သတင်း

ဒီပဲယင်းမြို့နယ်တွင် စစ်ရှောင်စခန်းများကို စစ်တပ်က မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ဒေသခံများ ပုန်းအောင်းခိုလှုံနေသည့် စစ်ရှောင်တဲများကို ယမန်နေ့ (ဒီဇင်ဘာ ၄) နံနက်တွင် စစ်တပ်က ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံအချို့ထံမှ သိရသည်။ 

ဒီပဲယင်းမြို့နယ်အနောက်ခြမ်းရှိ ဆပ်ပြာကျင်း၊ အင်ဘုတ်၊ ဝန်းရံ၊ တပ်တည်၊ အောင်စည်မြေ၊ အိုးထိန်းတွင်း၊ ဘုတ်ထမ်း၊ ရေဆိုး ကျေးရွာ အစရှိသည့် ကျေးရွာပေါင်း ၂၀ ကျော်မှ ထောင်နှင့်ချီသော ဒေသခံများမှာ စစ်ကောင်စီရန်ကြောင့် သီးနှံစိုက်ခင်းများရှိရာ တောင်ယာများတွင် သွားရောက်ပုန်းခိုနေကြစဉ် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကာ ယမန်နေ့တွင် တဲအလုံး ၂၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ 

ရွာနှင့် တစ်မိုင်ကျော်ဝေးသည့် တောင်ယာကုန်းတွင် စစ်ရှောင်နေစဉ် အင်အား ၇၀ ကျော်ရှိ စစ်တပ်ရောက်လာပြီး တဲလေးလုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု အင်ဘုတ်ကျေးရွာမှ စစ်ရှောင်သူတစ်ဦးက Myanmar Now ကို ပြောသည်။ 

အရပ်ဝတ်နှင့် ယူနီဖောင်းဝတ်များ ရောနှောနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လူနေတဲလေးလုံး၊ ဆိုင်ကယ်လေးစီး၊ စက်ဘီးတစ်စီး၊ စပါးတင်း ၆၀၊ မြေဆီလေးကျင်းနှင့် မြေပဲမျိုးစေ့အိတ်များကို ဖျက်ဆီးသွားခဲ့သည်ဟု တောင်ယာကုန်းတွင် နေထိုင်သည့် အဆိုပါမိသားစုဝင်များထံမှ သိရသည်။ 

စစ်ကောင်စီစစ်ကြောင်းက နေအိမ်အတွင်းရှိ ပစ္စည်းများကို မွှေနှောက်ဖျက်ဆီးကာ တန်ဖိုးကြီးပစ္စည်းများကိုပါ ယူဆောင်သွားခဲ့ကြောင်း၊ ယမန်နေ့ ညနေ ၅ နာရီခန့်အထိ မီးရှို့ခံရသည့်တဲများ မီးမငြိမ်းဘဲရှိနေသည်ဟု အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်း ပြောသည်။ 

“တဲတွေကလည်း လေးလုံးတန်းထားကြတာ။ အိမ်တွေလည်း မရှိတော့ တောထဲကို ပြေးလာကြတာ။ တဲတွေ မီးရှို့သွားကြတာ အကုန်လုံးမီးကျွမ်းသွားတယ်။ သူများဒုက္ခရောက်သလို သူတို့တွေလည်း ဘေးဒုက္ခရောက်ပါစေလို့ ဆုတောင်းပါတယ်” ဟု ၎င်းက ဆိုသည်။

ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းခဲ့သော်လည်း မလွတ်မြောက်တော့၍ ပုန်းအောင်းနေခဲ့ရာ စစ်ကောင်စီတပ်၏ လုပ်ရပ်များကို အစအဆုံးမြင်တွေ့ခဲ့ရသည်ဟု ထိုတောင်ယာကုန်းတွင် စစ်ဘေးရှောင်နေသူ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်း ပြောသည်။ 

စစ်ကောင်စီစစ်ကြောင်းတွင် ဘောလုံးဘောင်းဘီတို ဝတ်ဆင်ထားသူများလည်း ပါဝင်ပြီး ၎င်းတို့နေထိုင်ရာ တောင်ယာကုန်းသို့ နှစ်ကြိမ်လာရောက်ခဲ့ပြီး ဒုတိယအကြိမ်တွင် မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက မြင်တွေ့ရပုံကို ပြောပြသည်။ 

“ဆိုင်ကယ်နှစ်စီးရော၊ စက်ဘီးရော၊ စဉ့်အိုးတွေရော အကုန်လုံးရိုက်ခွဲပြီး မီးရှို့သွားတာ။ ကောက်ရိုးပုံတွေရော။ ဘာမှလည်း မတတ်နိုင်ဘူး။ သူတို့မီးရှို့တာလည်း မြင်ရတယ်။ မြင်လည်း ဒီအတိုင်းပဲ ကြည့်နေရတာ။ ဘာမှမှ လုပ်ပိုင်ခွင့်မရှိတာ” ဟု အထက်ပါအမျိုးသမီးက ဆက်ပြောသည်။ 

တောင်ယာကုန်းတစ်ခုတွင် အနည်းဆုံး စစ်ရှောင်တဲ နှစ်လုံးရှိပြီး တောင်ယာကုန်း ၁၀ ကုန်းရှိ စစ်ရှောင်တဲများကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ၎င်းတို့နေထိုင်ရာ တောင်ယာကုန်းတွင် စစ်ရှောင် ၄၀ ကျော်ရှိနေပြီး ယခုအခါ တောင်ယာကုန်း၏ အနောက်ဘက်တောထဲတွင် စစ်ရှောင် ၇၀ ခန့် ခိုအောင်း နေထိုင်နေရကြောင်း အင်ဘုတ်ကျေးရွာသားတစ်ဦးက ပြောသည်။ 

