
စစ်ကောင်စီကို ဘဏ္ဍာငွေအထောက်အပံ့ဖြစ်စေသည့် ငွေကြေးအရင်းအမြစ်များကို ပြည်တွင်းပြည်ပက ဝိုင်းဝန်းပိတ်ဆို့နေချိန် ယူရိုငွေဖြင့် ရောင်းချမည့် နိုင်ငံတကာ ကျောက်စိမ်းနှင့် ကျောက်မျက် အရောင်းပြပွဲတစ်ခုကို ဒီဇင်ဘာတွင် ပြုလုပ်ရန် စစ်ကောင်စီက စိုင်းပြင်းလျက်ရှိသည်။
နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ထိုအစီအစဉ်ကို သတင်းမပေါက်ကြားစေရန် စစ်ကောင်စီက သိုသိုသိပ်သိပ်စီစဉ်နေသည်ဟု အမည်မဖော်လိုသည့် ကျောက်မျက်ရတနာလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက Myanmar Now ကို ပြောသည်။
“လာတဲ့ တရုတ်ဧည့်သည်တွေကို သူတို့က လုံခြုံရေးအပြည့်ပေးမှာပေါ့နော်။ ပေးပြီးတော့ ဟိုတယ်ဆိုလည်း ကိုယ်တည်းချင်တဲ့ ဟိုတယ်မှာ တည်းလို့မရဘူး။ သတ်မှတ်ထားတဲ့ ဟိုတယ် ၁၀ လုံးဆိုရင် အဲ့ဒီမှာပဲ တည်းရမယ်။ အကြိုအပို့ရော အကုန်လုံးတာဝန်ယူပြီး စီစဉ်ထားတယ်လို့ ကြားတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီလက်ထက်တွင် ကျပ်ငွေဖြင့်ရောင်းချသည့်ပွဲကို ဧပြီလက ပြုလုပ်ခဲ့ပြီး ယူရိုဖြင့်ရောင်းချမည့် နိုင်ငံတကာပွဲကို အခွန်ဘဏ္ဍာရရှိရန်အပြင် အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နေကြောင်း ပြသလိုသဖြင့် မဖြစ်မနေပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။
နောက်ထပ် အမည်မဖော်လိုသော ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးကမူ စစ်ကောင်စီက ပြပွဲပြုလုပ်ရန် စီစဉ်နေသည်ဟု သတင်းကြားသော်လည်း အသေးစိတ်မသိရှိသေးကြောင်း ပြောသည်။
ပုံမှန်အားဖြင့် ယူရိုငွေဖြင့်ရောင်းချသည့်ပွဲတွင် အရည်အသွေးမြင့်သည့် ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲအတွဲများကို ကျောက်မျက်ကုမ္ပဏီများအသီးသီးက တင်ပြရောင်းချသော်လည်း ယခုပြုလုပ်မည့်ပွဲတွင် စစ်ကောင်စီထိန်းချုပ်သော မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်နေသည့် ကုမ္ပဏီများကိုသာ တင်ပြရောင်းချခွင့်ပေးမည်ဟု သတင်းထွက်နေသည်။
အထူးသဖြင့် ဦးပိုင်ကုမ္ပဏီမှ ကျောက်စိမ်းများကို အဓိကထားရောင်းချမည်ဖြစ်ပြီး ကျောက်စိမ်းအတွဲ ၆၀၀ ခန့် ပါဝင်မည်ဖြစ်ကာ ၎င်းတို့နှင့် အကျိုးတူကုမ္ပဏီများလည်း ပါဝင်မည်ဟု သိရသည်။
