သတင်း

တော်လှန်ရေးအင်အားစုများ လိုက်နာရန် ကျင့်ဝတ်စည်းကမ်း NUG ထုတ်ပြန်

စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် လက်နက်ကိုင်တော်လှန်ရေးအတွင်း ပါဝင်နေသော အင်အားစုများ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ (နိုဝင်ဘာ ၅) ရက်စွဲဖြင့် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ (code of conduct) ကို လိုက်နာရန်၊ ထူထောင်ထားသည့် အဆင့်ဆင့်ကွပ်ကဲမှုစနစ် (Chain of command) အတွင်း ပါဝင်ဆောင်ရွက်ရန် စသည့် အချက်များ ပါဝင်သည်။

ဒေသတွင်းတပ်ဖွဲ့များအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်၊ သယံဇာတထုတ်ယူသုံးစွဲခြင်း၊ သိမ်းဆည်းရမိသည့် သယံဇာတများကို စီမံခန့်ခွဲမှုကို ကာကွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဟုလည်း ဖော်ပြထားသည်။

ပြည်သူ့အကျိုးစီးပွားနှင့် အသက်လုံခြုံမှုကို ထိပါးစေမည့် စစ်ရေးလှုပ်ရှားမှုများ၊ ဆက်ကြေးကောက်၊ ခြိမ်းခြောက်ငွေတောင်းခံခြင်းများ မပြုလုပ်ရန်၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအတွင်း မရှိသည့် အဖွဲ့များနှင့် မဟာမိတ်ပြုလုပ်လိုပါက ခွင့်ပြုချက်ရယူရန် စသည့် စည်းကမ်းများကိုလည်း သတ်မှတ်ထားသည်။

ထို့ပြင် ဆိုရှယ်မီဒီယာစာမျက်နှာများ၌ အကြမ်းဖက်မှုနှင့် လူမှုပဋိပက္ခကို ဖြစ်စေသော ဖော်ပြမှုများ၊ အသုံးအနှုန်းများ ရှောင်ရှားရန်၊ လျှို့ဝှက်အပ်သော စစ်ဆင်ရေးအစီအစဉ်များ၊ လှုပ်ရှားမှုများ၊ သတင်းအချက်အလက်များ ဖော်ပြခြင်းမပြုရန် တားမြစ်ထားသည်။

NUG က ထူထောင်သော ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့ (PDF) များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၊ ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ (LDF) များနှင့် မြေပြင်ပြောက်ကျားအင်အားစု (STF) များ လိုက်နာရမည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများ ညှိနှိုင်းကွပ်ကဲမှုဗဟိုကော်မတီအတွင်းရေးမှူးက ထုတ်ပြန်သည့် ထိုကြေညာချက်တွင် ပါဝင်သည်။

ကျင့်ဝတ်စည်းကမ်းသရုပ်ဖော်ပုံများမှာ ယခင်လကတည်းက အင်တာနက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီး ဖြစ်သည်။

NUG ကာကွယ်ရေးဌာန ထုတ်ပြန်ချက်အတွက် ရေးဆွဲထားသော သရုပ်ဖော်ပုံတစ်ပုံ

ထိန်းချုပ်နယ်မြေမရှိသေးသော မြို့အသီးသီးရှိ ပြောက်ကျားတပ်ဖွဲ့များသည် သုံ့ပန်းများအပေါ် ပြုမူဆက်ဆံရာတွင် နီးစပ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ ကျင့်ဝတ်စည်းကမ်းအတိုင်း ဆက်ဆံကြသည်ကို တွေ့ရသည်။

အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာသော ပြောက်ကျားအဖွဲ့များသည် ဒေသခံလူထုနှင့် ပတ်သက်လျှင် စစ်သည်တော်ကျင့်ဝတ် ချိုးဖောက်သည်ဟူသော သတင်းထွက်ပေါ်မလာသေးပေ။

မကြာသေးခင်ကမှ ပေါ်ပေါက်လာသည့် NUG အစိုးရသည် ထိန်းချုပ်နယ်မြေမရှိခြင်း၊ ပြောက်ကျားအဖွဲ့တိုင်းကို လက်နက်နှင့် အခြားအကူအညီများ မထောက်ပံ့နိုင်သေးသည့် အခြေအနေတွင် အဖွဲ့အစည်းတိုင်း၏ ပူးပေါင်းဆောင်ရွက်မှု၊ အမိန့်နာခံမှုကို မရနိုင်သေးပေ။  

