သတင်း

ဥပဒေစိုးမိုးရေးအတွက် တရားရေးဝန်ထမ်းများအဖွဲ့ NUG ဖွဲ့စည်း

စစ်အာဏာသိမ်းမှုကြောင့် တရားစီရင်ရေးစနစ် ပျက်စီးသွားချိန်တွင် လူထုယုံကြည်ရသည့် တရားစီရင်ရေးမဏ္ဍိုင်တစ်ရပ် ဖြစ်လာစေရန် မြန်မာနိုင်ငံလုံးဆိုင်ရာပြည်သူ့တရားရေးဝန်ထမ်းများအဖွဲ့ကို ယမန်နေ့ (နိုဝင်ဘာ ၁၀) တွင် ဖွဲ့စည်းလိုက်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသည်။

ထိုယာယီအဖွဲ့အပြင် ယာယီအလုပ်အမှုဆောင်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီး လူထုလုံခြုံရေး၊ တရားမျှတရေးတို့အတွက် ရည်ရွယ်သည်ဟု NUG အစိုးရ၏ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ဆိုသည်။ 

ထိုကော်မတီတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် တရားသူကြီး ၉ ဦးနှင့် စာရေး ၂ ဦးတို့လည်း တာဝန်ယူထားပြီး နာယကမှာ ဦးသိန်းဦး ဖြစ်သည်။

ကော်မတီတွင် ပါဝင်သည့် တရားသူကြီးများမှာ အတွေ့အကြုံရှိသူများဖြစ်သည်ဟု ဦးသိန်းဦးက ပြောသည်။ 

“ပြည်တွင်းမှာ တရားဥပဒေစိုးမိုးရေးထိန်းဖို့ အဓိကအချက်ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ကလည်း တရားစီရင်ရေးမှာ ထဲထဲဝင်ဝင်ဆောင်ရွက်နေကြတဲ့ တရားသူကြီးတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ရဲ့ခြံစည်းရိုးလုံအောင် အရင်ကာရမဲ့ အနေအထားဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးသိန်းဦးက ပြောသည်။ 

“နယ်မြေသိမ်းတိုက်ပွဲတွေ ရှိလာတဲ့အခါကျရင် လူထုရဲ့ လုံခြုံရေးနဲ့ တရားမျှတရေး၊ တရားဥပဒေစိုးမိုးရေးကို တာဝန်ခံဆောင်ရွက်ကြမှာဖြစ်တယ်” 

NUG က ဖွဲ့လိုက်သည့် ဤအဖွဲ့သည့် လောလောဆယ်တွင် တရားမဲ့ပြုကျင့်ခံရသည့်ကိစ္စများ စုဆောင်းခြင်း၊ စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICC)၊ နိုင်ငံတကာတရားရုံး (ICJ) တို့တွင် တရားစွဲဆိုနိုင်ရေးအတွက် အချက်အလက်များကောက်ယူခြင်းတို့ ဆောင်ရွက်မည်ဖြစ်သည်။

သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့ဝင်များနှင့် အာဏာသိမ်းမှုဆန့်ကျင်သူများကို တရားစွဲဆို ထောင်ဒဏ်ချမှတ်နေမှုများကို ကြည့်၍ တရားရေးမဏ္ဍိုင် ပျက်စီးသွားပြီဖြစ်ကြောင်း ဝန်ကြီး ဦးသိန်းဦးက မှတ်ချက်ပြုသည်။

စစ်ကောင်စီ ကြိုးဆွဲရာ ကနေကြသည့် တရားရေးဝန်ထမ်းများ၏ လုပ်ဆောင်နေမှုမှာ လူထုအမြင်တွင် ရွံမုန်းစရာ ဖြစ်လာနေသည်ဟု သူက ဆက်ပြောသည်။ 

“ဘယ်သူ့ကြောင့်လဲဆို အကြမ်းဖက်စစ်ကောင်စီကြောင့်။ သူတို့ ဖိအားပေးလို့ တရားရေးဝန်ထမ်းတွေက လိုက်လုပ်နေရတာဖြစ်တယ်။ သူတို့ရဲ့ပညာရပ်ကို တန်ဖိုးမထားနိုင်လောက်တဲ့အဆင့်အထိကို ဖိအားပေးခံနေရတယ်ဆိုတာ အင်မတန်မှ ပေါ်လွင်ပါတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် တရားရေးဝန်ထမ်း ၄,၀၀၀ ကျော်ရှိသော်လည်း CDM တွင် ပါဝင်သည့် အရေအတွက်မှာ ၁၅၀ ကျော်သာ ရှိကြောင်း၊ ပြည်သူ့တရားရေးဝန်ထမ်းများအဖွဲ့ကို ဖွဲ့စည်းခြင်းအားဖြင့် ဥပဒေသမားများ CDM တွင် ပါဝင်လာရေး ပိုမိုလမ်းဖွင့်ပေးရာရောက်ကြောင်း ဝန်ကြီးက ပြောသည်။

ကော်မတီအနေဖြင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် NUG တို့ ချမှတ်ထားသည့် မူဝါဒ၊ စီမံချက်များနှင့်အညီ တရားရေးဆိုင်ရာများကို တာဝန်ယူဆောင်ရွက်မည်ဟု သိရသည်။

စစ်တပ်က အာဏာသိမ်းကာ နိုင်ငံ့ခေါင်းဆောင်များကို ထိန်းသိမ်းလိုက်ပြီးနောက် ရွေးကောက်ပွဲနိုင် NLD အမတ်အများစု ပါဝင်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဖေဖော်ဝါရီ ၅ တွင် ဖွဲ့စည်းလိုက်ကြသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ပထမသက်တမ်းကုန်ဆုံးသည့် မတ် ၃၁ တွင် CRPH က တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် ပူးပေါင်းပြီး အစည်းအဝေးများ အကြိမ်ကြိမ်ကျင်းပကာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကို ဧပြီ ၁၆ ၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း ​​အာဏာသိမ်းစစ်ကောင်စီ ကျူးလွန်ခဲ့သည့် ဆန္ဒပြသူတို့ကို သတ်ဖြတ်ခြင်းကဲ့သို့သော ရာဇဝတ်မှုများကို ICC တွင် အရေးယူနိုင်ရန် အချက်အလက်စုဆောင်းနေသည်ဟု မေလအတွင်းက ပြောထားသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button