သတင်း

အင်းစိန်ထောင်တွင် ဆန္ဒပြမှုကြောင့် တိုက်ပိတ်ခံထားရသူ ၉၀ နီးပါးရှိ 

စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသံတိတ်သပိတ် (Silent Strike) ပြုလုပ်သည့် ဒီဇင်ဘာ ၁၀ ရက်က ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင် အခန်းပြင်မထွက်ဘဲ ဆန္ဒပြသူ ၉၀ နီးပါး ရိုက်နှက်ခံရကာ တိုက်ပိတ်ခံထားရကြောင်း ရှေ့နေနှစ်ဦးထံမှ သိရသည်။

ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသူ အများစုပါဝင်သည့် နိုင်ငံရေးမှုဖြင့် ချုပ်နှောင်ခံထားရသူများသည် နံနက် ၇ နာရီခွဲခန့်မှစ၍ အခန်းပြင်လုံးဝမထွက်ဘဲ အသံတိတ်သပိတ်တွင် ပါဝင်ခဲ့ကြောင်း၊ မွန်းလွဲ ၃ နာရီတွင် ‘စစ်အာဏာရှင်စနစ်ကျဆုံးရေး’ သီချင်းကို သံပြိုင်ကြွေးကြော်ပြီးနောက် ထောင်ဝန်ထမ်းများက ရိုက်နှက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ယနေ့ (ဒီဇင်ဘာ ၁၃) အင်းစိန်ထောင်ရောက်ခဲ့သူ ရှေ့နေနှစ်ဦးက ပြောသည်။ 

ထိုသို့ သံပြိုင်ကြွေးကြော်ပြီးနောက် ဦးဆောင်သူကို ဖော်ထုတ်ရန် အကျဉ်းဦးစီးဝန်ထမ်းများက စတင်ရိုက်နှက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

“ကျောတွေ ခါးတွေမှာ ညိုမည်းစွဲပြီးတော့ အရိုက်ခံရတယ်၊ ညာဘက်လက်ပေါ့နော်၊ ညာဘက်လက်မှာ ဒဏ်ရာဒဏ်ချက်တွေအများကြီးပဲ။ ဆေးမကုပေးဘူးလို့ ကြားထားတယ်” ဟု အမျိုးသမီးရှေ့နေတစ်ဦးက Myanmar Now ကို ပြောသည်။

တစ်ဦးကို အနည်းဆုံး အချက် ၂၀ ကျော် အရိုက်ခံရပြီး အကျဉ်းဦးစီးဝန်ထမ်းများက နံပါတ်တုတ်၊ ကော်ချောင်း၊ ရာဘာကြိုးတို့ဖြင့် ရိုက်နှက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ 

အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် အချုပ်သား/အကျဉ်းသား ၈၉ ဦးကို သီးသန့်ဆောင်မှ ခေါ်ထုတ်၍ ရိုက်နှက်ခြင်းဖြစ်ကာ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်ခဲ့ကြောင်း၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဇော်ထက်နိုင်(ခ) ဆစ်နိုင် ရိုက်နှက်စစ်ဆေးခံရစဉ် သတိလစ်ကာ မေ့လဲခဲ့ကြောင်း၊ အခြားလဲကျသူနှစ်ဦးနှင့် အကြားအာရုံထိခိုက်သည်အထိ အရိုက်ခံသူတစ်ဦးလည်းရှိကြောင်း အထက်ပါ အမျိုးသမီးရှေ့နေက ဆိုသည်။ 

အင်းစိန်ထောင်ရောက်ခဲ့သူ အမျိုးသားရှေ့နေတစ်ဦးကလည်း “တစ်ယောက်ဆိုလို့ရှိရင် ကုပ်ပိုးတွေ၊ ကျောပြင်တွေ နံ(ရိုး) တွေမှာ သူတို့(အကျဉ်းဦးစီးဝန်ထမ်း)တွေ ကန်ထားတာ၊ ရိုက်ထားတာဆိုလို့ရှိရင် အရေခွံတွေတောင် ကွာတယ်” ဟု ၎င်းကြားသိခဲ့ရသည်ကို ပြောသည်။

