အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

NUG တရားရေးဝန်ကြီး၏ မန္တလေးမြို့နေအိမ် ချိပ်ပိတ်ခံရ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီး ဦးသိန်းဦး၏ မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ နေအိမ်ကို ယမန်နေ့ (ဒီဇင်ဘာ ၁၅) တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စီးနင်းဝင်ရောက်ပြီး ချိပ်ပိတ်သွားသည်။

နေ့လယ် ၁၁ နာရီခန့်တွင် သံလျက်မော်အနောက်၊ ၄၂ လမ်း (လမ်း ၉၀ နှင့် ၉၁/ B လမ်းကြား) အရာတော်ရပ်ကွက်ရှိ နေအိမ်ကို ရဲနှင့် စစ်သား အင်အား ၂၀ ကျော်ခန့်က အိမ်စီးကားများဖြင့် ရောက်ရှိလာပြီး အိမ်တံခါးများ ရိုက်ချိုးကာ ၄၅ မိနစ်ခန့်ကြာ ဝင်ရောက်ရှာဖွေသည်ဟု ထိုရပ်ကွက်မှ လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ရောက်ရောက်ချင်း သော့တွေဖျက်တယ်။ ဖျက်ပြီး အိမ်ထဲကို အကုန်ရှာတာပေါ့။ လမ်းတွေပိတ်ထားတယ်။ ပိတ်ထားပြီးတော့ သော့တွေဖျက်ဝင်တယ်။ ပြီးတော့ အပြင်ကနေ သော့တွေ ပြန်ခတ်သွားတယ်” ဟု ၎င်းက ဆိုသည်။

ဦးသိန်းဦး၏ ပေ ၄၀ ပတ်ချာလည် နှစ်ထပ်တိုက်နေအိမ်ကို စစ်ကောင်စီက ၃ ကြိမ်မြောက် လာရောက်ရှာဖွေခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အရင်တုန်းကတော့ ဓာတ်ပုံတွေဘာတွေ လာရိုက်တယ်။ ကား၂ စီးလောက်။ ၂ ခါလောက်ကို (ဓာတ်ပုံ) လာရိုက်တယ်။ အခုကတော့ ချိပ်ပိတ်သွားတာပေါ့”ဟု ထိုအမျိုးသားက ပြောသည်။ 

ထိုနေအိမ်တွင် မည်သူမျှရှိမနေကြောင်း NUG တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဦးက Myanmar Now ကို ယနေ့နံနက်တွင် ပြောသည်။

“အိမ်က သော့ခတ်ထားတာဗျာ။ လူမနေတာလည်း ကြာပြီပေါ့နော်။ အဲဒါကို သူတို့ အတင်းအဓမ္မ တံခါးတွေဖျက်ပြီး အပေါ်ထပ်တွေရော၊ အောက်ထပ်တွေရော ဝင်ပြီးတော့ မွှေနှောက်ပြီးတော့ သူတို့လိုချင်တာတွေ ယူသွားတယ်” ဟု ဦးသိန်းဦးက ဆိုသည်။

“အရင်တုန်းက ကျွန်တော်တစ်ယောက်ပဲ နေတာဗျာ။ ကျွန်တော်က ဒီဘက်ကို ထွက်လာတဲ့အခါကျတော့ အိမ်မှာ ဘယ်သူမှမရှိဘူး” 

စစ်ကောင်စီ အာဏာသိမ်းထားသရွေ့ ဤဖြစ်ရပ်မျိုး နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေမည်ဟု သူက ဆက်ပြောသည်။

“ဒီလိုဟာမျိုးတွေ နောက်ထပ် ထပ်မဖြစ်ဖို့၊ ထပ်ပြီးတော့ မခံစားရဖို့အတွက် ဒီလိုလုပ်တဲ့လုပ်ရပ်တွေရဲ့ အဓိကတရားခံဖြစ်တဲ့ စစ်အာဏာရှင်စနစ်ပေါ့။ လက်တွေ့အားဖြင့်ဆိုရင်တော့ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်အုပ်စုကို ကျွန်တော်တို့က အပြတ်ရှင်းမှရမယ်။ ကျွန်တော်တို့နဲ့အတူ ပြည်သူတွေ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဦးသိန်းဦးက ဆိုသည်။ 

မန္တလေးဇာတိ ဝန်ကြီးဦးသိန်းဦးသည် ရန်ကုန်တက္ကသိုလ်ကို ၁၉၇၃ မှ ၁၉၇၈ အထိ တက်ရောက်ခဲ့သည်။ ၁၉၇၇ နှင့် ၁၉၇၈ ခုနှစ်တွင် (BA Law) နှင့် (LLB) ဥပဒေဘွဲ့များ ရရှိကာ မန္တလေးတွင် ရှေ့နေအဖြစ် လုပ်ကိုင်နေရာမှ ၁၉၈၈ လူထုအုံကြွမှုအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသို့ အစောဆုံးဝင်ရောက်ခဲ့သူတစ်ဦး ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် မန္တလေးအနောက်တောင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ အနိုင်ရပြီးနောက် ထိုစဉ်က စစ်အစိုးရ၏ ရန်ကြောင့် ပြည်ပသို့ တိမ်းရှောင်ခဲ့သူဖြစ်သည်။ လတ်တလောတွင်လည်း ဦးသိန်းဦးသည် ပြည်ပတွင် ရောက်ရှိနေသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၁ နိုဝင်ဘာလကုန်အထိ NLD ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်းရံသူများ၏ နေအိမ်နှင့် အဆောက်အအုံများကို ဥပဒေမဲ့ဝင်ရောက်၍ ပစ္စည်းများ ယူဆောင်ခြင်း၊ ဖျက်ဆီးမီးရှို့ခြင်းများ ကျူးလွန်နေကြောင်း NLD ဗဟိုအလုပ်ကော်မတီ (CWC) က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ နေအိမ်ချိပ်ပိတ်ခံရသူ NLD ပါတီမှ ၅၇ ဦးအထိ ရှိသည်ဟု ထိုကော်မတီက ဆိုသည်။

ဒေသအသီးသီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၊ CRPH နှင့် NUG တို့ကို ထောက်ပံ့နေသည်ဟူသော စွပ်စွဲချက်ဖြင့် ပြည်သူများ၏ နေအိမ်များကိုလည်း စီးနင်းဝင်ရောက် ချိပ်ပိတ်နေသည်။ 

နေအိမ်ချိပ်ပိတ်ခံရသူများထဲမှ အများအပြားမှာ မိသားစုဝင်များ ဖမ်းဆီးနှိပ်စက်ခံရမှုနှင့် ရင်ဆိုင်နေရသည်ဟု ဝန်ကြီးက ထောက်ပြသည်။

“ကျွန်တော်တို့ထက်ဆိုးတဲ့လူတွေက အများကြီးပဲ၊ အကုန်လုံးခံစားနေရတာ။ ကိုယ့်လူတွေကို ခဏခဏ မျက်ရည်သုတ်ခဲ့ရပြီးပြီ၊ မတုန်လှုပ်တော့ဘူး” ဟု NUG ၏ တရားရေးဝန်ကြီးက ဆိုလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button