သတင်း

ဒေါ်အောင်ဆန်းစုကြည်၊ ရှောင်တာနယ်တို့၏ ရုံးချိန်းရွှေ့ဆိုင်းခဲ့ရ

ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ စွပ်စွဲခံထားရသည့် အစိုးရလျှို့ဝှက်ချက်ပေါက်ကြားမှုကို နေပြည်တော်၌ ယနေ့ ကြားနာရာတွင် စစ်ကောင်စီဘက်မှ သက်သေမလာ၍ ရှေ့တစ်ပတ် (ဒီဇင်ဘာ ၁၆) သို့ ရွှေ့ဆိုင်းလိုက်ရသည်။ 

နေပြည်တော်ကောင်စီဝင်းအတွင်းရှိ သီးသန့်တရားခွင်၌ ဒက္ခိဏခရိုင်တရားသူကြီး ဦးရဲလွင် စစ်ဆေးသည့် ထောင် ၁၄ နှစ်အထိ ချနိုင်သော အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) အမှုအတွက် သက်သေထွက်ရန် ပျက်ကွက်သူမှာ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ပြော၍မရဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။ သို့သော် အစိုးရလျှို့ဝှက်အက်ဖြင့် အမှုရင်ဆိုင်နေရသည့် ငါးဦးစလုံး ကျန်းမာရေးကောင်းမွန်သည်ဟု ၎င်းက ထုတ်ပြောသည်။

အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အာဏာသုံးရပ်စလုံးကို ချုပ်ကိုင်လိုက်ပြီဟု ဖေဖော်ဝါရီ ၁ ရက်တွင် ကြေညာပြီး ၅ရက်အကြာတွင် ရန်ကုန်မြို့၌ ဖမ်းဆီးခံရသည့် ရှောင်တာနယ်၏ လက်တော့အတွင်း စာရွက်စာတမ်းများတွေ့သည်ဟုဆိုကာ အဓိကတရားခံအဖြစ် စစ်ကောင်စီက စွပ်စွဲ၍ ထိုပုဒ်မဖြင့် အမှုဖွင့်သည်။

မည်သည့်အချက်အလက်များအပေါ် အခြေခံသည်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုအမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပါတီ(NLD) ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပြင် NLD အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး၊ ဒုဝန်ကြီး တာဝန်ယူခဲ့ကြသည့် ဦးစိုးဝင်း၊ ဦးဆက်အောင်၊ ဦးကျော်ဝင်းတို့ကိုပါ စစ်ကောင်စီက စွပ်စွဲထားသည်။

မူလက ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် စွဲဆိုထားသည့် ထိုအမှုကို စက်တင်ဘာလ၌ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားသည့် နေပြည်တော်သို့ စစ်ကောင်စီက ပြောင်းရွှေ့သည်။ ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ရှိနေသည့် ရှောင်တာနယ်နှင့် ဝန်ကြီးသုံးဦးကို နေပြည်တော်အချုပ်ထောင်သို့ ပို့သည်။

ယနေ့(ဒီဇင်ဘာ ၉) ရုံးချိန်းတွင် ရှောင်တာနယ်ကို စစ်ကောင်စီက တစ်ဦးတည်းစွပ်စွဲထားသည့် ထောင် ၅ နှစ်အထိ ချနိုင်သော လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၃ (၁) အမှုကိုမူ စစ်ဆေးခဲ့ပြီး စစ်ကောင်စီ၏ သက်သေတစ်ဦး လာရောက်ထွက်ဆိုသည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

အမှုနှင့် တရားခွင်ကိစ္စ အသေးစိတ်ကိုမူ လုံခြုံရေးအခြေအနေအရ ထုတ်ဖော်ပြောဆိုရန် ၎င်းက ငြင်းဆန်သည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ကို ပြောရေးဆိုခွင့် ပိတ်ပင်ထားသလို ရှောင်တာနယ်နှင့်အတူ ရင်ဆိုင်နေရသည့် လျှို့ဝှက်ချက်အမှုကို နေပြည်တော်၌ ပထမဆုံး လူကိုယ်တိုင်ရုံးထုတ်ကြားနာသည့် ရုံးချိန်းတွင်လည်း ရှေ့နေအဖွဲ့၏ ဝင်ခွင့်ကို ကန့်သတ်ခဲ့ဖူးသည်။

ထို့အတူ တရားခွင်၌ ရှောင်တာနယ်အတွက် ကိုယ်ပိုင်စကားပြန်ထားခွင့်မပြုဘဲ စစ်ကောင်စီက စီစဉ်ပေးသူကိုသာ အသုံးပြုနေရသည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်ဒဏ်ကြီးလေးသည့် အဂတိမှု ၆ ခုအပါအဝင် အမှုစုစုပေါင်း ၁၂ မှုဖြင့် ရင်ဆိုင်နေရပြီး ထိုအထဲမှ ၂ ခုအတွက် ဒီဇင်ဘာ ၆ ရက်တွင် ထောင်ဒဏ် ၄ နှစ်ချမှတ်ခံထားရသည်။ သို့သော် ညတွင်းချင်းပင် ပြစ်ဒဏ်ကို တစ်ဝက်လျှော့၍ အကျဉ်းထောင်သို့ မပို့ဘဲ လက်ရှိထိန်းသိမ်းထားသည့် လျှို့ဝှက်နေရာ၌ပင် ထားမည်ဟု စစ်ကောင်စီက ကြေညာသည်။

ထို့အတူ NLD က နောက်တစ်ကြိမ် အစိုးရဖွဲ့နိုင်သည်အထိ အပြတ်အသတ်အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို မဲမသမာမှုလုပ်သည်ဆိုကာ အမှုဖွင့်မည်ဟုလည်း ကြေညာထားသေးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button