စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ မှန်သာကျေးရွာကို ဒီဇင်ဘာ ၁၃ တွင် အင်အား ၁၀၀ ခန့် ပါသည့် စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီးနောက် ကျေးရွာသား ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု ဒေသခံ သုံးဦးက အတည်ပြုသည်။
မြို့အနောက်ဘက် ၂ မိုင်အကွာအဝေးရှိ ထိုရွာသို့ စစ်တပ်ဝင်သည့် ထိုနေ့က ဒေသခံအားလုံး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း၊ သတ်ဖြတ်ခဲ့ရသည့် ရွာသား ၃ ဦးမှာ ရွာအခြေအနေကို ပြန်၍ ကြည့်စဉ် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်၏ ရန်ကို ကြောက်ရွံရသဖြင့် အမည်မဖော်လိုသည့် ရွာသားတစ်ဦးက ပြောသည်။
“နားထင်တွေကြီးပဲ ပစ်သွားတာ၊ ရစရာမရှိအောင်ကိုပဲ။ သေနတ်နဲ့ပစ်တဲ့အပြင်ကို ဦးခေါင်းတွေကိုလည်း ဓားတွေနဲ့ ခုတ်သွားတာ။ ရက်စက်တယ်၊ ဒီကောင်တွေက လူမဆန်တော့ဘူး” ဟု ၎င်းက ပြောသည်။
ရုပ်အလောင်းများကို စစ်တပ်ဝင်စီးသည့် နောက်ရက် ဒီဇင်ဘာ ၁၄ တွင် ရွာပြင် လယ်ကွင်းအတွင်း ရှာတွေ့ခြင်းဖြစ်ကြောင်း၊ မီးသင်္ဂြိုဟ်နေစဉ် စစ်ကြောင်းက မှန်သာရွာသို့ ထပ်မံဦးတည်လာ၍ ရုပ်အလောင်းများကို ထားရစ်ခဲ့ရကြောင်း ကိုယ်တွေ့ကြုံခဲ့ရသည့် ၎င်းက ဆက်ပြောသည်။
“သူတို့က လူစိတ်မရှိတော့ဘူး။ အဓိကတော့ ကျေးရွာတွေက ယောက်ျားလေးတွေမြင်ရင် သတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ။ Dead Body (ရုပ်အလောင်း) ကောက်တာတောင်မှ ကောင်းကောင်းမသင်္ဂြိုဟ်ရဘူး၊ ဘုန်းကြီးတောင်မှ မပင့်နိုင်ဘူး”ဟု ထိုသူက ပြောသည်။
သေဆုံးသူများမှာ လက်သမား၊ စိုက်ပျိုးရေးလုပ်သားအဖြစ် အသက်မွေးဝမ်းကျောင်းကြသည့် အသက် ၄၀ အရွယ် ကိုထိန်လင်း၊ ၃၃ နှစ်အရွယ် ကိုဇော်ဇော်အောင်၊ ၃၂ နှစ်အရွယ် ကိုညိုတုန်းတို့ဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်ထံမှ သိရသည်။
သေဆုံးသူသုံးဦးမှာ ညီအစ်ကိုဝမ်းကွဲများဖြစ်ကြကြောင်း၊ စစ်တပ်က ရက်စက်စွာသတ်ဖြတ်ခဲ့သည့် လုပ်ရပ်အပေါ် နားမလည်နိုင်ကြောင်း လုံခြုံရေးအရ အမည်ထုတ်မပြောလိုသည့် မိသားစုဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီလက်ထက်တွင် ဒေသခံတို့မှာ ကိုယ့်ချွေးနှဲစာဖြင့် တည်ဆောက်ထားသော အိုးအိမ်များကိုပါ စွန့်ခွာထွက်ပြေးနေရသည်အထိ ဒုက္ခတွေ့နေ၍ အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ရန် ကြိုးပမ်းနေသည့် တော်လှန်ရေး အမြန်ဆုံးအောင်မြင်မှဖြစ်မည်ဟု ၎င်းက ပြောသည်။
