မေးမြန်းခန်း

အင်တာဗျူး – “ကြားဖြတ်တိုက်ခိုက်ပေးကြဖို့  တောင်းဆိုချင်တယ်”

ဒေသတွင်း စစ်ရှောင်ပြည်သူ ၁၄၀၀ ခန့်ကို ကူညီရန် တောင်းဆိုသည့် မတူပီမြို့နယ်မှ ချင်း​ဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) က ၎င်းတို့ထံ ထပ်မံရောက်လာမည့် စစ်ကောင်စီတပ်ကို ကြားဖြတ်ဟန့်တားကြရန်လည်း တိုက်တွန်းလိုက်သည်။

ဟားခါး၊ ဖလမ်း၊ ထန်တလန် စသော ချင်းပြည်နယ်​မြောက်ပိုင်း​ဒေသများတွင် တိုက်ပွဲပြင်းထန်နေသလို၊ ပြည်နယ်​တောင်ပိုင်းရှိ မင်းတပ်၊ မတူပီ မြို့နယ်များတွင်လည်း တိုက်ပွဲများရှိနေသည်။  

မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့ဒေသ၏ စစ်ရေးအချက်အချာကျမှု၊ ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားမှု၊ ဒေသတွင်း ဆက်စပ်အခြေအနေများနှင့် ပတ်သက်၍ ရှင်းပြထားသည်။ 

​မေး။     ။ မတူပီနယ်မှာ ဒီရက်ပိုင်း တိုက်ပွဲအခြေအနေ ဘယ်လိုရှိပါသလဲ။ 

​ဖြေ။     ။ မတူပီ-ပလက်ဝလမ်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ ၁၀ လပိုင်း(​အောက်တိုဘာ) ၃၀ ရက်နေ့ ညနေ ၆နာရီလောက်အချိန်မှာ စကစ (စစ်ကောင်စီ) က အင်အား ၈၀ လောက်နဲ့ ထိုးစစ်ဆင်လာတော့ မတူပီမြို့နယ် ၆ မိုင်အကွာမှာ ကျွန်တော်တို့ CDF မတူပီက ကြားဖြတ်တိုက်ခိုက်တာ၊ မိုင်းခွဲတာ။ အဲဒီအခြေအနေမှာ တိုက်ပွဲက ပြင်းထန်တယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား အယောက် ၂၀ လောက် သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်။  

သူတို့က အခုအချိန်ထိတော့ မတူပီမြို့ကနေ ၁၂မိုင်ကွာတဲ့ အနေအထားကို ရောက်လာတယ်။ အင်အား ထပ်ဖြည့်တယ်။ လောလောဆယ် အင်အား ၁၀၀ ကျော်လောက်နဲ့ ထပ်ပြီး ထိုးစစ်ဆင်နေတယ်။  

ထိုးစစ်ဆင်မှုကြောင့် လောလောဆယ် မတူပီ-ပလက်ဝလမ်းပေါ်မှာရှိတဲ့ တွီရှစ်ကျေးရွာက ပြည်သူတွေ ရွာလုံးကျွတ် ဒီ (နို၀င်ဘာ) ၁ ရက်နေ့ မှာ ထွက်ပြေးသွားတယ်။ စကစအနေနဲ့ ရွာသားတွေ မရှိတဲ့ရွာမှာ အိမ်တွေကို သေနတ်တွေနဲ့ ပစ်တယ်။ နောက်တစ်ခုက စာသင်ကျောင်းလည်း မီးလောင်တယ်လို့ ကျွန်တော်တို့ သတင်းရတယ်။ လောလောဆယ် ပြည်သူ စုစုပေါင်း ၂၅၀ က ထွက်ပြေးတိမ်းရှောင်နေတယ်။ တိုက်ပွဲကတော့ အခုအချိန်ထိ ဆက်လက်ပြင်းထန်နေတယ်။ နှစ်ဖက် အထိအခိုက်အကျအဆုံးကတော့ ဒီနေ့တော့ သတင်းမတက်လာသေးဘူး။

မင်းတပ်နဲ့ မတူပီ ကြားမှာဆိုရင်လည်း ရွာ ၄ ရွာမှာလည်း အင်အား ၃၀နဲ့ ၅၀ကြား ရွာတိုင်းရွာတိုင်းမှာ ထားပြီး ရွာမှာ အလံနက်တွေထားပြီး

သေနတ်တွေပစ်ဖောက်ပြီး စိန်ခေါ်တယ်၊ ဆဲသွားတယ်၊ ခြိမ်းခြောက်တယ်။ အဲဒီလိုအနေအထားတွေရှိတော့ တောထဲမှာ ရှိတဲ့ စစ်ဘေးရှောင်တွေကလည်း သူ့ရဲ့နေရပ်ကို မပြန်နိုင်သေးဘူး။

လောလောဆယ် စစ်ဘေးရှောင်တွေက တောထဲတောင်ထဲမှာ ရှိတဲ့အတွက် စားနပ်ရိက္ခာပိုင်းတွေ၊ ဆေးဝါးပိုင်းတွေ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်။ ဒါတွေကိုလည်း သတင်းဌာနတွေက ကူညီပေးနိုင်မဲ့ အဖွဲ့အစည်းတွေကို ချိတ်ဆက်ပေးဖို့ တောင်းဆိုချင်ပါတယ်။ 

