
စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက သီတင်းပတ် ၁၄ ခုစာ အခြေခံပညာသင်ရိုးညွှန်းတမ်း ပြင်ဆင်ရေးဆွဲ၍ စာမေးပွဲကို တက်သုတ်ရိုက်ပြုလုပ်ရန် ကျောင်းများပြန်ဖွင့်သော်လည်း အောင်မြင်မည်မဟုတ်ကြောင်း CDM ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားမိဘများက ပြောသည်။
ကိုဗစ်နိုင်တင်း (Covid-19) တတိယလှိုင်းကြောင့် ဇူလိုင် ၉ တွင် ပိတ်ခဲ့သည့် အခြေခံပညာကျောင်းများကို နိုဝင်ဘာ ၁ တွင် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်သော်လည်း ကျောင်းတက်သူနည်းသည့်အပြင် အရည်အချင်းနှင့် အရည်အသွေး အကဲဖြတ်လျှင်လည်း တိုးတက်မှုရှိနိုင်မည်မဟုတ်ကြောင်း အခြေခံပညာလုပ်သားများသမဂ္ဂများ တိုက်ပွဲဦးဆောင်ကော်မတီ၏ ပြန်ကြားရေးတာဝန်ခံ ကျောင်းဆရာတစ်ဦးက ပြောသည်။
“ဘယ်လိုမှ အောင်မြင်မှာမဟုတ်ဘူးဆိုတာ ပိုပြီးတော့ ပြောရတာသေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့နယ်အသီးသီးမှာ အခြေခံပညာ (အကသ) တွေကလည်း အရမ်းအားကောင်းလာတာ တွေ့တယ်။ အထက်တန်းကျောင်းသားတွေကိုယ်တိုင် ပူးပေါင်းလာတာ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီ၏ အစီအစဉ်သည် စစ်ကျွန်ပညာရေးယန္တရား အသက်သွင်းရန် ကြိုးစားခြင်းဖြစ်သောကြောင့် အခြေခံပညာကျောင်းသားသမဂ္ဂ ၄၇ ခုက ဆန့်ကျင်သပိတ်မှောက်ကြောင်း အောက်တိုဘာ ၃၀ တွင် သတင်းထုတ်ပြန်ထားသည်။
တော်လှန်ရေးရေချိန် အမြင့်ဆုံးရောက်နေသည့်အပြင် စစ်ကိုင်းနှင့် အခြားပြည်နယ်များတွင် စစ်ကောင်စီက ရက်ရက်စက်စက်ချေမှုန်းနေသောကြောင့် ကျောင်းမတက်ဘဲ ဆန့်ကျင်သည့်လှုပ်ရှားမှု ပိုမိုကြီးထွားလာကြောင်း၊ စစ်ကောင်စီက ပထမအကြိမ်ဖွင့်လှစ်သည့် ဇွန်လထက်ပင် ကျောင်းတက်နှုန်းနည်းနိုင်ကြောင်း CDM ပြုလုပ်ထားသည့် အထက်ပါကျောင်းဆရာက သုံးသပ်သည်။
ကျောင်းများပြန်ဖွင့်သည့် နိုင်ဝင်ဘာ ၁ တွင် ရခိုင်ပြည်နယ်မှလွဲ၍ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ကျောင်းတက်သူ နည်းပါးသည့်အပြင် အခြားမြို့နယ်များတွင်လည်း ကျောင်းသားတစ်ဦး၊ နှစ်ဦးသာ တက်ရောက်သည့် ကျောင်းများရှိကြောင်း ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။
ပုံမှန်အားဖြင့် ကျောင်းစဖွင့်သည့်ရက်တွင် ကျောင်းတက်ကျောင်းဆင်းလှုပ်ရှားမှုများကို မြင်တွေ့ရသော်လည်း လက်ရှိတွင် တိတ်ဆိတ်နေသလို ကျောင်းသားမိဘအသိုင်းအဝိုင်းတွင်လည်း ကျောင်းမထားလိုသူများနေကြောင်း မန္တလေးမြို့မှ အထက်တန်းကျောင်းသားတစ်ဦး၏ ဖခင်ဖြစ်သူ ဦးခန့်လူအောင်က ဆိုသည်။