“ငါတို့ခံစားရသလို သူတို့လဲ မခံစားရပါစေနဲ့လို့ ဆုတောင်းတယ်။ မိဘတွေ အေးအေးချမ်းချမ်း မနေရသလို သူတို့အသိုင်းအဝိုင်းတွေလဲ အေးအေးချမ်းချမ်း စိတ်ဆင်းရဲ ဒုက္ခတွေခံစားနေရတာတွေကို ပြန်မခံစားရပါစေနဲ့လို့ပဲ မေတ္တာပို့နေတယ်” ဟု ထိုသူက ဆက်ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ကလည်း ဒီပဲယင်းမြို့နယ် နဂါးတွင်းကျေးရွာမှ ရွာသား ၄ ဦးကို စစ်ကောင်စီက ကြိုးတုပ်၍ နှိပ်စက်သတ်ဖြတ်ခဲ့သေးသည်။ နောက်ပိုင်းတွင် ၄ ဦးမကဘဲ ၆ ဦး သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
ပြည်သူက မဲပေးရွေးချယ်ထားသည့် အရပ်အသားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်မှုများအတွင်း စစ်ကိုင်းတိုင်းသည်လည်း ထိပ်ဆုံးမှ ပါဝင်နေသည်။
ဒေသခံကာကွယ်ရေးအဖွဲ့များ (PDF) အားကောင်းသည့် ဒီပဲယင်းအနောက်ခြမ်းဒေသအတွင်း နိုဝင်ဘာ ၈ ရက်မှစ၍ စစ်ကောင်စီက ရဟတ်ယာဉ် ၆ စီးဖြင့် စစ်အင်အား ၁၅၀ ခန့်ကို ဒေသတွင်းသို့ ပို့လွှတ်ထားသည်ဟု PDF များက ပြောထားသည်။
ဒီဇင်ဘာ ၇ ရက်ကဆိုလျှင် ဒီပဲယင်းမြို့ အနောက်ဘက်ရှိ ကျေးရွာများသို့ စစ်ရေးလှုပ်ရှားရာတွင် စစ်ကောင်စီက ခြေလျင်စစ်ကြောင်းများသာမက လေကြောင်းဖြင့်ပါ တိုက်ခိုက်နေရာ ဒေသခံတို့ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည်။ အရေအတွက်အတိအကျကိုမူ အတည်မပြုနိုင်သေးပေ။
လက်ရှိတွင် ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီ စစ်ကြောင်း ၄ ကြောင်း ဝိုင်းထားပြီး လေကြောင်းပစ်ကူဖြင့် အပြင်းအထန်ပစ်ခတ်နေသည်ဟု ဒီပဲယင်း PDF ခေါင်းဆောင်တစ်ဦးက ပြောသည်။
“တော်တော်အခြေအနေဆိုးနေပြီ။ မနားတော့ဘူးဗျ။ စစ်ကြောင်းက တစ်ကြောင်းပြီးတစ်ကြောင်း လာနေတာ။ တစ်ကြောင်းက ဒီရွာကို ဖြတ်သွားရင် နောက်ထပ်တစ်ကြောင်းက ဒီရွာကို ဦးတည်နေပြီ။ အဲဒီလိုမျိုးဖြစ်နေတာ” ဟု ၎င်းက ပြောသည်။
ထိုဒေသအတွင်း ပြုလုပ်နေသည့် စစ်ဆင်ရေးများ၊ ဒေသခံတို့ သတ်ဖြတ်ခံရမှုများ၊ စစ်ရှောင်စခန်းပင်မချန် မီးရှို့မှုများနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။
ဒလန်ဟု ယူဆရသူများ၊ အုပ်ချုပ်ရေးမှူးများ၊ အာဏာသိမ်းမှုကို ထောက်ခံပြီး စစ်ကောင်စီတပ်နှင့် လက်တွဲတိုက်ခိုက်နေသည့် ပျူစောထီးအဖွဲ့ဝင်များ သတ်ဖြတ်ခံရမှုများအနက် တချို့ကို စစ်ကောင်စီက သတင်းထုတ်ပြန်လေ့ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)