ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်တွင် ယမန်နေ့(ဒီဇင်ဘာ ၁၆)က ဖြစ်ပွားသည့်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၈ ဦးသေဆုံးပြီး ၈ ဦးကို ဖမ်းမိထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်မြေပြင်သတင်းနှင့် ပြန်ကြားရေး (တောင်ပိုင်းတိုင်း) က သတင်းထုတ်ပြန်သည်။
ဖမ်းမိထားသူများအနက် ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) မှ ၂ ဦးပါဝင်သည်ဟု NUG ၏ Public Voice Television (PVTV) က ယနေ့ (ဒီဇင်ဘာ ၁၇) နံနက်ပိုင်းအချိန် ထုတ်ပြန်ချက်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။
ထုတ်ပြန်ထားသည့် ဓာတ်ပုံများအရ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခြေလျင်တပ်ရင်း(၂၇၅) တပ်မှ ၆ ဦးပါဝင်ကြောင်း တွေ့ရကာ စစ်တပ်ထုတ် MA အမျိုးအစား ရိုင်ဖယ် ၆ လက်၊ M 16 ရိုင်ဖယ် ၂ လက် အပါအဝင် ကျည်အိမ်နှင့် ကျည်ဆန်များပါ သိမ်းမိထားသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆ နယ်မြေအတွင်း တစ်နိုင်ငံလုံးပစ်ခတ်မှုရပ်စဲရေးစာချုပ် (NCA) အရ ထူထောင်ထားသည့် လေးကေ့ကော်မြို့သစ်ကို ဒီဇင်ဘာ ၁၄၊ ၁၅ ရက်တွင် စစ်ကောင်စီတပ်က ဝင်ရောက်ကာ ၎င်းတို့အလိုရှိသူများကို ဖမ်းဆီးခဲ့သဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း KNU က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၁၅ ရက်အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၄ ဦးသေဆုံးကာ ဒုဗိုလ်မှူးကြီးအပါအဝင် ၄ ဦးဒဏ်ရာရသည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ယမန်နေ့ (ဒီဇင်ဘာ ၁၆) နံနက် ၁၀ နာရီခန့်တွင် မြဝတီမြို့မှ လေးကေ့ကော်ဘက်သို့ စစ်ကူလိုက်လာသည့် စစ်ကောင်စီတပ်၊ BGF ပူးပေါင်းအဖွဲ့တို့ကို မဲထော်သလေးရွာအနီး ထပ်မံတိုက်ခိုက်ခဲ့ကြောင်း KNU က ဆိုသည်။
“ကျွန်တော်တို့ သိသလောက်တော့ စစ်ကောင်စီက အကျအဆုံးတွေ တော်တော်များတယ်။ နောက်ပြီး ဖမ်းမိတဲ့သူတွေလည်း အများကြီးပဲ။ အဲဒါတော့ သေချာတယ်၊ အတိအကျပဲ” ဟု မဲထော်သလေးရွာအနီးတိုက်ပွဲအတွင်း KNLA ဘက်မှ ပူးပေါင်းပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မဲထော်သလေးတိုက်ပွဲအတွင်း ၎င်းတို့ဘက်မှ ပျောက်ဆုံးနေသူ ၂ ဦးခန့်၊ တိုက်ပွဲများအတွင်း ပြင်းထန်ဒဏ်ရာရသူအချို့နှင့် သေဆုံးသူ ၁ ဦးရှိနိုင်သည်ဟုသာ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီသတင်းဌာနကို မရေမရာပြောထားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းပြောသည့် ပျောက်ဆုံးစစ်သည်အင်အားမှာ NUG က ထုတ်ပြန်သည့် ဖမ်းဆီးရမိသူစာရင်းအတွင်း ပါဝင်ခြင်းရှိမရှိ သီးခြားအတည်မပြုနိုင်သေးပေ။
ထို့အတူ လေးကေ့ကော်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရှိနေဆဲဖြစ်ကာ လုံခြုံရေးအရ ဆက်လက်စိစစ်နေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောထားသည်။
လေးကေ့ကော်အတွင်း စစ်ကောင်စီတပ်ရှိနေသေးသည်ကို NUG က ထုတ်ပြန်ချက်တွင် ထည့်သွင်းအသိပေးထားသော်လည်း မည်သို့ဆက်လက်လုပ်ဆောင်မည်ကိုမူ တာဝန်ရှိသူများထံ မေးမြန်း၍ မရသေးပါ။