“ပညာသင်နှစ်က ကုန်တော့မယ်ဗျာ။ အဲလိုအချိန်မှာပြန်ဖွင့်တဲ့ သင်ရိုးညွှန်းတမ်းအနေအထားကရော ဘာတွေကောင်းလာမှာမို့လို့တုန်း။ ကျွန်တော်တို့ကတော့ ဖွင့်ဖွင့်၊ မဖွင့်ဖွင့်ပါ။ ဒီအပေါ်မှာ သိပ်ပြီးတော့ အာရုံမလာပါဘူး။ သူတို့ဖွင့်သည်ဖြစ်စေ၊ မဖွင့်သည်ဖြစ်စေ သူတို့(စစ်ကောင်စီ) လက်ထက်မှာတော့ ကျောင်းမထားဘူး” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည် အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နေကြောင်း ပြသလိုသဖြင့် ကျောင်းပြန်ဖွင့်ခြင်းဖြစ်ပြီး ရက်ပိုင်းလပိုင်းသာ သင်ကြား၍ စာမေးပွဲဖြေဆိုအောင်မြင်သူများ၏ ပညာရေးအဆင့်အတန်းမှာ အလွတ်ကျက်ပညာရေးစနစ်ဖြင့် ယဉ်ပါးသူများထက် ပိုဆိုးနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
စဉ်ဆက်မပြတ် သင်ကြားသင်ယူရေးအတွက် ကျောင်းများပြန်ဖွင့်ခြင်းကို မူအားဖြင့် သဘောတူသော်လည်း စစ်ကောင်စီအနေဖြင့် ကပ်ရောဂါထိန်းချုပ်ရေးနှင့် ပတ်သက်၍ ပြင်ဆင်ထားသည့်အခြေအနေကို မသိရကြောင်း မြန်မာနိုင်ငံဆရာများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နီလာဝင်းက ဆိုသည်။
CDM တွင် ပူးပေါင်းပါဝင်သည့် ပညာရေးဝန်ထမ်းများကို အလုပ်ဖြုတ်၊ ဖမ်းဆီးခြင်းကြောင့် ပုံမှန်အားဖြင့် ဆရာ၊ဆရာမအင်အား မလုံလောက်သော ပညာရေးနယ်ပယ်တွင် အခြေအနေပိုဆိုးနိုင်ကြောင်း၊ နိုင်ငံရေးမတည်ငြိမ်၍ မြို့နှင့် တောပါမကျန် လုံခြုံစိတ်ချရသည့်အနေအထားမဟုတ်ကြောင်း ၎င်းက ပြောသည်။
“တက်သုတ်ရိုက်ပြီး ကလေးတွေကို ဇွတ်ခေါ်ပြီး ကျောင်းဖွင့်တယ်ဆိုတာက တကယ်ပဲ ကလေးတွေရဲ့ သင်ယူမှု အဆတ်မပြတ်စေချင်တဲ့စေတနာ ဟုတ်ရဲ့လားဆိုတာလည်း ကျွန်မတို့က မယုံရဲဘူး။ အဲ့ဒီအတွက် ကျောင်းဖွင့်တဲ့အပေါ်မှာ မထောက်ခံဘူး။ သူတို့ရဲ့ စေတနာကို မယုံဘူး။ သူတို့လုပ်တဲ့လုပ်ရပ်ကို မယုံကြည်ဘူး” ဟု ၎င်းက ဆိုသည်။

ပုံမှန်အားဖြင့် နိုဝင်ဘာလတွင် သင်ရိုးညွှန်းတမ်းများပြီးစီး၍ ပြန်လည်ဆန်းစစ်သည့်ကာလဖြစ်ကြောင်း၊ ကပ်ဘေးနှင့် စစ်အာဏာသိမ်းမှုကြောင့် ကျောင်းသားကျောင်းသူများအနေဖြင့် ပညာရေးနှင့် ဝေးကွာနေချိန် ပြင်ဆင်မှုမရှိကြောင်း၊ အလောသုံးဆယ် ကျောင်းဖွင့်ခြင်းဖြစ်ကြောင်း အခြေခံပညာလုပ်သားများသမဂ္ဂများ တိုက်ပွဲဦးဆောင်ကော်မတီ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ကလေးတွေကို ကျောင်းကိုခေါ်ပြီး အရည်အချင်း၊ အရည်အသွေးတိုးတက်လာမှာ မဟုတ်ဘဲ သက်သက်လုပ်တာပဲ။ သူတို့ရဲ့ နိုင်ငံရေးယန္တရားကို တည်ဆောက်ဖို့လုပ်တာပဲ။ ပညာရေးအနေနဲ့ကတော့ ဘယ်လိုမှ အဆင်မပြေနိုင်တဲ့လုပ်ရပ်ကို လုပ်တာလို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီက ခန့်အပ်သည့် အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်ကမူ စာသင်ကြားသင်ယူမှု မပြတ်ရန် ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ပြီး စာသင်နှစ် တစ်ဝက်တစ်ပျက်ဖြစ်သော်လည်း ကျန်ရှိသည့် ၁၄ ပတ်ကာလနှင့် လျော်ညီသည့် သင်ခန်းစာများပြုစုထားကြောင်း စစ်တပ်၏ ဝါဒဖြန့် MRTV သတင်းဌာနကို အောက်တိုဘာ ၃၁ တွင် ပြောထားသည်။
