သတင်း

မုံရွာ PDF ကို စစ်ကောင်စီ ခြေမြန်တပ်ရင်းတစ်ခုက ကျပ် ၅ သိန်း လှူဒါန်း

စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများဖြင့် ဖွဲ့စည်းထားသည့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ကို စစ်ကောင်စီ၏ မုံရွာအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၁၆ က ကျပ်ငါးသိန်းလှူဒါန်းခဲ့သည်။ 

ခမရ-၁၆ မှ တပ်မိသားစုဝင် ၁၆ ဦးက ကျပ်ငါးသိန်း လှူဒါန်းခဲ့ကြောင်း MPDF က ယမန်နေ့ (နိုဝင်ဘာ ၁၅) တွင် သတင်းထုတ်ပြန်ပြီး၊ ထိုသို့လှူဒါန်းရာတွင် ခမရ ၁၆ မှ မိသားစုဝင်များအမည်ဖြင့် ဖော်ပြပေးရန် မေတ္တာရပ်ခံသဖြင့် ထုတ်ပြန်ကြေညာရခြင်းဖြစ်သည်ဟု MPDF မှ တာဝန်ခံတစ်ဦးက Myanmar Now ကို ပြောသည်။

“ဒီမှာတော့ Option (ရွေးချယ်စရာ) နှစ်ခု ရှိနိုင်တာပေါ့။ တကယ်လှူတာလား။ သို့မဟုတ် အစုအဖွဲ့တစ်ခုက လှူပေးတာလားဆိုတာတော့ ကျွန်တော်တို့အနေနဲ့ သုံးသပ်ဖို့ ခက်ပါတယ်။ တော်တော်များများကို Announcement (ကြေညာချက်) မလုပ်တာများပါတယ်။ အလှူရှင်တစ်ဦးချင်းစီရဲ့ လုံခြုံရေးအရပေါ့နော်။ ဒီတစ်ခုသည် (ခမရ ၁၆ နာမည်နဲ့) တောင်းဆိုတာလည်း လုပ်လာတယ်။ ကြေညာဖို့လည်း ခွင့်ပြုပေးတယ်” ဟု အထက်ပါတာဝန်ခံက ပြောသည်။ 

အာဏာသိမ်းစစ်ကောင်စီက မည်သို့ပင် သတင်းအမှောင်ချနေစေကာမူ ရအောင် ရုန်းထကာ ဓမ္မဘက်က ရပ်တည်ပေး၍ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် တိုက်ပွဲဝင်နေကြသည့် ရဲဘော်များအတွက် ပံ့ပိုးပေးသော ခမရ ၁၆ မှ မိသားစုဝင် ၁၆ ဦးကို ကျေးဇူးတင်ကြောင်း MPDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုံရွာမြို့ ဂေါက်ကွင်းအနီးရှိ ခမရ ၁၆ မှ စစ်သားများသည် မုံရွာမြို့အနီးတစ်ဝိုက်ရှိ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွင်းရာတွင် အဓိကပါဝင်ခဲ့သည့် တပ်ရင်းဖြစ်သည်ဟု မုံရွာ PDF ထံမှ သိရသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီကို ခုခံတော်လှန်နေသည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းရာ ဒေသများသို့ စစ်ကူရန် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ ရောက်လာသည့် တပ်မ ၇၇၊ ၉၉၊ ၃၃ အပါအဝင် အခြားတပ်ရင်း၊ တပ်မများနှင့်အတူ ခမရ ၁၆ လည်း ပါဝင်သည်ဟု ဆိုသည်။ 

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်ကလည်း မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်အခြေစိုက် ဗိဿနိုးမြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ရန်ကုန်အခြေစိုက် ပျူစောထီးအဖွဲ့အမည်ဖြင့် ကျပ်ငွေ လေးသိန်းခွဲ လှူဒါန်းခဲ့သည်။ 

နိုဝင်ဘာ ၉ ကလည်း ထိုအဖွဲ့ထံသို့ပင် အမှတ် (၇) လေ့ကျင့်ရေးတပ်မှ ဖရဲသီးက ကျပ်ငွေ တစ်သိန်း လှူဒါန်းကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ တပ်မိသားစုဝင်များက လှူဒါန်းသည်ဆိုသော အချက်ကို Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ 

ခုခံတော်လှန်မှု ပြင်းထန်နေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ရွာများကို အာဏာသိမ်းစစ်ကောင်စီက အပြင်းအထန်ဖိနှိပ်လျက်ရှိရာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့်ပါ တိုက်ခိုက်လျက်ရှိသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button