ပညာရေးမေးမြန်းခန်း

“ဘိန်းစိုက်ပေမယ့် ဆင်းရဲသည်ထက် ဆင်းရဲလာတယ်” (အင်တာဗျူး)

တအာင်းဒေသ၏ ပညာရေး နှင့် ဒေသခံတို့အကြောင်းကို အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးက ပြောပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်း ခေါ် ပလောင်တိုင်းရင်းသားတို့ နေထိုင်သည့် ဒေသတွင် အခြေစိုက်သည့် တအာင်းပညာရေး အင်စတီကျု TEI သည် ဒေသတွင်း ပရဟိတကျောင်း ၁၆ဝ ကျော် ဖွင့်လှစ်ထားရာ ထိုကျောင်းများတွင် လူမျိုးဘာသာမရွေး တက်ရောက်ပြီး မူလတန်းပညာ သင်ယူနိုင်သည်ဟု သိရသည်။

မကြာသေးခင်က တွေ့ဆုံမေးမြန်းရာတွင် ထိုအဖွဲ့၏ အတွင်းရေးမှူး လွေးချယ်ရီက ပညာရေး အပါအဝင် ဒေသတွင်း အခြေအနေများကို ပြောပြထားသည်။

Myanmar Now – ဒီဘက်မှာ ပညာရေး အရေးတကြီး လိုအပ်နေတာ ဘာကြောင့်လဲ။

– မိုင်းယော် (မြို့နယ်) ဘက်မှာဆိုရင် တော်တော်များများက ဘိန်းစိုက်ကြတယ်။ ဒါပေမယ့် လုံးဝကို ဆင်းရဲတယ်။ ပုံမှန်အားဖြင့် ဘိန်းစိုက်တယ်ဆိုရင် သူဌေးဖြစ်ရမှာပဲလေ၊ ဘာလို့ဆင်းရဲနေကြလဲ ဆိုတော့ ပညာမတတ်လို့ပေါ့။ သူတို့က ဘိန်းစိုက်တယ်၊ ဟုတ်တယ်။ သူတို့ကို အခွန်လာကောက်တဲ့ အဖွဲ့အစည်းတွေကလည်း အရမ်းများတယ်၊ သူတို့ ပြန်မပြောရဲဘူး၊ ဘယ်အဖွဲ့က ဆိုတာကိုလည်း မသိဘူး။ ဘိန်းကလည်း တရားမဝင် ဆိုတော့ ကြောက်စိတ်ပဲရှိတာ၊ ပြီးတော့ ရောင်းတဲ့အချိန်မှာလည်း စာမတတ်တော့ မတွက်တတ်ဘူး၊ ဒီတော့ အလိမ်ခံရတယ်။ ဘိန်းစိုက်ပေမယ့် ဆင်းရဲသည်ထက် ဆင်းရဲလာတယ်။ ဒါဟာ ပညာရေး ဘယ်လောက်လိုအပ်နေပြီလဲ ဆိုတာရဲ့ ပြယုဂ်ပဲ။

Myanmar Now – ရှမ်းနဲ့ တအာင်း လက်နက်ကိုင်နှစ်ဖွဲ့ တိုက်ခိုက်ကြတာကြောင့် ဒေသခံတွေ ဆက်ဆံရေးပျက်ခဲ့တယ်လို့ သိရတယ်။ ဒီအခြေအနေမှာ ရှမ်းရွာတွေထဲ ကျောင်းသွားဆောက်တော့ အခက်အခဲဖြစ်တာတွေ ရှိလား။