ပြင်ဆင်ရေးဆွဲထားသည့် သင်ခန်းစာများကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်များသို့ ပေးပို့ထားပြီး ထိုမှတစ်ဆင့် ကျောင်းများသို့ ပေးပို့သင်ကြားမည်ဖြစ်ကာ ယခင်နှစ်များနည်းတူ ဖေဖော်ဝါရီတတိယပတ်တွင် ကျောင်းတွင်းစစ်စာမေးပွဲကျင်းပမည်ဟု ၎င်းက ဖြေဆိုထားသည်။
ကျောင်းဖွင့်ရာတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း၊ ရခိုင်၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတို့မှ မြို့နယ် ၄၆ ခုရှိ ကျောင်းများကို ကိုဗစ်နိုင်တင်းကပ်ရောဂါဖြစ်ပွားမှုအကြောင်းပြ၍ ဆက်လက်ပိတ်ထားမည်ဟု စစ်ကောင်စီက ကြေညာထားသည်။
စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးသတင်းစာများတွင်မူ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းတက်သူအများအပြားရှိကြောင်း ဝေဝေဆာဆာဖော်ပြလျက်ရှိသည်။
နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် ၈ ခုတွင် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် နိုဝင်ဘာ ၁ က ကျောင်းသားကျောင်းသူ ၆၅,၁၆၁ ဦး တက်ခဲ့ပြီး ယမန်နေ့ (နိုဝင်ဘာ ၂) တွင် ၁၀၁,၂၂၁ ဦး တက်ရောက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင် တွေ့ရသည်။
စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ ဗုံးကွဲခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်း၊ ကပ်ဘေးကူးစက်နိုင်ခြေရှိခြင်းတို့ကြောင့် မငြိမ်မသက်ဖြစ်နေသည့်အခြေအနေတွင် စစ်ကောင်စီက ဇွန် ၁ ၌ အခြေခံပညာကျောင်းများ အတင်းအကျပ်ဖွင့်ခဲ့သော်လည်း ကျောင်းမတက်ရေးလှုပ်ရှားမှုများနှင့် ကြုံခဲ့ရကာ စစ်ပွဲများရပ်တန့်ခါစ ရခိုင်ပြည်နယ်မှလွဲ၍ အခြားတိုင်းနှင့် ပြည်နယ်များတွင် ကျောင်းအပ်နှံသူ နည်းပါးခဲ့သည်။
ထိုစဉ်က စစ်ကျွန်ပညာရေးအလိုမရှိကြောင်း လှုပ်ရှားမှုများမြင့်တက်ခဲ့ပြီး ကျောင်းများတွင် စစ်အာဏာရှင်၏ ပညာရေးအယုံအကြည်မရှိကြောင်း ဆေးအနီဖြင့် ရေးသားပြီး ဆန္ဒပြခဲ့ကြသည်။
ထို့နောက် ကိုဗစ်နိုင်တင်းကူးစက်မှုမြင့်တက်လာသောကြောင့် ပြန်ပိတ်လိုက်ရသည့် အခြေခံပညာကျောင်းများတွင် ဝင်ရောက်နေထိုင် တပ်စွဲသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသခံကာကွယ်ရေးအဖွဲ့တချို့က တိုက်ခိုက်ခဲ့သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)