မတူပီမြို့နယ်အတွင်း ကျေးရွာနဲ့ နီးစပ်တဲ့ တောတောင်တွေထဲမှာ ရှောင်နေတဲ့ ပြည်သူတွေက ၁၄၀၀ လောက် ရှိလာပြီ။ 

​မေး။    ။ စစ်ကောင်စီတပ် စစ်ကြောင်းက ဘယ်ကို ဦးတည်တယ်လို့ သိရပါသလဲ။ 

​ဖြေ။     ။ သတင်းရသလောက်ကတော့ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ကို ဗဟိုပြုပြီးမှ အဓိကတော့ အနော်ရထာစစ်ဆင်ရေး နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ အပြီးသတ် သူတို့က ချင်းပြည်နယ်တောင်ပိုင်းကို ထိန်းချုပ်မယ်လို့ သတင်းရတယ်။  လတ်တလောအခြေအနေကလည်း သူတို့ရဲ့ အင်အားဖြည့်တင်းမှုက ပွင့်လင်းရာသီဖြစ်လာတဲ့အတွက် ထိုးစစ်ဆင်ဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်ပြီးတော့မှ (အောက်တိုဘာ) ၃၀ ရက်နေ့က စပြီပေါ့။  

ဒီတောင်ပိုင်းမှာ ဘာလို့ မတူပီကို ရွေးလဲဆိုတော့ ချင်းပြည်နယ်မှာ စစ်ဗျူဟာက ဟားခါးနဲ့ မတူပီပဲရှိတာ။ မတူပီမှာဆိုရင် ခမရ ၁၄၀၊  ၃၀၄၊ နောက်ထပ် ထပ်တိုး ၃၀၉ ရှိမယ်။ ပြီးတော့ ဗျူဟာကုန်းရှိမယ်ပေါ့။ မတူပီကနေ မင်းတပ်ဘက်ကို ပြန်ပြီးတော့ ထိုးစစ်ဆင်နိုင်သလို မတူပီကနေ ပလက်ဝ၊ ပြီးတော့ မတူပီကနေ ကန်ပက်လက် သွားနိုင်တော့ စစ်ဗျူဟာအရ အခြေချတဲ့ မြို့ဖြစ်တဲ့အတွက် ဒီမှာပဲ အခြေချပြီး ချင်းပြည်နယ်တောင်ပိုင်းကို အနော်ရထာစစ်ဆင်ရေးအနေနဲ့ စပြီး ထိုးစစ်ဆင်တယ်လို့ ခန့်မှန်းရတယ်ဗျ။ 

​မေး။    ။ ထိုးစစ်ဆင်လာရင် တုံ့ပြန်ဖို့ ဒေသကာကွယ်ရေးတပ်တွေက အသင့်ဖြစ်နေပြီလား။ 

​ဖြေ။     ။သူတို့ဘက်က ထိုးစစ်ဆင်လာတဲ့အပေါ်မှာ အကောင်းဆုံး တန်ပြန်ခုခံမယ်၊ ကြားဖြတ်တိုက်ခိုက်မယ်၊ စစ်ဘက်ဆိုင်ရာဆိုတော့ အကုန်လုံးတော့ မပြောနိုင်ဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ တတ်စွမ်းသလောက် ကျွန်တော်တို့ ပြည်သူတွေကို ကာကွယ်ပေးဖို့တော့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်ခင်ဗျ။ 

​မေး။    ။ပြည်သူလူထုတွေကို ဘာပြောလိုပါသလဲဗျ။ 

ဖြေ။     ။ ကျွန်တော်တို့ မတူပီအခြေအနေသည် နောက်ဆက်တွဲအနေအထားနဲ့ စစ်မက်ဖြစ်ပွားဖို့ ရာခိုင်နှုန်း တော်တော်လေးများတယ်။ ထပ်ပြီးတော့မှလည်း ဒီတောင်ပိုင်းကို အင်အားထပ်ဖြည့်ဖို့ လာမယ်လို့ သတင်းတော့ရှိတယ်။ ဒါပေမဲ့ အတိအကျတော့ မသိသေးဘူး။ ဒါကြောင့်မို့လို့ စစ်ကိုင်းတိုင်းနယ်စပ်၊ မကွေးတိုင်းနယ်စပ်မှာရှိတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF က ညီနောင်တွေကို တောင်းဆိုချင်တာက တကယ်လို့ စကစက နောက်ထပ် ထပ်တိုးအင်အားတွေ ထပ်ပို့လာမယ်ဆိုရင် ညီနောင်တွေက စကစရဲ့အင်အားကို ကျွန်တော်တို့ တောင်ပေါ်ဒေသထဲ မရောက်အောင် ကြားဖြတ်တိုက်ခိုက်ပေးကြဖို့ တောင်းဆိုချင်တယ်။ ပြုလုပ်မယ်လို့လည်း ကျွန်တော်တို့က မျှော်လင့်ပါတယ်။ 

​မေး။    ။ တခြား ဘာများဖြည့်စွက်ပြောလိုပါသလဲ။ 

​ဖြေ။     ။ အဓိကတော့

အရေးပေါ်လိုတာက စစ်ဘေးရှောင် ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပေါ့။ ကူညီထောက်ပံ့ပေးနိုင်မဲ့အဖွဲ့အစည်းတွေကို ကျွန်တော်တို့ အမြဲတမ်းကြိုဆိုနေပါတယ်။ 

 

Show More

Related Articles

Back to top button