မေးမြန်းခန်း

“ဘာသာရေးကို ရောင်းဖို့ ကြိုးစားရင် ပြဿနာတက်မယ်”

နိုင်ငံတော် ပရိယတ္တိ သာသနတက္ကသိုလ် ပါမောက္ခ တွဲဖက်တာဝန်မှူး ဒေါက်တာလှထွန်းသည် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသူလည်း ဖြစ်သည်။

မကြာသေးမီက Myanmar Now နှင့် တွေ့ဆုံစဉ် သနန္တနဓမ္မပါလ (ဟိန္ဒူ)အဖွဲ့ချုပ်၏ သာသနာပြု အကျိုးတော်ဆောင် ဒေါက်တာလှထွန်းက ဘာသာရေး၊ သဟဇာတဖြစ်မှုတို့အကြောင်း ပြောပြထားသည်။

မေး – ဘာသာရေးပဋိပက္ခ ပေါ်ပေါက်မလာရေးအတွက် ဘာတွေ ဆောင်ရွက်သင့်သလဲ။

ဖြေ – ဗုဒ္ဓဘာသာသည် ဒီတိုင်းပြည်ရဲ့ ဘာသာ ဖြစ်တယ်။ လူဦးရေ အရလည်း များတယ်။ တိုင်းပြည်မှာ သဟဇာတ ဖြစ်ပြီး သွားနေရင်တော့ ဘာပြဿနာမှ မရှိဘူး။ သဟဇာတ ရှိရှိနဲ့ နေလာခဲ့လို့ပဲ ဒီလောက် ဘာသာရေး အဆောက်အအုံတွေရှိတယ်။ လူမျိုးအနေနဲ့ တစ်ခါတလေ အခွင့်အရေးတွေ လိုလာတယ်၊ ပြောလာတယ်၊ တိုက်တွန်းလာတဲ့အခါမှာ အဲဒီအပေါ်မှာ ပြဿနာဖြစ်တာ များတယ်၊ ဘာသာရေးအနေနဲ့ ဘာမှ ပြဿနာမရှိဘူး။

မြန်မာနိုင်ငံမှာ ခရစ်ယာန် Church တွေ (ဘုရားကျောင်းတွေ) က အများကြီး။ ဒီဘုရားကျောင်းတွေက ကိုလိုနီခေတ်မှ ဖြစ်သွားတာ များတယ်။ ဗလီတွေဘာတွေလည်း ဆောက်လာတာ ပဲ။ မြို့တိုင်းမှာ ဗလီတွေ ရှိတယ်။ သဟဇာတမဖြစ်ဘူး ဆိုရင် ဘယ်သူမှ ပေးမဆောက်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ရိုသေလို့ လေးစားလို့ အပြန်အလှန် လေးစားမှုရှိလို့ ဘာပြဿနာမှ မရှိခဲ့ဘူး။ ခုခေတ်မှာတော့ ဒါကို အကြောင်းပြပြီးတော့ စကားများလာတာတို့၊ အနိုင်ကျင့်လာတာတို့ ဖြစ်လာတာ။ ဘာသာရေးက အဓိက မဟုတ်ဘူး။ စိတ်ချမ်းသာဖို့၊ ကိုယ်ယုံကြည်မှုအရ ဘဝရဲ့ပန်းတိုင်ကိုသွားဖို့ လူတိုင်း သူ့ဘာသာနဲ့ သူသွားနေကြတာပဲ။ သွားလည်း သွားသင့်တယ်။ ကိုယ့်ရဲ့ယုံကြည်မှုနဲ့ ဆိုင်တယ်။ သို့သော်လည်း ဘာသာကို ခုတုံး လုပ်ပြီး လုပ်တာတော့ မကောင်းဘူးပေါ့။

