သတင်း

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် မောင်သွေးချွန်ကို ထောင်၂နှစ်ချ

စာရေးဆရာမောင်သွေးချွန်အား နိုင်ငံတော်အကြည်ညိုပျက်စေမှုဟု လူသိများသော ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နှင့် (ဂ)ဖြင့် မင်းကင်းတရားရုံးက ယနေ့တွင်ထောင်ဒဏ် (၂) နှစ် ချ မှတ်လိုက်သည်။

ဇွန်လပိုင်းက စတင်ရုံးထုတ်ခဲ့ပြီး တရားရုံးချိန်း ၁၅ ကြိမ်စစ်ဆေးခဲ့ပြီးနောက် အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

အမည်ရင်းမှာ ဦးမြင့်စိုးဖြစ်ပြီး သူ့ကိုယ်သူ အမျိုးသားရေးစာရေးဆရာဟု မကြာခဏထုတ်ပြောလေ့ရှိသည့် မောင်သွေးချွန်သည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် တွင် ပြီးခဲ့သည့် မတ်လ ၂၅ တွင် ပြုလုပ်ခဲ့သည့် ဟောပြောမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဟု လူသိများသော ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နှင့် (ဂ)ဖြင့် တရားစွဲဆို ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါဟောပြောပွဲတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှစ်ရပ်လုံး၏ ဥက္ကဋ္ဌနှစ်ဦးလုံးသည် ခရစ်ယာန်များဖြစ်လာကြောင်း၊ ဗုဒ္ဓဘာသာသည် မှေးမှိန်နေရကြောင်း သဘောသက်ရောက်သည့် စကားများ ဟောပြောခဲ့ခြင်းနှင့် ပတ်သက်ပြီး မင်းကင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဇော်က တရားလိုလုပ်၍ တရားရုံးသို့ ဦးတိုက်လျှောက်ထား ခဲ့ခြင်း ဖြစ်သည်။

အင်တာနက်တွင် ပျံ့နှံ့ခဲ့သော ရုပ်သံဖိုင်တွင် မောင်သွေးချွန်က “လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်လုံးဟာ ခရစ်ယာန်တွေ ဖြစ်သွားပြီ။ ဗုဒ္ဓဘာသာတွေ အနားကပ်လို့ မရတော့ဘူး။ ကျွန်တော်တို့တောင်းဆိုခဲ့တဲ့ မျိုးစောင့်ဥပဒေတွေ လွှတ်တော်ထဲမှာ မကြာခင် ဖျက်သိမ်းကောင်း ဖျက်သိမ်းခံရတော့မယ်။ …ဒုသမ္မတ တစ်ယောက်ကလည်း ခရစ်ယာန်၊ ခရစ်ယာန်တွေ ဘေးနားမှာလည်း မွတ်စလင်ကုလားတွေ ဝိုင်းထားတယ်။ ခရစ်ယာန်နဲ့ မွတ်စလင်တွေ ပေါင်းပြီး ဗုဒ္ဓဘာသာကို အမြစ်ပြတ်အောင် လုပ်တော့မယ်” ဟု ဟောပြောခဲ့သည်ကိုတွေ့ရသည်။


အထက်ပါစကားရပ်များသည် နိုင်ငံတော်ကို အကြည်ညိုပျက်အောင်လုပ်ခြင်း မဟုတ်ဘဲ၊ နိုင်ငံတော်ကို ကြည်ညိုစေချင်သောကြောင့်သာ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း မောင်သွေးချွန်က မေလအတွင်းက Myanmar Now ကို ပြောကြားခဲ့သည်။

