ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် အမေရိကန်သတင်းသမား Danny Fenster ကို စစ်ကောင်စီက နိုဝင်ဘာ ၃ ရက်တွင် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပါ ပုဒ်မ ၁၃ (၁) ဖြင့် ထပ်မံအမှုဖွင့်လိုက်သည်ဟု ဖမ်းဆီးခံသတင်းသမား၏ ရှေ့နေက ပြောသည်။
ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅−က အပြင် မတရားအသင်းဆက်သွယ်မှုဥပဒေပါ ပုဒ်မ ၁၇(၁) ဖြင့်ပါ တရားစွဲဆိုခံထားရသည့် အမေရိကန်သတင်းသမားကို ယမန်နေ့ရုံးချိန်းတွင် လဝကမှုဖြင့် ထပ်မံအမှုဖွင့်လိုက်ခြင်းဖြစ်ကာ မည်သည့်အတွက် ထိုသို့ ထပ်တိုးတရားစွဲဆိုသည်ကို မသိရသေးကြောင်း Danny Fenster ၏ ရှေ့နေ ဦးသန်းဇော်အောင်က Myanmar Now ကို ပြောသည်။
“ဘာကြောင့် ပုဒ်မထပ်တိုးလဲ မသိရသေးဘူး။ မနေ့ကမှ တိုးတယ်ဆိုတော့ နောက်မှသိရမယ်။ အမှုတွဲ သေချာကြည့်ချိန် မရလိုက်ဘူး” ဟု ၎င်းက ပြောသည်။
လဝကဥပဒေ ပုဒ်မ ၁၃(၁) တွင် ပြစ်ဒဏ်ထင်ရှားပါက အနည်းဆုံးထောင်ဒဏ် ၆ လမှ အများဆုံး ၅ နှစ်အထိ ကျခံရနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ယမန်နေ့ရုံးချိန်းတွင် ပုဒ်မ ၅၀၅-က အမှုအတွက် အာမခံလျှောက်ထားမှုကို တရားရုံးက ပယ်ချခဲ့ပြီး စွဲဆိုထားသည့် အမှုသုံးခုလုံးအတွက် ရုံးဖွင့်ရက်များတွင် နေ့စဉ် ပုံမှန်စစ်ဆေးသွားမည်ဟု ဦးသန်းဇော်အောင်က ဆက်ပြောသည်။
“သူကျန်းမာရေးကောင်းတယ်။ ဒါပေမဲ့ နည်းနည်းတော့ပိန်သွားတယ်။ ဒီလိုမျိုး အမှုတိုးနေတာတွေကို စိတ်ပျက်တယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။
အမေရိကန်သတင်းသမား Danny Fenster ကို စစ်ကောင်စီက ပုဒ်မ ၅၀၅−က၊ ပုဒ်မ ၁၇(၁) တို့ဖြင့် စွဲဆိုထားသည့် အမှုနှစ်ခုလုံးမှာ ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်းခံရပြီးနောက်ပိုင်း Myanmar Now သတင်းဌာနက ရေးသားဖော်ပြခဲ့သော သတင်းများနှင့် ပတ်သက်ကြောင်း ဦးသန်းဇော်အောင်က ပြောကြားထားသည်။
ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်း၏ အုပ်ချုပ်မှုအယ်ဒီတာဖြစ်သူ အမေရိကန်နိုင်ငံသား Danny Fenster မှာ အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်ကတည်းက Myanmar Now မှ အလုပ်ထွက်ထားသူဖြစ်သည်။
အသက် ၃၇ နှစ်အရွယ် Danny Fenster မှာ မေလ ၂၄ ရက်က မိသားစုရှိရာ အမေရိကန်နိုင်ငံသို့အပြန် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရခြင်းဖြစ်ကာ အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားရသည်မှာ ၅ လကျော်ရှိပြီဖြစ်သည်။
Danny Fenster ကို ပြန်လွှတ်ပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုထားသော်လည်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ထိန်းသိမ်းထားရမည့်အခြေအနေဖြစ်၍ ထိန်းသိမ်းထားခြင်းဖြစ်သည်ဟု စက်တင်ဘာလကုန်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုခဲ့သည်။
အမေရိကန်ဝါရင့်သံတမန်ဟောင်း Bill Richardson ၏ နိုဝင်ဘာ ၁ မှ ၄ အထိ မြန်မာနိုင်ငံခရီးစဉ်အတွင်း Danny Fenster လွတ်မြောက်ရေး ထည့်သွင်းဆွေးနွေးခဲ့ခြင်း ရှိမရှိကိုမူ မသိရပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်တွင် ဒေါ်အောင်စုဆန်းကြည်ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့သူ Bill Richardson မှာ နိုဝင်ဘာ ၂ ရက်နေ့တွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
သို့သော် ဂျပန်နိုင်ငံမှ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါ၏ ညှိနှိုင်းပေးမှုဖြင့် အမေရိကန်သတင်းထောက်ကို မြန်မာဘက်က မကြာမီပြန်လွှတ်ပေးမည်ဟု ပြောဆိုထားသည်ဟု VOA သတင်းဌာနက ရေးသားထားသည်။
အာဏာသိမ်းပြီးနောက် သတင်းသမား ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ပြန်လွတ်လာသူအချို့ရှိသော်လည်း သတင်းသမားအများအပြား ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ကာ ကြီးလေးသော ပုဒ်မများဖြင့် စစ်ကောင်စီက စွဲဆိုထားသည့် အမှုများကို ရင်ဆိုင်နေရသူများလည်း ရှိသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)