အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

AA နှင့် ပတ်သက်ပြီး ကျောက်တော်အုပ်ချုပ်ရေးမှူးများကို စစ်တပ်က သတိပေး

ရခိုင်ပြည်နယ်တွင် သြဇာကြီးထွားလာနေသည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး လုပ်ငန်းများတွင် ဝင်ပါလျှင် အရေးယူခံရမည်ဟု မွတ်စလင်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ပြည်နယ်စစ်ကောင်စီက ခေါ်ယူ သတိပေးနေသည်။

စက်တင်ဘာ ၆ တွင် ကျောက်တော်မြို့နယ် ပိုက်သည်ရပ်၊ ရွှေလှိုင်၊ ပေါက်တောပလောင်၊ ဂုပ်ပီထောင့်၊ လက်ဆောင်ကောက် စသည့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် မွတ်စလင်အရပ်ဘက်ခေါင်းဆောင် ၁၈ ဦးကို ထိုမြို့အခြေစိုက် ခမရ (၃၇၅) တပ်ရင်း၌ ခေါ်ယူပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အစည်းအဝေးကို တက်ရောက်ခဲ့သည့် အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“သူတို့ အစည်းအဝေးခေါ်ယူပြောတာကတော့ ရွာမှာ မှုခင်းတွေဖြစ်ရင် ရဲစခန်းမှာ တိုင်ရမယ်။ နောက် AA က ပေးတဲ့ ရဲသင်တန်းတို့၊ အုပ်ချုပ်ရေးသင်တန်းတို့ကို မတက်ဖို့ ပြောတယ်။ တရားမဝင်တဲ့ လက်နက်ကိုင်အဖွဲ့နဲ့ ပူးပေါင်းရင် ဥပဒေအရ အရေးယူခံရမယ်လို့ ပြောတယ်”ဟု ၎င်းက ပြောသည်။

ဩဂုတ် ၂၃ တွင် ကျောက်ဖြူမြို့ပေါ်ရပ်ကွက် ၁၇ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများကိုလည်း စစ်တပ်က ခေါ်ယူပြီး အလားတူ သတိပေးထားသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယင်းသို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်မှ ခေါ်ယူသတိပေးခြင်းမှာ လုံးဝမဖြစ်သင့်ကြောင်း AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ရခိုင်အခြေစိုက် DMG မီဒီယာသို့ ပြောဆိုထားသည်။

“ဒီဟာကတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပဲဗျ။ လုံးဝမလုပ်သင့်တဲ့ ကိစ္စဖြစ်တယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် အခု ကျွန်တော်တို့ ULA/AA က ရခိုင်ပြည်မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူ့ရေးရာ လုံခြုံရေးကိစ္စတွေ၊ နောက် ကိုဗစ်ထိန်းချုပ်ရေးကိစ္စတွေကို ကြိုးစားပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေတယ်ဆိုတာက ရခိုင်ဒေသအတွင်းမှာ တရားမျှတမှုရရှိဖို့၊ ဥပဒေစိုးမိုးမှုရှိဖို့ နောက်ပြီး ဒေသအတွင်း တည်ငြိမ်အေးချမ်းဖို့အတွက် ကျွန်တော်တို့ လုပ်ဆောင်နေတာဖြစ်တယ်” ဟု ၎င်းက ပြောခဲ့သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်များကို ULA /AA ၏ အုပ်ချုပ်ရေးဆိုင်ရာ နေရာများနှင့် ရဲလုပ်ငန်းတို့တွင် ပါဝင်လာရန် စီစဉ်ထားကြောင်း၊ အုပ်ချုပ်ရေးဆိုင်ရာ ရုံးလုပ်ငန်းများနှင့် ဥပဒေဆိုင်ရာ သင်တန်းများပေးရန် စီစဉ်နေကြောင်း အာရက္ခမီဒီယာနှင့် သီးသန့်ဆက်သွယ်မေးမြန်းခန်းတွင် ထည့်သွင်းပြောထားသည်။

စစ်ကောင်စီ၏ ထိုသို့ပြောဆိုမှုအပေါ် ဒေသတည်ငြိမ်ရေးအတွက် အုပ်ချုပ်ရေး ၊ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်လာသည့် အဖွဲ့အစည်းကို ကန့်ကွက်တားမြစ်လာခြင်းသည် ကောင်းသည့်လက္ခဏာဟု မမြင်ကြောင်း ရခိုင့်နိုင်ငံရေးသမားများက သုံးသပ်ကြသည်။

“ပြည်သူတွေမှာတော့ ပြဿနာတစ်ခုဖြစ်လာရင် သြဇာရှိတဲ့သူတွေဆီ ဖြေရှင်းပေးဖို့ တောင်းဆိုကြမှာပါပဲ။ အခုဆိုရင် သတိထားမိသလောက် လူထုကြားထဲမှာ ရာဇဝတ်မှုတွေ၊ ပြစ်မှုတွေ အများကြီးမတွေ့ရဘူး။ ဖြစ်လာရင်လည်း သူတို့ကို ဖြေရှင်းပေးမယ်လို့ ယုံကြည်ရတဲ့အဖွဲ့အစည်းကို သွားပြီး တိုင်ကြားလို့ရနေတဲ့အခါမှာ ပြဿနာတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်လို့ မကြားမိဘူး”ဟု ကျောက်တော်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက ပြောသည်။

မင်းပြားမြို့နယ်၊ လက်မ(မွတ်စလင်)ကျေးရွာတွင် ဖြစ်ပွားသော ခိုးဆိုးလုယက်မှုများနှင့် ပတ်သက်ပြီး တိုင်ကြားလာသောကြောင့် ဩဂုတ်လအတွင်း AA က တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။ 

ပြီးခဲ့သည့် ဩဂုတ် ၁ တွင် AA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် ULA က ရခိုင်ပြည်နယ်အတွင်း တရားစီရင်ရေးကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ 

ထို့နောက် မြေပြင်အခြေအနေတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးမှာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့ရွာအများစုတွင် လွှမ်းမိုးခြင်း မရှိတော့ဘဲ AA က အုပ်ချုပ်ရေး၊ တရားစီရင်ရေးအပိုင်းတို့ကို တာဝန်ယူလာခြင်း ဖြစ်သည်။

AA ၏ ဩဇာအာဏာ ဒေသတွင်း ပိုမိုပျံ့နှံ့လာကြောင်း ထင်ရှားသည့် ရခိုင်နိုင်ငံရေးသမားတချို့နှင့် ဒေသခံများက ဆိုသည်။ 

ပြီးခဲ့သည့် ၂၀၂၀ နိုဝင်ဘာလဆန်းတွင် AA နှင့် စစ်တပ်တို့ အပစ်ရပ်ခဲ့သော်လည်း AA က ရခိုင်ပြည်တွင်း ဩဇာကြီးလာသောကြောင့် စစ်တပ်ဘက်မှ ပြန်ထိန်းချုပ်ရန် ကြိုးပမ်းနေပြီး စစ်အင်အားတိုးချဲ့မှုများ ရှိခဲ့ကာ AA ဘက်ကလည်း စောင့်ကြည့်နေကြောင်း ပြန်လည်ပြောဆိုခဲ့သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button