“တစ်ဖက်စောင်းနင်း ဖြစ်နေလို့ပြောတာ။ လွှတ်တော်ဆိုတာက တိုင်းပြည်ရဲ့ အထွတ်အထိပ်ပဲ ဖြစ်တယ်။ ဥက္ကဋ္ဌနှစ်ယောက်မှာ တစ်ယောက်က ဗုဒ္ဓဘာသာဖြစ်တယ်ဆိုရင် Fair (မျှတ) ဖြစ်တာပေါ့။ ခုက နှစ်ယောက်လုံးက ခရစ်ယာန်ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ဇွန်လပိုင်းက စတင်ရုံးထုတ်ခဲ့ပြီး တရားရုံးချိန်း ၁၅ ကြိမ်စစ်ဆေးခဲ့ပြီးနောက် ထောင်ဒဏ်အပြစ်ပေးခံရသည့် သူ၏အမှုသည်၏ ပြစ်ဒဏ်မှာ များလွန်းကြောင်း မောင်သွေးချွန်၏ရှေ့နေ ဦးအေးပိုင်က Myanmar Now ကို ပြောသည်။

“ဒီမိုကရေစီခေတ်မှာ ဒီစနစ်ကိုသွားနေတဲ့အချိန်မှာ လွတ်လပ်စွာပြောဆိုခွင့်တွေကို အဓိကလိုလားကြတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေချိန်မှာ ဒီလိုပြစ်ဒဏ်တွေ အများကြီးပေးပြီး ပြုပြင်ပြောင်းလဲတာက မမှန်ကန်နိုင်ဘူး။ အပြုသဘောဆောင်ပြီး ညှိနှိုင်းပေးတာမျိုး လုပ်သင့်ပါတယ်။ အဲ့အပေါ်မှာ ၂ နှစ်ချလိုက်တယ်ဆိုတာ သိပ်ကိုများလွန်းအားကြီးတယ်” ဟု ၎င်းက ဖုန်းဖြင့်ပြောသည်။

မောင်သွေးချွန်ကို စွဲဆိုခဲ့သည့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)တွင် “နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်၎င်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်၎င်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ တစ်ခုခုဖြစ်စေရန် အကြံရှိလျှင်၊ သို့တည်းမဟုတ် ထိုသို့ဖြစ်စေ တန်ရာသည့် အကြောင်းရှိလျှင်၊ သို့တည်းမဟုတ်” ဟုပြဋ္ဌာန်းထားပြီး၊ (ဂ)တွင် “ လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ လူမျိုးစု အချင်းချင်းဖြစ်စေ တစ်ဖက်နှင့် တစ်ဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန်အကြံရှိလျှင်၊ သို့တည်းမဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်၊ ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟု ပြဋ္ဌာန်းထားသည်။

အပြီးသတ်အမိန့်ချခဲ့ပြီးနောက် မောင်သွေးချွန်အား ကလေးမြို့ရှိ အကျဉ်းထောင်သို့ ယနေ့ပို့ဆောင်မည်ဟု သူ၏ရှေ့နေက ဆိုသည်။

မောင်သွေးချွန်သည် နိုင်ငံတော်အစိုးရက တရားမဝင်အသင်းအဖြစ် ကြေညာပြီး ဖျက်သိမ်းလိုက်သော အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး (မဘသ) အဖွဲ့တွင် ဦးဆောင်ကဏ္ဍမှ ပါဝင်ခဲ့ပြီး၊ မဘသက ထုတ်ဝေသော မဂ္ဂဇင်းဂျာနယ်များတွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည်။

မဘသ ဖျက်သိမ်းပြီးနောက်တွင် ၎င်းကိုယ်တိုင် ပါတီဥက္ကဋ္ဌအဖြစ် ဖွဲ့စည်းတည်ထောင်သည့် မျိုးချစ်ညီညွတ်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရာ ရွေးကောက်ပွဲကော်မရှင်က လက်မခံဘဲ ပယ်ချခဲ့သည်။

ဆက်စပ်ဖတ်ရှုရန် –

“အမျိုးသားရေး” စာရေးဆရာ မောင်သွေးချွန်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ

Show More

Related Articles

Back to top button