သတင်း

စစ်ကောင်စီထုတ်ပြန်ချက်ကို လက်မခံကြောင်း ဦးဂျင်မီ၏ ဇနီးတုံ့ပြန် 

​ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီကို ပြင်းထန်သော စွပ်စွဲချက်များဖြင့် အမှု ၆ ခုဖွင့်ထားသည်ဆိုသော စစ်ကောင်စီ၏ ယမန်နေ့ (နိုဝင်ဘာ ၇) ထုတ်ပြန်ချက်ကို လက်မခံကြောင်း ၎င်း၏ ဇနီးဖြစ်သူ ဒေါ်နီလာသိန်းက တုံ့ပြန်လိုက်သည်။ 

အသက် ၅၂ အရွယ်ရှိပြီဖြစ်သည့် ဦးကျော်မင်းယု ခေါ် ဦးဂျင်မီသည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလမှစ၍ နိုင်ငံရေးလှုပ်ရှားနေသူဖြစ်ပြီး၊ ယခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ အကြမ်းဖက်မှုများကို ရန်ကုန်မြို့ပေါ်၌ပင် တန်ပြန်ခုခံရန် လှုပ်ရှားမှုများပြုလုပ်နေကြောင်း ၎င်းနှင့် နီးစပ်သူများက ဆိုသည်။ 

အောက်တိုဘာလကုန်ပိုင်းက ရန်ကုန်ရှိနေအိမ်၌ ဦးဂျင်မီကို စစ်တပ်က ဖမ်းမိချိန်တွင် ၎င်းနှင့်အတူ သေနတ်တချို့သိမ်းဆည်းရမိကြောင်း၊ ၎င်းဦးဆောင်သော Moon Light Operation အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း “အကြမ်းဖက်” လုပ်ငန်းကြီး ရှစ်ခုလုပ်ဆောင်ရန် အစီအစဉ်ရေးဆွဲထားသည်ဟုလည်း စစ်ကောင်စီက ယမန်နေ့တွင် ထုတ်ပြန်သည်။

အာဏာသိမ်းပြီးနောက် ပြည်သူအများအပြားအား အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ဖမ်းဆီးထောင်ချနေမှုများကို တန်ပြန်ရန် ရရာလက်နက်စွဲကိုင်လျက် တော်လှန်တိုက်ခိုက်မှုများပြုလုပ်နေသူများကို စစ်ကောင်စီက အကြမ်းဖက်သမားများဟု ၎င်းတို့ထိန်းချုပ်ထားသော မီဒီယာများမှတစ်ဆင့် သတင်းများထုတ်လွှင့်နေသည်။ 

အကြမ်းဖက်မှုများတွင် ပါဝင်နေကြောင်း စစ်ကောင်စီ၏ စွပ်စွဲချက်အပေါ် ဦးဂျင်မီ၏ ဇနီးဖြစ်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်နီလာသိန်းက “ဘယ်သောအခါမှ ကျင့်ဝတ်စောင့်ထိန်းမှု မရှိတဲ့ စကစတင်ပြချက်အပေါ် ကျွန်မအနေနဲ့ လက်မခံပါဘူး” ဟု ယနေ့တွင် Myanmar Now ကို ပြောကြားသည်။

“စကစလက်ထဲရောက်ရှိသူတိုင်း မတရားညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို မတူညီတဲ့ ပုံစံမျိုးစုံနဲ့ ကြုံတွေ့နေရပါတယ်။ စကစ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတိုင်းအတွက် နိုင်ငံတကာခုံရုံးမှာ တစ်နေ့ရင်ဆိုင်သွားရပါ့မယ်” ဟုလည်း ၎င်းက ဆိုသည်။ 

အကြမ်းဖက်တိုက်ခိုက်မှုများကို အနီးကပ်စီစဉ်ညွှန်ကြားသည်၊ ပူးပေါင်းကြံစည်သည်ဆိုသော စွပ်စွဲချက်ဖြင့် ဦးကျော်မင်းယု (ခ) ဦးဂျင်မီကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅−က အပြင် ၂၀၁၄ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄၊ မတရားအသင်းအက်ဥပဒေ၊ လက်နက်နှင့် ပတ်သက်သောအက်ဥပဒေ၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေတို့ဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ သတင်းထုတ်ပြန်တင်ပြချက်များအပေါ် ဝေဖန်ဆန်းစစ်သုံးသပ်နိုင်သည့် ကာလတစ်ခုကို ရောက်ရှိနေပြီဟု ဒေါ်နီလာသိန်းက ထပ်လောင်းပြောသည်။ 

“ပြည်သူက လက်မခံရင်၊ ပြည်သူမထောက်ခံရင် ဘယ်သူမှ ရပ်တည်လို့မရဘူး။ အုပ်ချုပ်လို့ မရတော့ဘူးဆိုတာ စကစအနေနဲ့ သိသင့်ပါပြီ” ဟု ၎င်းက ပြောသည်။ 

ဦးဂျင်မီမှာ အောက်တိုဘာ ၂၃ ရက် ညပိုင်းက ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပင်လုံအိမ်ရာရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေးတာဝန်ခံဖြစ်သူ ဦးဂျင်မီမှာ CRPH (ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ)နှင့် NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ၏ နိုင်ငံရေးနှင့် လုံခြုံရေးအကြံပေးဖြစ်သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်က ဆိုပြီး ဦးဂျင်မီကို ဖမ်းဆီးစဉ် သေနတ် ၁၇ လက်နှင့် ကျည်အိမ် ၁၈ ခု သိမ်းဆည်းရမိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဦးဂျင်မီနှင့်အတူ သိမ်းဆည်းရမိသည့် လက်နက်များကို တွေ့ရစဉ်။ 

ဦးဂျင်မီမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်အပါအဝင် အခြားထင်ရှားကျော်ကြားသူအချို့နှင့်အတူ စစ်တပ်က အာဏာသိမ်းပြီး ဆယ်ရက်ခန့်အကြာ ဖေဖော်ဝါရီ ၁၃ ရက်ကတည်းက ပုဒ်မ ၅၀၅−ခ ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်သည်။ 

စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဖမ်းဆီးစဉ် ရရှိခဲ့သည့် ဒဏ်ရာဖြင့် မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ ဦးဂျင်မီမှာ အောက်တိုဘာ ၂၆ ရက်တွင် နေရာပြောင်းရွှေ့ခံခဲ့ရသည်ဟု စစ်တပ်သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။

သို့သော် ဦးဂျင်မီရရှိခဲ့သည့် ဒဏ်ရာနှင့် ဆေးကုသမှုအခြေအနေအပေါ် ထိုစစ်တပ်သတင်းရင်းမြစ်က ထုတ်ဖော်ပြောဆိုခြင်း မရှိသည့်နည်းတူ Myanmar Now အနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

စစ်ကောင်စီ၏ ယမန်နေ့သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသော ဦးဂျင်မီ၏ ဓာတ်ပုံမှာ ဖမ်းဆီးခံရစဉ် ညပိုင်းက ရိုက်ကူးထားသည်ဟု ယူဆရပြီး ၎င်း၏ လက်ရှိကျန်းမာရေးအခြေအနေအပေါ် မသိရပေ။ 

ထင်ရှားသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီမှာ ၁၉၈၈ မှ ၂၀၀၅ အထိလည်းကောင်း၊ ၂၀၀၇ မှ ၂၀၁၂ အထိလည်းကောင်း နိုင်ငံရေးလှုပ်ရှားမှုများကြောင့် နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရဖူးသူဖြစ်သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button