စစ်အစိုးရ အုပ်ချုပ်နေတဲ့ အချိန်မှာ အားလုံးက သူ့ဟာနဲ့ သူသွားနေကြတာကို ဘာမှ ပြဿနာ မရှိသေးဘူး။ ခုမှ ဒီမိုကရေစီခေတ်ရောက်လာတဲ့ အခါမှာ နိုင်ငံတကာကလည်း လူ့အခွင့်အရေးတို့ ဘာတို့ ညာတို့ အဲဒီလို လုပ်ပြီးတော့ တွန်းအားပေးလာတော့ အဲဒီအပေါ်မှာ နည်းနည်းလေးပေါ့၊ နဂိုပုံစံလို မဟုတ်တော့ဘူးပေါ့၊ အဲဒီလိုတော့ ကျွန်တော်မြင်တယ်။

မေး – ကိုယ့်ရဲ့ ကိုးကွယ်ယုံကြည်မှုဟာ ကိုယ်နေထိုင်တဲ့ နိုင်ငံပေါ် ဘယ်လို လွှမ်းမိုးမှုတွေ ရှိသလဲ။

ဖြေ – ဒီနိုင်ငံမှာနေတယ်။ ကျွန်တော်လည်း ဒီနိုင်ငံမှာပဲ မွေးတယ်။ ကျွန်တော့် ဘိုးစဉ်ဘောင်ဆက်ကလည်း ဒီမှာမွေးခဲ့တာပဲ။ ကျွန်တော့် သာရေး၊ နာရေးသည် ဒီတိုင်းပြည်နဲ့ ဆိုင်သလို တိုင်းပြည်ရဲ့သာရေး နာရေးသည်လည်း ကျွန်တော်နဲ့ ဆိုင်တယ်။ တစ်နိုင်တစ်ပိုင် အဲဒီထဲမှာ ကျွန်တော်သည် တိုင်းသူပြည်သား တစ်ယောက် အနေနဲ့ မဖြစ်မနေ ပါဝင်ရမယ်။ နိုင်ငံတော်ရဲ့ အထင်ကရဖြစ်တဲ့ လေးစားရမယ့်၊ ရိုသေရမယ့် နိုင်ငံတော် အလံ ရှိတယ်။ နိုင်ငံတော် သီချင်း ရှိတယ်။ အားလုံးကို လေးစားရမယ်။ ဒါကို အသက်ပေးပြီးတော့ ကာကွယ်ရမယ် ဆိုရင်လည်း ကာကွယ်ရမယ်၊ ဒီတိုင်းပြည်မှာ မွေးဖွားလာတဲ့ လူတိုင်း နိုင်ငံတော် ကိစ္စကိုတော့ လုပ်ရမယ်။

ဘာသာတရားသည် ကိုယ့်ရဲ့စိတ်ချမ်းသာမှုနဲ့ ဆိုင်တယ်။

မေး – ဘာသာရေး ပဋိပက္ခတွေဟာ လှုံ့ဆော်မှုတွေကြောင့်လို့ ယူဆနိုင်သလား။

ဖြေ – နိုင်ငံတကာက ပြောသွားတဲ့ အပေါ်ကို ကျွန်တော်တို့ လိုက်လုပ်နေရမယ် ဆိုရင် မလုပ်သင့်ဘူး။ တိုင်းပြည်မှာ ကိုယ့်ရဲ့ တိုင်းပြည် အစဉ်အလာ၊ လုပ်ထုံးလုပ်နည်းတွေ ရှိတယ်၊ အဲဒီဘောင်ထဲကပဲ သွားရမယ်။ ကျွန်တော်တို့ ရဟန်း၊ သံဃာတွေကို ဆွမ်းကပ်တယ်။ ကျွန်တော်တို့ နှစ်စဉ် နှစ်တိုင်း ဝါဆိုသင်္ကန်းကပ်တယ်။ ဟိုဘက်က လာပြောလို့မဟုတ်ဘူး၊ ကျွန်တော်တို့ ရိုးရာလေ၊ ကျွန်တော်တို့ ယဉ်ကျေးမှုလေ။ အစ္စလာမ်ဘာသာမှာလည်း ရှိတာပဲ။ ဒီလိုလုပ်ခြင်းသည် ကျွန်တော်တို့ အချင်းချင်းမှာ သဟဇာတဖြစ်တယ်။

