
စစ်အာဏာသိမ်းကတည်းက ဖမ်းခံထားရသည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက စွပ်စွဲထားသည့် အဂတိမှု ၆ မှုအထိ ရှိနေပြီဟု ၎င်း၏ ရှေ့နေ ဦးအောင်နိုင်က ပြောသည်။
ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၆၄ နှစ်အရွယ် ဒေါက်တာအောင်မိုးညိုကို မဲရလဒ် ငြင်းဆန်ခဲ့သည့် ဗိုလ်ချုပ်ကြီးတို့က ဇွန် ၈ တွင် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နှင့် ထောင် ၂နှစ်ချခဲ့ပြီးဖြစ်သည်။
သို့သော် ထိုလမှစ၍ ဒေါက်တာအောင်မိုးညို ဆောင်ရွက်ခဲ့သည့် လုပ်ငန်း ၆ ခုနှင့် ပတ်သက်၍ အဂတိမှုများ ဆက်တိုက်ဖွင့်ခဲ့သည်ဟု ရှေ့နေ ဦးအောင်နိုင်က ပြောသည်။
“တစ်မှုချင်း ခွဲပြီး စွဲတယ်။ အမှုကို ပေါင်းမရတဲ့ အမှုမျိုးဖြစ်အောင် လုပ်ပြီး စွဲထားတယ်”ဟု ဦးအောင်နိုင်က ပြောသည်။
အိမ်ထောင်ဖက်နှင့် သားသမီးမရှိသော၊ ယခုလ ၂၄ တွင် အသက် ၆၄ နှစ် ပြည့်မည်ဖြစ်သော မကွေးတိုင်း ပွင့်ဖြူမြို့နယ်ဇာတိ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် မကွေးပညာရေးကောလိပ်၊ မကွေးဒီဂရီကောလိပ်၊ ပခုက္ကူအစိုးရနည်းပညာအထက်တန်းကျောင်း တည်ဆောက်ရာတွင် နိုင်ငံ့ဘဏ္ဍာပိုမိုကုန်ကျစေသည်၊ လယ်ယာမြေ၌ Denko ဆီဆိုင်တည်ဆောက်ရန် ခွင့်ပြုရာတွင် ကျပ်သိန်း ၅၀၀ ရယူသည် စသဖြင့် စွပ်စွဲထားသည်။
ထို့ပြင် ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်မရှိဘဲ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများ သုံးစွဲသည်၊ ဒေသတွင်း ဓာတ်အားပေးလုပ်ငန်းများကို လိုင်စင်သက်တမ်းတိုးမပေးသည့် အချိန်တွင် လုပ်ငန်းဆောင်ရွက်ခွင့် ပြုထားသဖြင့် မြေငှားရမ်းခငွေများ ဆုံးရှုံးသည်ဟုလည်း စစ်ကောင်စီက အကြောင်းပြထားသည်။
ထိုအကြောင်းအရာကိစ္စများနှင့် ပတ်သက်၍ ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးကြောင်း ဖော်ပြထားသည့် ပမာဏတွင် ကျပ်သိန်း ၅၀၀ သည်သာ အနည်းဆုံးဖြစ်ပြီး ကျပ် ၉ သန်းမှ သန်း ၃၀ ကျော်ထိ ရှိသည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်ဟု ရှေ့နေက ပြောသည်။
“သူ့အနေနဲ့ ဒီကိစ္စကို လာဘ်ပေးလာဘ်ယူတစ်ခုအနေနဲ့ လုပ်ခဲ့တာမဟုတ်ဘူး။ နိုင်ငံတော်ကောင်းကျိုးအတွက် သူလုပ်ဆောင်ခဲ့တယ်။ သူတို့ (တိုင်းအစိုးရ) အဖွဲ့က အဲဒီလိုပဲ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့ကြတယ်ဆိုတာပဲ ပြောပါတယ်” ဟု ဒေါက်တာအောင်မိုးညို၏ တရားခွင်အတွင်းရပ်တည်မှုကို ရှေ့နေ ဦးအောင်နိုင်က ရှင်းပြသည်။
အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် ဒေါက်တာအောင်မိုးညိုကို စွပ်စွဲထားသည့် ထိုအမှုများကို မကွေးအကျဉ်းထောင်အတွင်း သီးသန့်တရားရုံးတွင် မကွေးတိုင်းတရားသူကြီးတစ်ဦး လာရောက်ရုံးထိုင် စစ်ဆေးနေခြင်းဖြစ်သည်။
အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နေအိမ်အကျယ်ချုပ်ဖြင့်သာ ရှိနေချိန်တွင် စစ်တပ်၏ ထိုလုပ်ရပ်ကို လက်မခံနိုင်ဟု Facebook တွင် တိုက်ရိုက်ရုပ်သံ ထုတ်လွှင့်ပြီးနောက်တွင် ဒေါက်တာအောင်မိုးညိုကို အကျဉ်းထောင်သို့ ပို့ဆောင်ကာ ပုဒ်မများတပ်၍ စစ်ကောင်စီက အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
လက်ရှိရင်ဆိုင်နေရဆဲဖြစ်သည့် ထိုအဂတိမှုများကို တရားရုံးက ဒီဇင်ဘာလကုန်ပိုင်းတွင် အပြီးသတ်အမိန့်ချလိမ့်မည်ဟု ဒေါက်တာအောင်မိုးညို၏ ရှေ့နေက မျှော်လင့်ထားသည်။
လူထုဆန္ဒမဲနှင့် အုပ်ချုပ်နေသည့် အစိုးရကို ဖြုတ်ချ၍ အာဏာသိမ်းခဲ့သည့် စစ်တပ်က NLD ပါတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့ ကဲ့သို့သော ပါတီထိပ်တန်းပုဂ္ဂိုလ်များကိုပါ အဂတိဖြင့် စွပ်စွဲထားသည်။
တရားစီရင်ရေးအာဏာကို ချုပ်ကိုင်ထားသည့် စစ်ကောင်စီက နိုင်ငံရေးရန်ဘက်များ၊ အာဏာဖီဆန်သူများကို ထောင်ဒဏ် ဆက်တိုက်ချမှတ်နေသည်။
အဂတိမှု ၅ မှု တပ်ခံရသည့် ဒေါ်နန်းခင်ထွေးမြင့်ကို နိုဝင်ဘာ ၉ ရက်က အမိန့်ချရာတွင် အမြင့်ဆုံးပြစ်ဒဏ်ကို တစ်မှုချင်းအလိုက်ခွဲ၍ စုစုပေါင်း ထောင် ၇၅ နှစ်အထိ စစ်ကောင်စီက ချမှတ်ခဲ့သည်။
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကိုလည်း အလားတူ ထောင်ချမည်ဆိုပါက အများဆုံးချမှတ်နိုင်သည့် ထောင်ဒဏ်စုစုပေါင်းမှာ နှစ် ၉၀ ဖြစ်သည်။
NLD ခေါင်းဆောင်များ၏ ကိုယ်ကျင့်တရား ထိုသို့မဟုတ်ကြောင်း ကမ္ဘာကြီးကပါ သိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီး ဦးသိန်းဦးက မှတ်ချက်ပြုသည်။
သို့သော် မတော်မတည့် အာဏာသိမ်းသည့် လုပ်ရပ်ကြောင့် သေတွင်းနှုတ်ခမ်းဝသို့ ရောက်နေသည့် စစ်ကောင်စီက ၎င်းတို့၏ မတရားမှုကို ဖုံးကွယ်ရန် NLD ခေါင်းဆောင်များအပေါ် ရည်ရွယ်ချက်ရှိရှိ စွပ်စွဲနေခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
“(စစ်ကောင်စီ) သူတို့ဟာ နိုင်ငံတော်ပုန်ကန်မှုကြီးကို ကျူးလွန်တဲ့သူတွေဖြစ်တယ်။ ဒါကြောင့်မို့လို့ သူတို့သည် မူလ၊ တရားဝင် အာဏာရရှိထားတဲ့သူတွေကို မပျက်ပျက်အောင် ဖျက်ရမှာ။ သူတို့ရဲ့ ထွက်ပေါက်ပေါ့ဗျာ။ မိုးကြိုးပစ်တာကို ထန်းလျက်နဲ့ ကာသလိုပေါ့”ဟု ၎င်းက ပြောသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)