ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားသည့် မတူပီခရိုင်အဆင့် ရုံးတစ်ရုံးကို ယနေ့ (နိုဝင်ဘာ ၂၆) နံနက်ပိုင်းတွင် ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ – မတူပီ (CDF – Matupi) က ပြောသည်။
မြို့မှ ငါးမိုင်ခန့်အကွာရှိ ထိုရုံးတွင် စစ်သား ၁၀ ဦးခန့် တပ်စွဲထားသည်ဟု ဆိုသည်။
“မတူပီ ခရိုင်ရုံးဆောက်ထားတဲ့နေရာမှာဖြစ်တာ။ အရင်တုန်းကလည်း ခဏခဏဖြစ်တယ်။ အခုလည်း အဲဒီနေရာမှာဖြစ်တာ။ စစ်ကောင်စီဘက်ကတော့ ၂ ယောက်ကျတယ်။ ၁ ယောက်က အကြီးအကျယ်ဒဏ်ရာရတယ်” ဟု CDF – Matupi အဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူက ယနေ့နေ့လယ်ပိုင်းတွင် ပြောသည်။
မတူပီမြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၁၄၀ ဘက်မှ အင်အား ၃၀ ခန့် စစ်ကူရောက်လာပြီး စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း CDF – Matupi ထံမှ သိရသည်။
ယမန်နေ့ကလည်း ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ပူးပေါင်းပြီး မတူပီ – ပလက်ဝ လမ်းပေါ်ရှိ ခမရ ၃၀၄ တပ်ရင်း ကင်းစခန်းကို ပြောက်ကျားတိုက်ခိုက်ရာ ကင်းစောင့်စစ်သား ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရကြောင်း၊ ၎င်းတို့က ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း CDF – Matupi အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ထိုတပ်ရင်းသည် ခရီးသွားပြည်သူများကို ခြိမ်းခြောက်၊ စစ်ဆေး၊ ဖမ်းဆီး၊ နှိပ်စက်နေခြင်းကြောင့် ဝင်ရောက်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း CDF -Matupi က သတင်းထုတ်ပြန်သည်။
ယမန်နေ့နှင့် ယနေ့ ထိခိုက်သေဆုံးမှုအရေအတွက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း တိုက်ပွဲသတင်းကို ထုတ်ပြန်လေ့မရှိပေ။
အာဏာသိမ်းစစ်ကောင်စီက CDF တပ်ဖွဲ့ဝင်တို့ကို အကြမ်းဖက်သမားဟု တံဆိပ်ကပ်ထားသည်။
မတူပီမြို့နယ်တွင် အထက်ပါတပ်ရင်းနှစ်ခုအပြင် စစ်ဗျူဟာတစ်ခု အခြေစိုက်ထားပြီး ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း၊ ဖနိုင်နှင့် ငလိုင် အပါအဝင် ကျေးရွာများမှ ရာနှင့်ချီသည့်ဒေသခံတို့ နေရပ်စွန့်ခွာပြီး နီးစပ်ရာကျေးရွာများတွင် ခိုလှုံနေရကြောင်း CDF-Matupi ထံမှ သိရသည်။
အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင်ခုခံမှု ပြင်းထန်နေသည့် ချင်းပြည်နယ်ကို ထိုးစစ်ဆင်ရန် ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ စစ်တပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် လက်နက်၊ လူအင်အားဖြည့်တင်းခဲ့သည်။
ဒေသခံတို့ မြို့လုံးကျွတ်စစ်ရှောင်နေကြပြီး စစ်ကောင်စီတပ်သားတို့သာ တပ်စွဲထားသည့် ပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့၌ နိုဝင်ဘာ ၂၄ တွင် မီးထပ်မံလောင်ကျွမ်းရာ နေအိမ် ၅၀ ခန့် မီးထဲပါသွားသည်။ ထိုမြို့သည် မကြာသေးခင်ကမှ နေအိမ်ပေါင်း ၂၀၀ ကျော် မီးရှို့ခံထားရသည့် မြို့ ဖြစ်သည်။
စစ်ကောင်စီကမူ CDF ၏ လက်ချက်ဟု စွပ်စွဲထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)