အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရုံးချိန်းသို့ မလာရောက်သော သက်သေများကို သက်သေအရာမှ ပလပ်ရန် တရားလိုရှေ့နေတင်ပြ

ရန်ကုန် – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီအသတ်ခံရမှုတွင် သေနတ်သမားအပါအဝင် စွပ်စွဲခံရသူများကို ၉၄ ကြိမ်မြောက် ရုံးထုတ်ခဲ့ရာ ရုံးချိန်းသို့ မလာရောက်သော တရားခံပြသက်သေများကို ပလပ်ပြီး အမှုဆက်လက်စစ်ဆေးသွားရန် တရားလိုရှေ့နေများက တင်ပြခဲ့သည်။

တရားခံဘက်က သက်သေများအချိန်မီ မခေါ်သွင်းနိုင်ခြင်း၊ ရုံးမှဆင့်ခေါ်ရာတွင်လည်း လိပ်စာမတိကျခြင်း တို့ကြောင့် အမှုကြန့်ကြာနေသည့်အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၇(၁) အရ တရားခံပြသက်သေ ကျန်ရှိသူများအား ပယ်ပြီး အမှုကိုဆက်လက်စစ်ဆေးပေးရန် တရားလိုရှေ့နေများဘက်က စာဖြင့် တင်ပြခဲ့သည်ဟု ပြန်ကြားရေးအရာရှိ ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင် တရားသူကြီး ဦးရဲလွင်က ပြောသည်။

ပလပ်မည်၊ မပလပ်မည်ကို သုံးပါးထိုင် အထူးခုံရုံးဥက္ကဋ္ဌ အမှုစစ်တရားသူကြီး ဦးခင်မောင်မောင်က ဆက်လက်ဆုံးဖြတ်မည်ဖြစ်သည်။

ပြီးခဲ့သော ရုံးချိန်းများတွင် တရားခံဘက်မှ သက်သေများကို တစ်ကြိမ်စစ်တိုင်း သက်သေ သုံးဦးခေါ်ဆောင်လာရန် တရားရုံးက ညွှန်ကြားထားခဲ့သော်လည်း ယနေ့အတွက် ဆင့်ခေါ်ထားသည့် ဦးသူရမောင်၊ မစုမော်ထွန်းနှင့် ဒေါ်မြအေးတို့သုံးဦးအနက် သက်သေတစ်ဦးမျှ လာရောက်ခြင်းမရှိခဲ့ပေ။

“ခင်ဗျားတို့က အမှုကို သက်သက် အချိန်ဆွဲနေတာ။ ကျွန်တော် တရားဝင်ပြောတာနော်။ ကျွန်တော် တရားဝင်ပြောတာ”ဟု အမှုစစ်တရားသူကြီးက တရားခံဘက်ကို တရားခွင်အတွင်း ပြောသည်။

ဒီဇင်ဘာလ ၂၁ ရက် (မနက်ဖြန်) ရုံးချိန်းတွင် ခံပြသက်သေ သုံးဦးအဖြစ် ဦးသီဟ၊ ဦးကျော်ညွန့်၊ ဦးကျော်ဆင့်တို့ကို ဆင့်ခေါ်ထားပြီး ၎င်းတို့ မလာရောက်ပါက ဦးကိုနီလုပ်ကြံမှုတွင် ငွေကြေးထောက်ပံ့သူဟု စွပ်စွဲခံထားရသည့် တပ်မတော်ထောက်လှမ်းရေး ဗိုလ်ကြီးဟောင်း ဇေယျာဖြိုး၏ဇနီး ဒေါ်သီတာလွင်ကို စစ်ဆေးသွားမည်ဟု အမှုစစ် တရားသူကြီးက ပြောသည်။

“သူမခေါ်နိုင်တဲ့ သက်သေကို ရုံးက ဘာမှဆက်စောင့်နေစရာ အကြောင်းလည်းမရှိဘူးဗျ။ တရားခံပြသက်သေ တင်မယ်ဆိုရင် အစကတည်းက ပြင်ဆင်ပြီးတင်ရမှာ။ ခုကျမှ တစ်ခုပြီးတစ်ခု အကြောင်းအမျိုးမျိုးပြ ဟိုပြော ဒီပြော စသဖြင့်ပေါ့ဗျာ။ ကြာအောင်လုပ်တယ်ဆိုရင်တော့ ဒါ တရားခံဘက်ကနေ မှန်ကန်ဖြောင့်မှန်တဲ့ တရားစီရင်ရေး ကို အနှောင့်အယှက်ပေးသလို ဖြစ်တာပေါ့ဗျာ”ဟု တရားလိုရှေ့နေ ဦးခင်မောင်ဌေးကပြောသည်။

အမှုကြန့်ကြာစေရန် ရည်ရွယ်ပြီး တရားခံဘက်မှတင်ပြသော သက်သေများ မလာရောက်ခြင်းဖြစ်ပါက တရားရုံးအနေဖြင့် ၂၀၀၉ ခုနှစ် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် – ၃၃၃(ခ) ဖြင့် ငြင်းပယ်နိုင်ကြောင်း ၎င်းကပြောသည်။

ယနေ့ ၉၄ ကြိမ်မြောက်ရုံးချိန်းတွင် တရားခံပြသက်သေတစ်ဦးဖြစ်သူ ရန်ကင်းမြို့နယ်မှ Shogun Trading ကုမ္ပဏီပိုင်ရှင် ဦးတင်ထွန်းအောင်၏ ဇနီး ဒေါ်နွယ်နီခိုင် လာရောက်ထွက်ဆိုပြီး ကျန်သက်သေများမှာ တရားရုံးမှ စာထုတ်ဆင့်ခေါ်သော်လည်း ပြည်ပသို့ရောက်နေခြင်း၊ အချို့မှာ တိကျသောနေရပ်လိပ်စာ မဟုတ်သောကြောင့် မရောက်ရှိလာခဲ့ဟု သိရသည်။

ယနေ့ ရုံးချိန်းတွင် တရားခံ ဇေယျာဖြိုးက တစ်ပတ်လျှင် အမှုသုံးမှုအတွက် တရားရုံး သုံးရုံး(တာမွေ၊ ဗဟန်း၊ အင်းစိန်) တွင် တစ်ပတ်အတွင်း ရုံးချိန်း သုံးကြိမ်သွားနေရသဖြင့် မြောက်ပိုင်းခရိုင်တရားရုံးတွင် တစ်ပတ် တစ်ကြိမ်သာ ရုံးထုတ်စစ်ဆေးရန် လျှောက်ထားချက်နှင့် ပြည်ထောင်စုတရားလွှတ်တော်မှာ လျှောက်ထားသော စာချွန်တော် တင်ထားသဖြင့် လက်ရှိအမှုစစ်ဆေးတာကို ဆိုင်းငံ့ပေးရန် လျှောက်ထားချက်များကို ခုံရုံးက ပယ်ဖျက်ခဲ့ပြီး အမှုကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

တရားလွှတ်တော် ရှေ့နီဦးကိုနီ လုပ်ကြံခံရမှုတွင် အမှုစစ်ဆေးသည်မှာ နှစ်နှစ်နီးပါး ရှိလာပြီဖြစ်ပြီး တရားခံဘက်က တင်ပြသည့် သက်သေ ၇၂ ဦးအနက်မှ စစ်ပြီး ၃၄ ဦးနှင့် တရားရုံးပယ်သူ ၂၀၊ လက်ကျန် ၁၈ ဦး ရှိသည်။

တရားလိုပြသက်သေ ၈၀ တင်ပြထားပြီး၊ ၇၅ ဦး စစ်ပြီးဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button