
ရန်ကုန် – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်တွင်းမှသာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ရနိုင်သမျှ ဖော်ဆောင်သင့်ပြီး မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု အောင်မြင်ရေးမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး အပေါ်တွင် များစွာ မူတည်နေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ပြောသည်။
ဒီဗီဘီ သတင်းဌာန၏ DVB Debate ဒီမိုကရေစီနေ့ အထူးအစီအစဉ် အဖြစ် “စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့”ခေါင်းစဉ်ဖြင့် ယနေ့မနက်က ကျင်းပသည့် ဒီဗွီဘီ ဒီဘိတ် အကယ်ဒမီအစီအစဉ်တွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
“တစ်ခါတစ်ခါမှာ လောဘကြောင့် အရနည်းတာရှိတယ်။ တစ်ခါတစ်ခါ အရင်လိုမှုကြောင့် ချော်လဲတာရှိတယ်။ ဒါကြောင့် မို့လို့ နှေးရမယ့်နေရာနှေး၊ မြန်ရမယ့်နေရာမြန်။ မှန်မှန်လုပ်ရမယ့်နေရာ မှန်မှန်လုပ်” ဟု နအဖအစိုးရလက်ထက်က ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သည့် ၎င်းက ပြောသည်။
၎င်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒီမိုကရေစီစံနှုန်းများ ရှိနေပြီး အထင်အရှားဆုံးမှာ ရွေးကောက်ပွဲ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ ကျင့်သုံးသည့် နိုင်ငံများတွင် မရှိမဖြစ်လိုအပ်ကြောင်း လက်ရှိ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ ဥက္ကဋ္ဌလည်းဖြစ်သည့် ၎င်းက ပြောသည်။
ရွေးကောက်ခံအရပ်သားအစိုးရနှင့်တပ်မတော်ကြား ယုံကြည်မှု တည်ဆောက်ရန် လိုအပ်ပြီး တစ်ဖက်နှင့်တစ်ဖက် သံသယ ကင်းသွားပါက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဖြစ်လာနိုင်သည်ဟု ၎င်းက ဆိုသည်။
ထို့ပြင် ၎င်းက ၂၀၀၈ ခုနှစ်အခြေခံဥပဒေအရ ဝန်ကြီးဌာန သုံးခုမှာ အရပ်သား အစိုးရ လက်အောက်တွင် ရှိမနေခြင်းမှာ ယခင် တပ်ခေါင်းဆောင်များ၏ လုံခြုံရေး အခြေအနေအရ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“အရင် တပ်ခေါင်းဆောင်တွေ အစိုးရအဖွဲ့ဝင်များရဲ့ လုံခြုံစိတ်ချရမှု အတွက် ဒီလိုဆောင်ရွက်တာ။ တစ်ဖက်နဲ့တစ်ဖက် လုံခြုံလာရင် စိတ်ချလာနိုင်ရင် အခုပြောတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲနိုင်လိမ့်မယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် အတိတ်က တပ်မတော်ခေါင်းဆောင်အချို့ ကျူးလွန်ခဲ့သည့်အမှားများကို လက်ညှိုးထိုးကာ “မင်းတို့စစ်တပ်ကြောင့်”ဟူ၍ တပ်မတော်တစ်ခုလုံးကို အပြစ်ပြောခြင်း၊ ဝန်ချတောင်းပန်ခိုင်းခြင်းဖြင့်လည်း ရှေ့ရောက်မည်မဟုတ်ကြောင်း ဦးရွှေမန်းက ပြောသည်။
“ဒါကြောင့် ပြောတယ် ကိုယ့်ပစ္စည်းမဟုတ်ဘူး၊ သွားမယူနဲ့၊ ယူလို့ရှိရင် အဒိန္နဒါန ခိုးမှု၊ သိမ်းတယ်ဆိုတဲ့ အတွက် ဓားပြမှု။ အဲဒီလူတွေက အပြစ်ရှိနေတဲ့အတွက် သူတို့စိတ်မှာ အမြဲကြောင့်ကြစိတ် ရှိနေတယ်။ ငါတို့ကို ဒီအမှုတွေနဲ့ စွဲပြီးတင်လိုက်လို့ ငါတို့ဒုက္ခရောက်မယ် ငါ့မိသားစုဒုက္ခရောက်မယ် ဆိုတာမျိုးကို တကယ် လက်ခံသွားရင် ကျန်တာ ဘာမှမလိုဘူး။
‘လုပ်ချင်လုပ်မလုပ်ချင်နေ မပေးဘူးကွ ဒီတိုင်းပဲဆက်နေမယ်’ ဆိုရင် ဘယ်သူနာမလဲ … တိုင်းပြည်ပဲနာလိမ့်မယ်”ဟု ၎င်းက ပြောသည်။
ထို့ပြင် ၎င်းအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကောင်းကြောင်း အမွှမ်းမတင်သော်လည်း ထိုဥပဒေရှိသည့်အတွက် ယခင်ကထက် ဒီမိုကရေစီ ၇၅ ရာခိုင်နှုန်းရခဲ့ပြီဖြစ်ကာ မဟုတ်လျှင် ဒီမိုကရေစီသည် သုညသာ ဆက်ဖြစ်နေမည်ဟုလည်း ဦးရွှေမန်းက ပြောသည်။
“ဒါကြောင့် အရာရာကို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပုံချ၊ အပြစ်ပြော အရာရာကို ‘မင်းတို့စစ်တပ်၊ မင်းတို့တပ်မတော်’မင်းတို့ကြောင့် ငါတို့ဖြစ်တာ ပြောနေ ယုံကြည်မှု တဖြည်းဖြည်း ဝေးသွားမယ် ဒါကြောင့်မို့လို့ အမြော်အမြင်နဲ့ဉာဏ်ပညာ သိပ်အရေးကြီးတယ်”ဟု ၎င်းက ဆိုသည်။
တိုးတက်တဲ့နိုင်ငံတိုင်းသည် ဒီမိုကရေစီစနစ်ကို သူ့နိုင်ငံ၊ သူ့အခြေအနေနှင့် လိုက်လျောညီထွေရှိအောင် ကျင့်သုံးနိုင်မှသာ တိုးတက်မည်ဖြစ်ကြောင်းနှင့် ၁၉၈၈ ခုနှစ်အရေးတော်ပုံသည် ပြည်သူများဘဝ ဆင်းရဲဒုက္ခ ရောက်သဖြင့် အုံကြွခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများဘဝ သာယာဝပြောစည်ပင်အောင် အရင်ဆောင်ရွက်ပြီးမှ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီကို သွားခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း နအဖစစ်အစိုးရလက်ထက်နှင့် ဦးသိန်းစိန် အစိုးရလက်ထက်တို့တွင် အရေးပါသည့်ရာထူးများ ရခဲ့သည့် ဦးရွှေမန်းက ပြောသွားသည်။