
ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်သည်ဟူသော စွပ်စွဲချက်ဖြင့် တစ်လကျော်ကြာ ဖမ်းဆီးခံထားရသည့် မြေပုံမြို့နယ်၊ ကျောက်ငနွားကျေးရွာဒေသခံ အမျိုးသားတစ်ဦးမှာ မိသားစုနှင့် အဆက်အသွယ်မရဘဲ သတင်းအစအန ပျောက်ဆုံးနေကြောင်း ဇနီးဖြစ်သူက ပြောသည်။
၂၃ နှစ်အရွယ် ကိုနေဝင်းစိုးသည် ရန်ကုန်မြို့တွင် ဆေးကုသပြီး မိမိဇာတိရွာသို့ ခရီးသည်တင်ကားဖြင့် ပြန်လာစဉ် နိုဝင်ဘာ ၅ ရက်နေ့က အမ်းမြို့နယ် ပဲပဒုံစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူက ပြောသည်။
“နေမကောင်းလို့ ရန်ကုန်ကို ဆေးကုဖို့သွားတယ်။ ပြန်အလာမှာတော့ သူ့ကို AA ဆိုပြီး သံသယနဲ့ ဖမ်းတာလို့ ခရီးသည်တွေဆီက သိရတယ်။ သူ အမ်းကို ရောက်တုန်းကတော့ အိမ်ကို ဖုန်းဆက်သေးတယ်။ သံသယနဲ့ အဖမ်းခံထားရတယ်ဆိုတော့ ရွာပြန်ရောက်ဖို့ ကြာချင်ကြာနိုင်တယ်ဆိုပြီး ပြောတယ်။ အဲဒီကတည်းက အဆက်အသွယ်မရတော့ဘူး” ဟု ဇနီးဖြစ်သူ မနှင်းမြတ်မွန်က ဆိုသည်။
“အခုအချိန်ထိ အဆက်အသွယ်လည်းမရတော့ သိပ်စိတ်ပူတယ်။ သူ့ကို ကျန်းကျန်းမာမာနဲ့ ဘယ်နေရာမှာ ရှိတယ်ဆိုတာလောက်ပဲ သိချင်တယ်။ အခုက ဘယ်နေရာမှာ အဖမ်းခံထားရတာလည်းမသိဘူး။ အပြစ်မရှိဘဲနဲ့ ပြည်သူတွေကို မဖမ်းထားစေချင်ဘူး”
အမ်းမြို့နယ် မြို့မရဲစခန်းကို မနှင်းမြတ်မွန်ပြောဆိုမှုနှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းမှစ၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ တိုက်ပွဲများပြင်းထန်နေစဉ် AA သံသယဖြင့် ဒေသခံအများအပြား ဖမ်းဆီးခံရပြီး အကြမ်းဖက်ဖြင့် အမှုဖွင့်ခံခဲ့ရသည်။
အာဏာသိမ်းရန် လပိုင်းအလိုတွင် နိုင်ငံအနှံ့ စစ်တပ်အင်အား အများအပြားဖြန့်ထားရန် လိုအပ်လာသည့် ဗိုလ်ချုပ်ကြီးများက AA နှင့် အပစ်ရပ်လိုက်သည်။ အာဏာသိမ်းပြီး နောက်တစ်လတွင် AA ကို အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ပေးခဲ့သည်။
ယင်းနောက် AA သည် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းကာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကိစ္စရပ်များကို ဆောင်ရွက်လာရာ ပြည်နယ်တွင်း သြဇာ ပိုမိုကြီးမားလာနေသည်။ ထို့ပြင် AA က မြို့နယ်တချို့တွင် ကျေးရွာအုပ်စုခေါင်းဆောင်များ ခန့်အပ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်လာသည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီသည် ကျောက်တော်၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ ပေါက်တောစသည့် မြို့နယ်တချို့သို့ သွားရောက်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခေါ်ယူ၍ AA နှင့် မပတ်သက်ရန် သတိပေးလာသည်။
အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပြီးနောက် AA သံသယဖြင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျောက်ဆိပ်ရွာသားများအမှု၊ မြောက်ဦးမြို့နယ်မှ လက္ကာရွာသားများအမှုကဲ့သို့ နာမည်ကြီးအမှုများကို စစ်ကောင်စီက ရုပ်သိမ်းခြင်းမလုပ်ဘဲ စွပ်စွဲခံရသူတို့ကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်။
ရခိုင်ပြည်နယ်တွင် AA သံသယဖြင့် ဒေသခံ ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ဆက်လက်ထိန်းသိမ်းခံထားရသူ ၁၆၀ ကျော် ရှိနေသည်ဟု ရခိုင်အရပ်ဘက်အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။
အလားတူ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်နွှယ်သည်ဟု ဆိုကာ အောက်တိုဘာလအတွင်း သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ရခိုင့်ဦးဆောင် (AFP) ပါတီ၏ အမတ်လောင်း ဦးစိန်ချစ်နှင့် ပရဟိတလုပ်ငန်းလုပ်ကိုင်သည့် အသက် ၂၄ နှစ်အရွယ် ကိုရဲနိုင်ဦး၊ မြောက်ဦးမှ လူငယ်စာရေးဆရာ မင်းဒီပါအပါအဝင် သုံးဦး၊ နိုဝင်ဘာလအတွင်း သံတွဲမြို့မှ အမျိုးသမီးသုံးဦး၊ ဒီဇင်ဘာအတွင်း ကျောက်ဖြူမြို့မှ မအေးမြင့်မြတ်အောင် တို့ ဖမ်းဆီးခံရပြီး အကြမ်းဖက်ဖြင့် အမှုဖွင့်ခံထားရသည်။
ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့တွင် အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်သည့် အထက်တန်းပြဆရာမတစ်ဦးလည်း နိုဝင်ဘာ ၂၀ တွင် ဖမ်းဆီးခံရပြီး အဆက်အသွယ်ပြတ်တောက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)