ကျွန်တော်တို့ တိုင်းပြည်မှာ သမိုင်းကိုကြည့်ရင် ဘာသာရေး ပဋိပက္ခဆိုတာ မရှိခဲ့ဘူး။ လူမျိုးရေး တစ်နေရာမှာဖြစ်ရင် ဖြစ်သွားလိမ့်မယ်။ စီးပွားရေးကြောင့် ဖြစ်ရင် ဖြစ်သွားလိမ့်မယ်။

မေး – ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အတွက် ဘာတွေ ဆောင်ရွက်ဖို့ လိုမယ်ထင်ပါသလဲ။

ဖြေ – မြန်မာပြည်မှာတော့ ဘာသာပေါင်းစုံအချင်းချင်း တွေ့ဆုံတာတို့၊ ဟောပြောပွဲလုပ်တာတို့၊ ဘာသာပေါင်းစုံနဲ့ ပတ်သက်ပြီး သင်ကြား ပို့ချတာတို့ ရှိရင် ပိုကောင်းမယ်။ မြန်မာနိုင်ငံမှာ ဘာဖြစ်နေသလဲ ဆိုတော့ ဟိန္ဒူက ဟိန္ဒူအကြောင်းပဲ သိတယ်။ အစ္စလာမ်အကြောင်းကို မသိဘူး။ အစ္စလာမ်ကလည်း အစ္စလာမ်အကြောင်းပဲ သိတယ်။

ဗုဒ္ဓဘာသာကလည်း ဗုဒ္ဓဘာသာအကြောင်းပဲ သိတယ်။ ခရစ်ယာန်ဘာသာ အကြောင်းကို မသိဘူး။ ဘာသာပေါင်းစုံ ရှိနေတယ်။ လူတိုင်းက ဘာသာပေါင်းစုံနဲ့ ပတ်သက်ပြီးတော့ အနည်းငယ် သိကိုသိရမယ်၊ အခြေခံတော့ သိထားသင့်တယ်။ သိမှသာလျှင် တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့ အခါမှာ၊ သွားလာတဲ့ အချိန်မှာ အဆင်ပြေမယ်။ (စာသင်ကျောင်းမှာ) မူလတန်းအဆင့်ကနေ နည်းနည်းချင်း သင်သွားသင့်တယ်။

မေး – ဘာသာပေါင်းစုံ ညီညွတ်ရေးအတွက် ဘယ်လို အခြေခံတွေ လိုအပ်ပါသလဲ။

ဖြေ – ဘာသာတရား ဆိုတာ ရောင်းလို့ရတာ မဟုတ်ဘူး။ ဘာသာရေးကို ရောင်းဖို့ ကြိုးစားရင် ပြဿနာ တက်မယ်၊ ဒါက ပြဿနာကို ဖြစ်စေတဲ့ လုပ်ရပ်တွေ၊ အဲဒါကို ရှောင်ရမယ်။

ဥပမာပေါ့ဗျာ ကျွန်တော့် ပစ္စည်း ကောင်းတယ်လို့ ပြောလာပြီဆိုရင် ခင်ဗျား ပစ္စည်းက မကောင်းဘူးလို့ ဆိုလိုရာ ရောက်နေပြီ၊ ငါ့ဘာသာပဲ ကောင်းတယ်၊ မင်းဘာသာ မကောင်းဘူးပေါ့။ ဒါဟာ ပြဿနာကို ဖန်တီးတာ။ ကိုယ့်ဘာသာတရားနဲ့ ကိုယ်ရပ်တည်နေတာက ဘာပြဿနာမှ မဖြစ်ဘူး။

Show More

Related Articles

Back to top button