ဗမာ့ဇာမဏီအဖွဲ့ (Burma Phoenix Organization) အဖွဲ့ခေါင်းဆောင်က ၎င်းတို့ ပူးပေါင်းပါဝင်ထားသည့် မြေပြင်ပြောက်ကျားအင်အားစု (STF) အဖွဲ့နှင့် NUG အကြား ချိတ်ဆက်ဆောင်ရွက်ရာတွင် မူဝါဒပိုင်း၊ ထောက်ပံ့ကူညီမှုဆိုင်ရာ အားနည်းချက်များရှိနေသေးသည်ဟု ပြောသည်။

“Change of Command ထဲမှာတော့ NUG က ဖော်ဆောင်တဲ့ mission တွေရှိတာပေါ့။ အဲဒီ mission တွေထဲမှာ ကျွန်တော်တို့ အဆင်ပြေတယ်ဆိုရင် ကျွန်တော်တို့က ပူးပေါင်းပြီးလုပ်တယ်။ အဆင်မပြေရင်တော့ ကျွန်တော်တို့ မလုပ်ဘူးပေါ့ ” ဟု ၎င်းက ပြောသည်။

ဗမာ့ဇာမဏီအဖွဲ့မှာ မြန်မာပြည်တောင်ပိုင်းတွင် စစ်ပညာသင်ကြားပြီး မြို့ပြပြောက်ကျားလှုပ်ရှားမှုများကို ဧပြီလကတည်းက ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။

ကိုယ်တိုင်မဲပေးရွေးချယ်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ် ကိုယ်စားပြုမှုဖြင့် ဖွဲ့စည်းထားသည့် NUG ထံမှ ပိုမိုလက်တွေ့ကျသည့် ချိတ်ဆက်မှုမျိုး ရှိမလာလျှင် မြေပြင်၌ လက်တွေ့လုပ်ဆောင်နေသည့် အဖွဲ့များနှင့် သဟဇာတဖြစ်ရန်မရှိကြောင်း ဗမာ့ဇာမဏီအဖွဲ့ခေါင်းဆောင်က ပြောသည်။

“သူတို့ကတော့ အာဏာ control ကိုပဲ လုပ်ချင်နေတယ်။ ဒါပေမဲ့ ဘာမှ ကူညီပေးတာမျိုး၊ ထောက်ပံ့ပေးတာမျိုးတော့ မရှိဘူးဖြစ်နေတယ်။ အရင်ဆုံး ကိုယ်ကပေးပြီးတော့မှ ယူလို့ရမှာပေါ့။ ခုက သူတို့က ယူဖို့ပဲ ပြောနေတာဆိုတော့ ကျွန်တော်တို့ အင်အားစုတွေအနေနဲ့ကတော့ အဆင်ပြေဖို့ အလားအလာတော့ မရှိနိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။

မကွေးတိုင်း၊ ယောဒေသအတွင်းရှိ ဂန့်ဂေါ၊ ကျော၊ ထီးလင်း၊ ကျောက်ထု၊ ဆော မြို့နယ်များတွင် အခြေစိုက်သည့် ဒေသခံအဖွဲ့များ စုစည်းထားသည့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) ခေါင်းဆောင် ကိုယောလေးကလည်း တော်လှန်ရေးအင်အားစုများအကြား ချိတ်ဆက်မှုပိုကောင်းလာစေရန် အဓိကတာဝန်ရှိသူမှာ NUG ဖြစ်ကြောင်း ပြောသည်။

“NUG ဘက်ကနေပြီးတော့ ပိုပြီးတော့ ချိတ်ဆက်မှုအားကောင်းကောင်းနဲ့ ပေးနိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ အဓိကကတော့ ဒီထက်ပိုပြီးတော့ မြေပြင်မှာ NUG က ပိုပြီးတော့ ချိတ်ဆက်မှုအားကောင်းအောင် ဆက်သွယ်ရေးတာဝန်ခံတွေခန့်ပြီးတော့ လုပ်ဖို့လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။