ထိုတိုက်ပွဲများကြောင့် လေးကေ့ကော်ဒေသခံ ၄၀၀၀ ကျော် စစ်ရှောင်နေရပြီး အချို့မှာ ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်နေရသည်ဟု KNU ထုတ်ပြန်ချက်က ဆိုသည်။
လေးကေ့ကော်စစ်ရှောင်များအရေးကူညီနေသူတစ်ဦး၏ အဆိုအရ ယနေ့ (ဒီဇင်ဘာ ၁၇) နံနက်တွင် လေးကေ့ကော်မှ စစ်ရှောင် ၂၀၀၀ ခန့် ထိုင်းနယ်စပ် သောင်ရင်းမြစ်အနီးသို့ တိမ်းရှောင်ခဲ့ရကာ နောက်ထပ် ၄၀၀၀ ခန့် ဆက်လက်ရွှေ့ပြောင်းနိုင်ရန် ပြင်ဆင်နေသည်ဟု သိရသည်။
“တိုက်ပွဲက နယ်စပ်မှာဖြစ်တာဆိုတော့ တောင်ဘက်အရပ်ကို ရွှေ့ပြီးတော့ ကူးရမဲ့သဘောရှိတယ်၊ နယ်စပ်မှာ သွားနေဖို့ပေါ့” ဟု ၎င်းက ပြောသည်။
စစ်ရှောင်စာရင်းတွင် လေးကေ့ကော်မြို့ပေါ်ရပ်ကွက်များအပြင် အနီးအနားရှိ ရသေ့ဂူ၊ ထီးမယ်ဝါးခီး၊ မဟိကလော်စသည့် ရွာများပါ ပါဝင်လာသည့်အတွက် စစ်ရှောင်စုစုပေါင်း ၈၀၀၀ ခန့်ရှိလာနိုင်ကြောင်း ထိုသူက ခန့်မှန်းသည်။
ထိုသူများထဲမှ ၂၀၀ ခန့်မှာ ယမန်နေ့(ဒီဇင်ဘာ ၁၆) တွင် ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်နိုင်ခဲ့သည်ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
ဒေသတွင်းစစ်ရေးအခြေအနေမှာ တင်းမာနေဆဲဖြစ်ပြီး ယနေ့ (ဒီဇင်ဘာ ၁၇) နံနက်ပိုင်းတွင် မြဝတီနှင့် လေးကေ့ကော်အတွင်းရှိ စစ်ကောင်စီတပ်စခန်းအချို့က မဲထော်သလေးကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် လှမ်းပစ်နေသည်ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့လူတွေရှိတဲ့နေရာကို မှန်းပြီး သူတို့စိတ်ထဲရှိတဲ့နေရာ ထင်တဲ့နေရာတွေကို လှမ်းပစ်တာ၊ မဲထော်သလေးဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ အခုလက်ရှိ ကျွန်တော်တို့မြင်နေရတာကတော့ သူတို့ပစ်တာကြောင့်ပဲ မီးခိုးတွေတလူလူဖြစ်နေတာ” ဟု ၎င်းက ပြောသည်။
လေးကေ့ကော်မြို့နယ်အတွင်း စစ်ရှောင်ဒေသခံတစ်ဦး၏ အဆိုအရ လက်နက်ကြီးသံများမှာ ယနေ့ နံနက် ၉ နာရီခန့်မှ စတင်ကြားနေရကြောင်း သိရသည်။
“လေးကေ့ကော်ကို ပစ်လိုက်၊ မဲထော်သလေးဘက်ကို ပစ်လိုက်နဲ့ အဲ့လိုပစ်တာဖြစ်နိုင်တယ်။ ဘာလို့ဆို အသံက နီးလိုက်ဝေးလိုက်နဲ့ ကျွန်မတို့ဆီကနေ ကြားနေရတယ်။ အခု ဖုန်းပြောနေရင်းနဲ့ကို နှစ်ခါရှိပြီ ကြားနေရတာ” ဟု ၎င်းက နံနက် ၁၁ နာရီခန့်တွင် ပြောသည်။
လေးကေ့ကော်မြို့မှာ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ၂၀၁၅ ခုနှစ်အတွင်းက တည်ဆောက်ထားသည့် ငြိမ်းချမ်းရေးအထိမ်းအမှတ်မြို့ဖြစ်ပြီး ဒေသလုံခြုံရေးနှင့် အုပ်ချုပ်ရေးကို KNU က တာဝန်ယူထားသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပါဝင်နေသူများ ခိုလှုံနေထိုင်နေသည်ဟု စစ်ကောင်စီတပ်က ယူဆပြီး ဒီဇင်ဘာ ၁၄ တွင် အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့သည်။
ဧရာဝတီတိုင်း၊ မြောင်းမြလွှတ်တော်အမတ် ဦးဝေလင်းအောင် အပါအဝင် လူ ၃၀ ထက်မနည်း ဖမ်းဆီးခံရသည်ဟု ကြားသိရသော်လည်း ယနေ့အထိ အများအပြားထွက်ပြေးနေကြဆဲဖြစ်သောကြောင့် ဖမ်းဆီးခံရသူများ၏ အရေအတွက်နှင့် အခြေအနေကို သီးခြားအတည်မပြုနိုင်သေးပေ။
လေးကေ့ကော်မြို့အတွင်း စစ်ကောင်စီတပ်၏ ဝင်ရောက်ဖမ်းဆီး၊ နှောင့်ယှက်ဖျက်ဆီးမှုများသည် ငြိမ်းချမ်းရေးကို ဖျက်ဆီးခြင်းနှင့်အတူ လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်ခြင်းလည်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)