အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကရင်ပြည်နယ်ဝန်ကြီးချုပ်ကို စစ်ကောင်စီက ထောင် ၇၅ နှစ်ချ

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အဂတိလိုက်စားမှု အမှု ၅ မှုဖြင့် ယနေ့ (နိုဝင်ဘာ ၉) တွင် စုစုပေါင်း ထောင်ဒဏ် ၇၅ နှစ် ချမှတ်လိုက်ကြောင်း သူ၏ ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

ဘားအံအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် ဝန်ကြီးချုပ်ကို တစ်မှုလျှင် ထောင်ဒဏ် ၁၅ နှစ် နှုန်းဖြင့် ထောင်တွင်းတရားရုံး၌ စီရင်ချက်ချခြင်းဖြစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး ဦးသန်းနိုင်သည်လည်း အဂတိအမှု ၆ မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ 

“သူတို့ (စစ်ကောင်စီ) ဘက်က ပြစ်ဒဏ်အပြည့်ချတာ‌ပေါ့။ ပြစ်ဒဏ်အပြည့်ချတဲ့အပေါ်မှာလည်း ဒီဘက်အမှုသည်တွေဖြစ်တဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးက ကြိုတင်မျှော်လင့်ထားပြီးသားဖြစ်တော့ ဒါနဲ့ပတ်သက်ပြီး ဘာမှ တုန်လှုပ်မှု မရှိပါဘူး” ဟု ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ရာထူးလက်ရှိ ရှိစဉ်က ဆေးဝါးကုသမှုငွေထုတ်ယူမှု၊ ကရင်ပြည်နယ် ကမ်းနားလမ်းသာယာလှပရေးဆောင်ရွက်မှု၊ ဖွံ့ဖြိုးရေးရန်ပုံငွေအတွက် ပုဂ္ဂလိကဘဏ်တွင် သီးခြားအကောင့်ဖြင့် ထည့်သွင်းထားမှုတို့နှင့် ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှု ၅ မှု တရားစွဲခဲ့သည်။

အဂတိမှု ၆ မှု စွဲဆိုခံထားရသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်မှာ စုစုပေါင်း ထောင်ဒဏ် အနှစ် ၉၀ ယနေ့ ချမှတ်ခံခဲ့ရသည်။

ထောင်ဒဏ်များနှင့် ပတ်သက်ပြီး အယူခံဝင်‌မည်မဟုတ်ကြောင်း ၎င်းတို့၏ ရှေ့နေ ဦးအောင်သိန်းက ဆိုသည်။ 

“အုပ်ချုပ်သူ လူတန်းစားတစ်စုကနေပြီးတော့ အစီအစဉ်တကျလုပ်တဲ့ အမှုအခင်းဖြစ်တဲ့အတွက်ကြောင့် ထောင်ဒဏ်ချဖို့အတွက် လုပ်တယ်ဆိုတဲ့သဘော ပေါ်ပေါက်နေတာပေါ့။ အဲဒီအပေါ်မှာ ကျွန်တော်တို့က တရားမျှတပါတယ်၊ တရားမမျှတပါဘူး ပြောနေလို့လည်း အပိုပဲပေါ့ဗျာ” ဟု ရှေ့နေက ဆက်ပြောသည်။

၂၀၂၀ ဇူလိုင် ၅ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (နေပြည်တော်) ဖွင့်လှစ်စဉ်က NLD ထိပ်ပိုင်းခေါင်းဆောင်များနှင့် အတူတွေ့ရှိရသော ဒေါ်နန်းခင်ထွေးမြင့်။ (ဓာတ်ပုံ-NLD ကရင်ပြည်နယ်)

ပြီးခဲ့သည့် မေ ၂၈ တွင် ဘားအံမြို့နယ်တရားရုံးက ၎င်းတို့နှစ်ဦးကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပြီး ဖြစ်သည်။ ဘားအံအကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရသည့်  ဒေါ်နန်းခင်ထွေးမြင့်၏ ကျန်းမာရေးအခြေအနေမှာ မျက်မြင်အရ ကောင်းမွန်နေသည်ဟု ရှေ့နေက ‌ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို စစ်ကောင်စီက အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ 

ယင်းနောက် ပြန်လွှတ်ပေးကာ နေအိမ်အကျယ်ချုပ်ထားရှိခဲ့ပြီး ဖေဖော်ဝါရီ ၈ တွင် ထပ်မံထိန်းသိမ်းခဲ့သည်။

ပြီးခဲ့သည့် ဇွန် ၁၀ ကလည်း ​​ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်အမှုအပါအဝင် နိုင်ငံရေးအမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ကရင်ပြည်နယ်မှ ရှေ့နေနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်များကို အဂတိမှုဖြင့် စစ်ကောင်စီက အမှုဖွင့်ထားပြီး ထောင်ဒဏ်နှစ်ရှည်ချမှတ်နိုင်ရန် ကြိုးပမ်းနေသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် မကွေးတိုင်းဝန်ကြီးချုပ်တို့သည်  ၅၀၅(ခ) ဖြင့် ထောင် ၂ နှစ် ချခံထားရပြီး စွဲဆိုခံထားရသည့် အဂတိမှုများကို အမှုရင်ဆိုင်နေရသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button