– ရှမ်းနဲ့ တအာင်းဆိုတာက ဟိုးဘိုးဘွားဘီဘင်ကတည်းက အတူတကွ နေထိုင်လာခဲ့တယ်။ ဒီတော့ ကျွန်မတို့လုပ်တဲ့ ပညာရေးလှုပ်ရှားမှုတွေမှာ ရှမ်းမို့လို့၊ တအာင်းမို့လို့ဆိုတဲ့ အခက်အခဲတွေ မရှိပါဘူး။ ကျွန်မတို့က အရမ်း နည်းနည်းလေးကိုပဲ လုပ်ပေးနိုင်သေးတာပါ။ ဒီနှစ်စတဲ့ ဘက ကျောင်း (ဘုန်းတော်ကြီးသင် ပညာရေးကျောင်း) ဆိုရင် (လူဦးရေ) ၅ဝဝ-၆ဝဝ လောက်ပဲ ကျွန်မတို့ ကူညီနိုင်သေးတယ်။ တကယ်က တစ်နှစ် တစ်နှစ်ကို ကျွန်မတို့တောင်ပေါ်က ကလေးတွေ ထောင်ချီပြီးတော့မှ အောက်ပိုင်းကို ဆင်းနေကြတာ။
– ဘာလို့ အဲဒီလို ဆင်းနေကြတာလဲ။

– အထူးသဖြင့် ဘုန်းကြီးတွေ။ ဘုန်းကြီးတွေက ဒီကိုရောက်လာတဲ့အခါမှာ ဒီကဘုန်းကြီးအသိတွေနဲ့ ဆက်သွယ်ပြီးတော့ ဟိုမှာ ဘက တွေရှိတယ်၊ ပရဟိတတွေရှိတယ် စသဖြင့် မျိုးစုံပေါ့၊ အဲဒီနေရာတွေကို ခေါ်သွားပြီးတော့ ထားပေးတယ်။ ကျွန်မတို့ပလောင်တွေ ဆိုလို့ရှိရင် ကလေးအများကြီး မွေးတယ်။ မွေးပြီးမှ ကိုယ့်ကလေးကို လုံးဝ လှည့်မကြည့်တဲ့ မိဘတွေ အများကြီးရှိတယ်။ ဒီလိုမျိုး ထည့်ပေးလိုက်ပြီ ဆိုတာနဲ့ သူတို့တွေ အဆင်ပြေရဲ့လား၊ မိန်းကလေးတွေဆိုရင်ရော လုံခြုံတဲ့နေရာဖြစ်ရဲ့လား ဆိုတာကို စိတ်ဝင်စားမှု အရမ်းကို နည်းတယ်။ ကျောင်းသားတွေက သွားလိုက်ပြီဆိုရင် ကောင်းတဲ့နေရာတွေ ရှိသလို တချို့ မကောင်းတာတွေရှိတယ်၊ အစားဆင်းရဲတာမျိုးတွေဖြစ်တယ်။

Myanmar Now – ပရဟိတအဖွဲ့တွေလည်းရှိနေတာကို ဘုန်းကြီးတွေနောက်ကို ဘာလို့ လိုက်ကြတာလဲ။

– ကျွန်မတို့ တအာင်းတွေရဲ့ ၉၉ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာတွေဖြစ်ကြတယ်ဆိုတော့ ဘုန်းကြီးတွေက ကျွန်မတို့ရဲ့လူ့အဖွဲ့အစည်းမှာ အရမ်းပဲ အာဏာ၊ ပါဝါ ကြီးတယ်။ ပြီးတော့ ဘာသာတရားကို ယုံကြည်တယ်၊ နောက် ဒီလိုမျိုးတွေ ဖြစ်မှာ မဟုတ်ဘူး ဆိုပြီးတော့ ထည့်ပေးလိုက်တာတွေ ရှိတယ်ပေါ့။

Myanmar Now – TNLA တအာင်းလက်နက်ကိုင်အဖွဲ့ကရော ကူညီပေးတာတွေ ရှိလား။

– ကျွန်မတို့ TEI နဲ့ TNLA နဲ့ ဆက်စပ်မှု မရှိဘူး။ သူတို့က ကျွန်မတို့ လုပ်ငန်းတွေကို ကူညီတာ၊ ပံ့ပိုးပေးတာမျိုး မရှိဘူး။ ။

Myanmar Now – တိုက်ပွဲဖြစ်လေ့ရှိတဲ့ဒေသတွေမှာ TEI က ခန့်ထားတဲ့ ဆရာ၊ ဆရာမတွေရဲ့ လုံခြုံရေးကို ဘယ်လို ဆောင်ရွက်ပေးပါသလဲ။

