သတင်း

ရခိုင်အခြေစိုက် Western News သတင်းထောက်များ တိမ်းရှောင်နေရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Western News သတင်းဌာနရုံးခန်းတည်နေရာကို စစ်ကောင်စီက လိုက်လံစုံစမ်းနေသောကြောင့် သတင်းသမားအများအပြား လုံခြုံရေးစိုးရိမ်ရသဖြင့် တိမ်းရှောင်နေရသည်ဟု အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုက ပြောသည်။ 

ယမန်နေ့(နိုဝင်ဘာ ၁၉) ညနေပိုင်းက စစ်တွေမြို့ရှိ ရပ်ကွက်တချို့တွင် စစ်ကား၊ ရဲကား ၅ စီးခန့်ဖြင့် လှည့်လည်၍ “Western News သတင်းဌာန ရုံးခန်းဘယ်မှာလဲ၊ သူတို့ဘယ်မှာနေကြသလဲ”ဟု လိုက်လံမေးမြန်းခဲ့ကြောင်း၊ သတင်းဌာနရုံးခန်းကိုမူ ရောက်မလာသေးကြောင်း ကိုဝဏ္ဏခွာညိုက ပြောသည်။

“ပတ်ဝန်းကျင်က လူတွေကို စစ်တယ်။ မေးတယ်။ အဓိကတော့ သူတို့တော့ သိရင်တော့ ဝင်စီးမယ်ပေါ့။ လောလောဆယ်တော့ ကျွန်တော်တို့ ရုံးကလူတွေ အကုန်လုံးရှောင်နေရတဲ့အခြေအနေပဲ”ဟု ကိုဝဏ္ဏခွာညိုက ပြောသည်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ ဗိုလ်လောင်းသင်တန်းကျောင်းကို  စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ရက္ခိုင့်တပ်တော်(AA) ၏ ဗိုလ်လောင်းတချို့အပါအဝင် ဗိုလ်လောင်း ၂၃ ဦး သေဆုံးမှု ၇ နှစ်ပြည့် နှစ်ပတ်လည်အစီအစဉ်ကို စစ်တွေမြို့တွင် ပြုလုပ်ခဲ့ရာ ထိုအကြောင်း သတင်းတင်ဆက်မှုကြောင့် တုံ့ပြန်အရေးယူခြင်း ဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်သည်။ 

သို့သော် မတိုင်မီကပင် ရခိုင်ပြည်နယ်အတွင်း စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို သတင်း ရေးသား၊ ဖော်ပြမှု၊ စစ်ကောင်စီဟု ရေးသားသုံးနှုန်းမှုများကို မကြိုက်ကြောင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးက ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ဇွန်လအတွင်း ခေါ်ယူသတိပေးခဲ့ဖူးသည်ဟု ကိုဝဏ္ဏခွာညိုကပြောသည်။

“အဲဒီနောက်ပိုင်းမှာလည်း ကျွန်တော်တို့က ထပ်ပြီးရေးတယ်။ ဒါကြောင့် ကျွန်တော်တို့ကို အငြိုးထားပြီးတော့ ရုံးကို လိုက်ရှာတာ ဖြစ်ကောင်းဖြစ်နိုင်တယ်”ဟု ၎င်းက ပြောသည်။

Western News သတင်းဌာနကို လတ်တလောတွင် အမှုဖွင့်ထားခြင်း ရှိမရှိ အတည်မပြုနိုင်သေးသော်လည်း တိမ်းရှောင်နေစဉ်မှာပင် သတင်းလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်မည်ဟု အယ်ဒီတာချုပ်က ပြောသည်။

AA နှင့် စစ်ရေးပဋိပက္ခများရှိနေသည့် ရခိုင်ပြည်နယ်အတွင်းတွင် ဒေသအခြေစိုက် သတင်းဌာနနှင့် သတင်းထောက်များကို စစ်တပ်က ယခင်ကပင် ပစ်မှတ်ထားရန်ရှာမှုများ ရှိနှင့်ပြီးဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၂) ဖြင့် Development Media Group (DMG) အယ်ဒီတာချုပ် ဦးအောင်မင်းဦး၊ ၂၀၂၁ တွင် ထိုသတင်းဌာနဒုတာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်တို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် စစ်တပ်က အမှုဖွင့်ဖူးသည်။ ကြိုတင်တိမ်းရှောင်နိုင်ခဲ့သော ၎င်းတို့ အဖမ်းခံရခြင်းမရှိပါ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် လွတ်လပ်သည့် သတင်းမီဒီယာအခန်းကဏ္ဍကို စစ်ကောင်စီက တောက်လျှောက်ဖိနှိပ်နေပြီး သတင်းဌာန ၉ ခုကို ထုတ်ဝေခွင့်ရုပ်သိမ်းသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်ခေတ်သစ်၊ Mizzima, DVB, 7Day,The 74 Media, Delta News Agency, တာချီလိတ်သတင်းအေဂျင်စီ၊ မြစ်ကြီးနားသတင်းဂျာနယ်နှင့် Myanmar Now တို့ဖြစ်သည်။

ထို့အတူ အာဏာသိမ်းပြီးနောက် သတင်းသမား ၁၀၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရပြီး  ၅၀ ကျော် ဆက်လက် ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု Facebook တွင် Detained Journalists Information Myanmar အမည်ဖြင့် သတင်းသမားများ၏ လုံခြုံရေးအခြေအနေကို စောင့်ကြည့်နေသူတို့၏ မှတ်တမ်းအရ သိရသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button