သတင်း

ရန်ကုန်−မန္တလေး အမြန်လမ်းတွင် စစ်ကားတစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရ

ယမန်နေ့(ဒီဇင်ဘာ ၂) မွန်းလွဲ ၁ နာရီခွဲခန့်က စစ်ကားတစ်စီးကို ရန်ကုန်−မန္တလေး အမြန်လမ်း ၃၄၃ မိုင် ၅ ဖာလုံတွင် ထိန်းချုပ်မိုင်း ၆ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်သည်ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) က ပြောသည်။

မန္တလေးမြို့သို့ ရောက်ခါနီးတွင် ထိုသို့စောင့်ကြိုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကျောက်ဆည်) နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် စစ်သည်အင်အား ၃၀ ခန့်ပါဝင်မည်ဟု ခန့်မှန်းရသည့် စစ်ကားပေါ်မှ ထိခိုက်၊ သေဆုံးမှုတို့ကို အတည်မပြုနိုင်သေးကြောင်း K.D.D.F အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“အစက ကျွန်တော်တို့ အနားကပ်ပြီး ပစ်သွင်း၊ ပြီးရင် လက်နက်ယူဖို့ စီစဉ်ခဲ့တာ၊ ဒါပေမဲ့ စစ်ကားနောက် ကပ်လျက်မှာက ခရီးသည်တင်ကားတစ်စီးပါလာတော့ ပစ်ခတ်ရင် ပြည်သူတွေထိမှာစိုးလို့ အဝေးကနေပဲ ကြိုးဆွဲလိုက်ရတယ်”ဟု ၎င်းက ပြောသည်။

“ပစ်လာခတ်လာရင် ပြန်ပစ်ဖို့ ပြင်ဆင်ထားပေမဲ့ သူတို့ဘက်က တစ်ချက်မှ ထွက်မလာဘူး။ မိနစ်နှစ်ဆယ်လောက်ကြာတာတောင် တစ်ချက်မှ ပြန်မပစ်ဘူး” 

ထိုသို့ နာရီဝက်ခန့် စောင့်ကြည့်မှုအတွင်း တိုက်ခိုက်ခံရသည့် မော်တော်ယာဉ်ပျက်စီးမှုအခြေအနေကို K.D.D.F ထံမှ မသိရသလို ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က နှုတ်ဆိတ်နေဆဲဖြစ်သည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံမှုများ တိုးလာနေချိန်တွင် ရန်ကုန်−မန္တလေး အမြန်လမ်းကဲ့သို့သော နိုင်ငံအတွင်း အဓိကလမ်းမကြီးများပေါ်တွင် တိုက်ခိုက်မှုများရှိလာသည်။

နိုဝင်ဘာ ၉ တွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၁၀ အနီးရှိ ဇဟား (ခ) စေတီတစ်ထောင်ရဲကင်းကို ဖြူးမြို့ဒေသကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ရာ ရဲငါးဦး သေဆုံးပြီး လက်နက်များရယူနိုင်သည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button