– ကျွန်မတို့ ကျောင်းဖွင့်ထားတဲ့နေရာမှာတော့ တိုက်ပွဲတွေ အများကြီးဖြစ်နေတယ်ဆိုတော့ ဆရာ၊ ဆရာမတွေရဲ့ လုံခြုံရေး၊ ဝန်ထမ်းတွေရဲ့ လုံခြုံရေးတွေကို အရမ်းကို စိုးရိမ်ရတဲ့ အနေအထားတွေ ရှိတယ်။ ဒါပေမယ့် လုံခြုံရေးကိုတော့ သေသေချာချာ၊ ထွေထွေထူးထူး မလုပ်ပေးနိုင်ပါဘူး။ သုံးလတစ်ခါလောက် သူတို့ဆီ သွားပြီးတော့ အားပေးတာမျိုးပဲ ရှိပါတယ်။

Myanmar Now – စာသင်ဖို့အတွက် ဆရာ၊ ဆရာမတွေကို ဘယ်လို ခေါ်ယူပါသလဲ။

– အစိုးရကပေးတဲ့ ဆရာ၊ ဆရာမတွေက အောက်ပြည်ကဖြစ်တယ်ဆိုတော့ ဒီကလေးတွေနဲ့ သူ့စကား ကိုယ်နားမလည်၊ ကိုယ်သင်တာကို သူတို့နားမလည်ဖြစ်ပြီးတော့ ဘယ်လိုမှ ကီးမကိုက်ဘူး။ ကီးမကိုက်တော့ ဆရာတွေမှာလည်း ကြာကြာ ရေရှည်မခံနိုင်ဘူး၊ ပြန်သွားကြတယ်။ ဒါ့အပြင် ကျွန်မတို့ဆီမှာက တိုက်ပွဲတွေ ဖြစ်နေတော့ ဒါကိုလည်း ကြောက်ကြတာတွေ ရှိတယ်။ ကျွန်မတို့ကတော့ ကလေးတွေ နားလည်အောင် ပြောနိုင် သင်ပြနိုင်တဲ့ ဆရာ၊ ဆရာမတွေကို ခေါ်တယ်။ သင်တန်းပေးတယ်။ သင်တဲ့အခါမှာလည်း စကားပြောရတာ နားလည်ကြတော့ ကလေးတွေကလည်း ပျော်တယ် ဆရာတွေလည်း ပျော်တယ်။ အဆင်ပြေတယ်။

Myanmar Now – တခြား ဘာအခက်အခဲ တွေ့ရသလဲ။

– ကျွန်မတို့က ဘတ်ဂျက်အခက်အခဲရှိတယ်။ အလှူရှင်တွေ အများကြီးကို ချဉ်းကပ်ကြည့်ပေမယ့် ‘ပညာရေးသည် အစိုးရအလုပ်’ ဆိုပြီးတော့ ပြောတဲ့သူတွေ အများကြီးရှိတယ်။ ဒီတော့ ဒါက ကျွန်မတို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပဲ။ နိုင်ငံခြားမှာရောက်နေတဲ့ ကျွန်မတို့ တအာင်းလူမျိုးတွေဆီကနေ အလှူခံတယ်။ လုပ်ငန်းရှင်တွေဆီမှာလည်း အလှူခံတယ်။

Myanmar Now – ဒီကိစ္စတွေပြေလည်ဖို့ဆိုရင် ဘာတွေလိုအပ်လဲ။

– ကျွန်မတို့ဒေသမှာ မငြိမ်းချမ်းလို့ ပညာရေးပိုင်းမှာ လွတ်လွတ်လပ်လပ် လုပ်လို့ မရသလို၊ ဘယ်သူမှ အဲဒီလိုမျိုးနေရာမှာ မသွားချင်ကြဘူး။ တကယ်လို့သာ ငြိမ်းငြိမ်းချမ်းချမ်း ရှိမယ်ဆိုရင်တော့ ပညာရေးပိုင်းမှာ အစိုးရသာမက ကျွန်မတို့လိုမျိုး အဖွဲ့တွေက ဝိုင်းလုပ်မယ်ဆိုရင် ဒီထက် အများကြီး ပိုပြီးတော့ ဖွံ့ဖြိုး တိုးတက်မယ်လို့ ထင်တာပေါ့လေ။

Show More

Related Articles

Back to top button