အသံတိတ်သပိတ်တွင် ပါဝင်သူ ၉၀ နီးပါးမှာ ယနေ့အထိ ရှစ်ပေပတ်လည် အကျယ်ရှိ အခန်းများအတွင်း တိုက်ပိတ်ခံထားရဆဲဖြစ်ကာ ရေချိုးချိန်ကလွဲ၍ အပြင်မထွက်ရကြောင်း၊ ထောင်က ကျွေးသည့် ထမင်းသာစားရပြီး အပြင်အစားအစာ လုံးဝစားခွင့်မရှိကြောင်းလည်း ၎င်းက ပြောသည်။ 

“ပါဆယ်ပိတ်ထားတယ် ပစ္စည်းပို့လို့ မရဘူး။ သူတို့လိမ္မာတယ်ဆိုရင်တော့ နှစ်ပတ်အတွင်း ပြန်ထုတ်ပေးမယ် ပြောပေမဲ့ မလိမ္မာဘူးဆိုရင် နှစ်ပတ်ထက်ကြာရင် ကြာသွားနိုင်တယ်” ဟု အဆိုပါရှေ့နေက ဆိုသည်။ 

အသံတိတ်သပိတ် ကျင်းပသည့် ဒီဇင်ဘာ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက အင်းစိန်ထောင်အတွင်း သေနတ်ဖောက်သံများ ကြားလိုက်ရသည်ဟု အဆိုပါရှေ့နေနှစ်ဦးက ဆိုသော်လည်း အသေးစိတ်ကိုမူ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ 

ယင်းနေ့က အစာငတ်ခံဆန္ဒပြပြီး သွေးသစ္စာသီးချင်ဆိုသူများ ရိုက်နှက်ခံရကြောင်း ဧပြီလအတွင်း အင်းစိန်ထောင်မှ လွတ်မြောက်ခဲ့သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်တစ်ဦးဖြစ်သူ ကိုဇေယျာလွင်က ၎င်း၏ Facebook စာမျက်နှာတွင် ယနေ့ ရေးသားထားသည်။

“ရဲဘော်တွေကို ရိုက်နှက်ပြီး ခေါ်ထုတ်တယ်။ နောက် သီးသန့် (အဆောင်) ဘက်ကနေ ထောင်မကြီးကို ပို့တဲ့အချိန် လျှောက်လမ်းတစ်လျှောက်လည်း ရိုက်နှက်၊ မိန်းဂျေး (ပင်မဆောင်) ရောက်တော့လည်း ထပ်ရိုက်ပြီးတော့ တိုက်ထဲထည့်၊ တိုက်ပိတ်တယ်လို့ ကြားပါတယ်” ဟု ၎င်းက ရေးသားထားသည်။​

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဇေယျာလွင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် စစ်တပ်၏ တရားစွဲဆိုခံရပြီးနောက် ထောင်ဒဏ် ၆ နှစ်နှင့် ၆ လ ချမှတ်ခံရကာ ပြီးခဲ့သည့် ဧပြီလအတွင်း ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်သည်။​

အင်းစိန်ထောင်ရောက် အမျိုးသမီးအချုပ်သားများမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းများ ကြုံတွေ့နေရပြီး ရုံးထုတ်ပြီး ထောင်ထဲပြန်ဝင်ချိန်တွင် အမျိုးသမီးများ၏ မိန်းမကိုယ်ထဲသို့ လက်နှိုက်ထည့်ကာ စစ်ဆေးသည်အထိ လိင်ပိုင်းဆိုင်ရာအခွင့်အရေး ချိုးဖောက်ခံနေရသည်ဟု ရှေ့နေတစ်ဦးက ပြောသည်။ 

“အမျိုးသမီးချင်းစစ်တာကို မိန်းမကိုယ်ထဲတောင်မှ လက်တွေနှိုက်ပြီးလုပ်တယ်။ ရာသီလာနေတဲ့ မိန်းကလေးဆိုလို့ရှိရင်လည်း လက်တွေမဆေးဘဲ နောက်တစ်ယောက်ကို အဲလိုမျိုးပဲ အပေါ်ယံတင်မဟုတ်ဘဲ ထဲထဲဝင်ဝင်ထိကို လုပ်ခံရတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်ကလည်း အင်းစိန်အကျဉ်းထောင်ရှိ ရာနှင့်ချီသော နိုင်ငံရေးအကျဉ်းသားများက စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်အော်ကာ ဆန္ဒဖော်ထုတ်ခဲ့သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button