YDF သည် ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ (LDF) အနေဖြင့် ချိတ်ဆက်ဆောင်ရွက်နေပြီး NUG ၏ လမ်းညွှန်ချက်များကို အတတ်နိုင်ဆုံး လိုက်နာဆောင်ရွက်နေသည်ဟု ကိုယောလေးက ပြောသည်။

စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုများ အားကောင်းရာ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် အခြေစိုက်သည့် Taze Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကမူ ဒေသခံကာကွယ်ရေးအဖွဲ့(PDF) များသည် NUG ၏ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာရန် လိုအပ်ကြောင်း ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း PDF အမည်ခံ၍ သစ်ကားများကို ငွေတောင်းခံသည့် အဖွဲ့များရှိနေသည်ကို ကိုယ်တိုင်တွေ့ခဲ့ရဖူးကြောင်း၊ သစ်မခုတ်ရန် တားမြစ်မှုများ လုပ်နေရကြောင်း ၎င်းက ဆက်ပြောသည်။

“သစ်တောကာကွယ်ရေးအနေနဲ့ရော၊ နောင်တစ်ချိန်မှာ ဒီလမ်းကြောမှာ စစ်ကောင်စီတပ်တွေ သွားတဲ့အခါမှာ ကျွန်တော်တို့တွေအနေနဲ့ အကာအကွယ်လေးရနိုင်တဲ့အတွက်ကြောင့် ဒီလိုဟာတွေကို မလုပ်ဖို့ တားမြစ်ခဲ့ပါတယ်” ဟု ကိုယောလေးက ပြောသည်။ 

NUG ကာကွယ်ရေးဌာန ထုတ်ပြန်ချက်အတွက် ရေးဆွဲထားသော သရုပ်ဖော်ပုံတစ်ပုံ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) အချို့ပူးပေါင်းပါဝင်သည့် စစ်ရေးဆိုင်ရာ ဗဟိုကော်မတီ ( Central Command and Coordination Committee/ C3C) ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က Myanmar Now ကို အောက်တိုဘာ ၂၈ တွင် ပြောထားသည်။

ထိုကော်မတီတွင် စစ်တိုင်းအလိုက် စစ်ဒေသဦးစီးအဖွဲ့၊ တပ်ရင်း၊ တပ်ဖွဲ့များ ပါဝင်မည်ဖြစ်ပြီး Chain Of Command ( အဆင့်ဆင့်ကွပ်ကဲမှုစနစ်) ဖြင့် စစ်ကောင်စီကို ထိရောက်စွာ ရင်ဆိုင်တိုက်ပွဲဝင်နိုင်ရန် ရည်ရွယ်ကြောင်း၊ လက်နက်ခဲယမ်းများကို မဟာဗျူဟာမြောက်ခွဲဝေနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း ၎င်းကဆိုသော်လည်း အသေးစိတ်မသိရသေးပေ။

အာဏာသိမ်းစစ်ကောင်စီတပ်တွင်လည်း တပ်သားများအားလုံး လိုက်နာရန် ပြဋ္ဌာန်းထားသည့် စစ်သည်တော်ကျင့်ဝတ်များ ရှိသည်။

အာဏာဖီဆန်သူများ၊ လက်နက်ကိုင်အန်တုသူများကို ဆက်ဆံရာတွင် စစ်ကောင်စီတပ်အတွင်း အရာရှိစစ်သည်အဆင့်ဆင့်က ကျင့်ဝတ် အကြီးအကျယ်ချိုးဖောက်နေသည်။

ပြီးခဲ့သည့် ၉ လအတွင်း အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို ရိုက်နှက်ဖမ်းဆီးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းဖျောက်ခြင်း၊ ပြည်သူတို့၏ နေအိမ်များကို ဖျက်ဆီးခြင်း စသည့် စစ်သားနှင့် ရဲတို့၏ ကျင့်ဝတ်နှင့်မညီသော လုပ်ရပ်အများအပြားကို သတင်းဌာနများက ဖော်ထုတ်တင်ဆက်ခဲ့သည်။ 

စစ်ကောင်စီက ထိုသတင်းများကို လျစ်လျူရှုထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button