတ်ခံရပြီးနောက် စစ်တပ်က ကားနှစ်စီးဖြင့် ရောက်လာကာ ဏကြီးကွေ့ကားမှတ်တိုင်တစ်ဝိုက်ကို ပိတ်ဆို့စစ်ဆေးလျက်ရှိပြီး ဆိုင်ကယ်နှစ်စီးကို ထိန်းသိမ်းထားသည်ဟု အထက်ပါအမျိုးသားက ပြောသည်။
“ဆိုင်ကယ်နှစ်စီးကတော့ အဖမ်းခံရတယ်။ ဆိုင်ကယ်ပဲ အဖမ်းခံရတာ။ လူမပါဘူး။ ဖြစ်ပြီးတော့ အဲဒီဘက်ကို သိပ်မသွားကြတော့ဘူး” ဟု ၎င်းက ဆိုသည်။
ဦးဝင်နိုင်အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်၏ ပိတ်ဆို့စစ်ဆေးနေမှုများကြောင့် ရပ်ကွက်အတွင်းရှိ ဆိုင်ကယ်ကယ်ရီသမားများမှာ လမ်းမပေါ်ထွက်မမောင်းရဲဘဲ တိမ်းရှောင်နေရသည်ဟု ဒေသခံအချို့ထံမှ သိရသည်။
သေနတ်ဖြင့် အနီးကပ်လုပ်ကြံခံရသူ ဦးဝင်နိုင်မှာ ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်တွင် ဒုအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခံရသူဖြစ်ကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် ရွှေပြည်သာဒေသခံသုံးဦးက အတည်ပြုသည်။
“သူက ရပ်ကွက်ထဲမှာ စွာကျယ်စွာကျယ်ပုံစံရှိတယ်။ လူမုန်းများတယ်။ တော်လှန်ရေးကာလထဲမှာ သတင်းပေးမှုရှိလား၊ မရှိလား စုံစမ်းရခက်တယ်။ ၉ ရပ်ကွက်မှာ တော်လှန်ရေးလှုပ်ရှားမှုနည်းတယ်။ အဲဒါကြောင့် သူက တကယ်သတင်းပေးလုပ်တာလား၊ မလုပ်တာလား နည်းနည်းခက်တယ်”ဟု ရွှေပြည်သာမြို့နယ်ရှိ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် လုပ်ကြံခံရခြင်းနှင့် ပတ်သက်၍ ၎င်း၏ မိသားစုဝင်များနှင့် စစ်ကောင်စီတာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူများကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် ရာနှင့်ချီသော အရပ်သားပြည်သူများ သေဆုံးပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီက ရရာလက်နက်စွဲကိုင် ခုခံတော်လှန်မှုများ ပေါ်ပေါက်ခဲ့သည့်နည်းတူ စစ်ကောင်စီ၏ ဒေါက်တိုင်များဖြစ်သည့် အုပ်ချုပ်ရေးမှူးလုပ်ကြံသတ်ဖြတ်ခံရမှုများလည်း ဆက်တိုက်ပေါ်ပေါက်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)