“တောကြားထဲမှာ သစ်ပင်ကြီးကြီးတို့ ချုံကောင်းကောင်းတို့ အောက်မှာ နေနေကြရတယ်။ အစားအသောက်ကတော့ ဘာမှကို မပါတာ။ နောက်မှ ထမင်းချက်ဖို့အတွက် ဆန်နဲ့ဆီ ပြန်ယူကြရတယ်” ဟု ၎င်းက ဆိုသည်။ 

တောထဲသို့ တိမ်းရှောင်လာသည့် စစ်ရှောင်များတွင် ကလေးငယ်များ၊ အသက်အရွယ်ကြီးရင့်သူများပါဝင်ပြီး စစ်ကြောင်းမှာ ထိုအနီးအနားတွင်ရှိနေသေး၍ စစ်ရှောင်တဲများသို့ မပြန်ရဲသေးကြောင်း ပြောသည်။ 

ထိုစစ်ကြောင်းမှာ လမ်းတစ်လျှောက်ရှိ စစ်ရှောင်များနေထိုင်ရာ တောင်ယာကုန်းများကို ဝင်ရောက်မွှေနှောက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၄ ညနေပိုင်းတွင် အိမ်ခြေ ၁၀၀ ကျော်ရှိသည့် အောင်စည်မြေရွာကျေးရွာသို့ ရောက်ရှိလာခဲ့ရာ တစ်ရွာလုံးထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု အသက် ၄၂ နှစ်အရွယ် အောင်စည်မြေကျေးရွာသားတစ်ဦးက ပြောသည်။ 

၎င်းတို့နေထိုင်ရာ အောင်စည်မြေကျေးရွာကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့သည်မှာ လေးကြိမ်တိုင်ခဲ့ပြီဖြစ်ကာ ပြီးခဲ့သည့် နိုဝင်ဘာဒုတိယအပတ်စီးနင်းမှုတွင် ဒေသခံ အသက် ၄၂ နှစ်အရွယ် ကိုသိန်းထိုက်ကို သစ်ပင်တွင် ကြိုးဖြင့်တုပ်၍ သတ်ဖြတ်ခဲ့သည်ဟု ၎င်းက ပြောသည်။ 

ထို့ကြောင့် အောင်စည်မြေကျေးရွာသားများမှာ စစ်ကောင်စီတပ် စစ်ကြောင်းတက်လာသည့် သတင်းကြားကတည်းကပင် နီးစပ်ရာတောများအတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

“ကျွန်တော်တို့က ထွက်လာကတည်းက လှည်းတွေနဲ့ ပြေးလာခဲ့ရတာ။ စားရေရိက္ခာ စတာတွေ ယူပြီးတော့  သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေလည်း ပါတယ်။ သစ်ပင်တွေအောက်မှာ မိုးကာခင်းပြီးတော့ ဖြစ်သလိုနေရတာပါ့” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရန် ကြိုးပမ်းနေသည့် ဒီပဲယင်းမြို့အနောက်ခြမ်းတွင် မိသားစု ၇၀၀ ခန့်ရှိပြီး လူဦးရေ ၃၀၀၀ ကျော်ရှိကြောင်း စစ်ရှောင်များကို ကူညီနိုင်ရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးနေကြောင်း ဒီပဲယင်းမြို့ခံတစ်ဦးလည်းဖြစ်၊ စစ်ရှောင်များကို အကူအညီပေးနေသူလည်းဖြစ်သည့် ကိုဇီးရိုး (အမည်လွှဲ) က ပြောသည်။ 

“သူတို့ကို ကြောက်လို့ တိမ်းရှောင်နေပါတယ်ဆိုမှ အဲ့ဒီလူတွေကို လိုက်ပြီးတော့ ပစ္စည်းတွေကို ဖျက်ဆီးတယ်။ သူတို့နေရာတွေကို မီးရှို့တယ်၊ တချို့ပစ္စည်းတွေကို ယူသွားတယ်။ ဒီလောက်ထိ ယုတ်မာတဲ့စိတ်ဓာတ်နဲ့ လုပ်နေတာက ကျွန်တော်တို့မှာက ပြောမယ်ဆိုရင်တော့ စကားလုံးတောင်မှ ရွေးစရာမရှိအောင်ကို ဖြစ်နေတယ်ဗျ” ဟု ၎င်းက ဆိုသည်။ 

ဒေသခံတို့၏ စိုက်ခင်းများ၊ စားနပ်ရိက္ခာများ၊ နေအိမ်များကို ဆက်တိုက်ဖျက်ဆီးနေသည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံမှ တုံ့ပြန်ချက် ရရှိရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

လက်နက်ကိုင်ခုခံမှုအားကောင်းပြီး မိုင်းခွဲတိုက်ခိုက်မှုများ၊ ပြောက်ကျားတိုက်ခိုက်မှုများဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အထိနာစေသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက လေကြောင်းအသုံးပြု၍ ရိက္ခာနှင့် လက်နက်ခဲယမ်းအင်အားများ ထောက်ပံ့ပေးပြီး ခြေလျင်စစ်ကြောင်းများ အလုံးအရင်းအသုံးပြုကာ စစ်ဆင်ရေးအသွင် ချေမှုန်းနေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button