ယူရိုပွဲသည် အရည်အသွေးမြင့်သည့် ကျောက်မျက်များ အဓိကရောင်းချခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် ဖောက်သည်အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး ပြင်သစ်နိုင်ငံသားများလည်း လာရောက်မှုရှိသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်တွင်းကျောက်မျက်ကုန်သည်များအနေဖြင့် ပြပွဲတက်ရောက်ရန် စိတ်မဝင်စားသော်လည်း စစ်ကောင်စီနှင့် နီးစပ်သည့် လုပ်ငန်းရှင်များက ယခုပြပွဲတက်ရောက်ဖွယ်ရှိကြောင်း အထက်ပါ အမည်မဖော်လိုသည့် ကျောက်မျက်လုပ်ငန်းလုပ်ကိုင်သူက ဆိုသည်။
သို့သော်လည်း လူမှုရေးပြစ်ဒဏ်ခတ်ခံရမည်ကို စိုးရွံ့သဖြင့် ပြီးခဲ့သည့်ပြပွဲတွင် လုပ်ငန်းနှင့် ကုန်သည် အမည်များကို ပွင့်လင်းမြင်သာစွာ မထုတ်ပြန်တော့ကြောင်း ၎င်းက ဆိုသည်။
“အရင်တုန်းက ပြပွဲထဲကို ဝင်လိုက်ရင် ဘယ်ကုမ္ပဏီကကျောက်ဆိုတာကို သိရတယ်။ အခု ပြပွဲလုပ်တဲ့အချိန်မှာ သူတို့က အဲ့ဒါကို ထိန်းချုပ်ထားတယ်။ လျှို့ဝှက်ထားတယ်။ ဝင်တဲ့လူက အစ၊ နာမည်ကအစ အကုန်လုံးကို မဖော်ပြဘူး” ဟု ၎င်းက ဆိုသည်။
ကိုဗစ်နိုင်တင်းကြောင့် ကျောက်မျက်ရောင်းချပွဲကို ၂၀၂၀ ဇန်နဝါရီကတည်းက မကျင်းပနိုင်ခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ကျပ်ငွေဖြင့်ရောင်းချသည့်ပွဲကို ဧပြီလက နေပြည်တော် မဏိရတနာခန်းမတွင် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကျောက်စိမ်းတွဲ (၂၁၄၈)တွဲ၊ ကျောက်မျက်(၁၉၉)တွဲ၊ ပုလဲတွဲ(၃၁၇) တွဲ တင်ပြရောင်းချခဲ့သည်။
အဆိုပါပြပွဲတွင် ဈေးနှုန်းထက်ဝက်အထိ လျှော့၍ ရောင်းချရာ အားလုံးနီးပါး ရောင်းထွက်ခဲ့သည်ဟု ကျောက်မျက်လုပ်ငန်းအသိုင်းအဝိုင်းက ပြောဆိုကြသည်။
Myanmar Now က အဆိုပါ ပြပွဲရောင်းချရမှုနှင့် ပတ်သက်ပြီး နေပြည်တော် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ်ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ်မရသေးပေ။
ယူရိုငွေဖြင့်ပေးချေရသည့် ကျောက်မျက်ပွဲတစ်ခုလျှင် ယူရိုငွေသန်း ၃၀၀ မှ ၄၀၀ တန်ဖိုးခန့် ရောင်းချရရှိပြီး ကျပ်ငွေဖြင့်ပေးချေရသည့် ပွဲတစ်ခုလျှင် ကျပ် ၅၀ ဘီလျံမှ ၆၀ ဘီလျံကြား ရောင်းချရကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာတစ်ဦးက Myanmar Now ကို ယမန်နှစ်က ပြောထားသည်။
ကျောက်စိမ်းအပေါ်တွင် ရတနာခွန် ၁၁ ရာခိုင်နှုန်း၊ အခြားကျောက်မျက်အပေါ်တွင် ၉ ရာခိုင်နှုန်း ကောက်ခံပြီး ယူရိုပွဲတွင် အခွန်ဘဏ္ဍာ ယူရို ၃၃ သန်းအထက်နှင့် ကျပ်ငွေပွဲလျှင် ကျပ် ၆ ဘီလျံဝန်းကျင် ရရှိမည်ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကမူ စစ်ကောင်စီသည် ကျောက်မျက်အခွန်အခများ အတင်းအကျပ်တောင်းခံခြင်း၊ လေလံတင်ရောင်းချခြင်း၊ ပြည်ပတင်ပို့ခြင်းတို့မှ ငွေရှာနေခြင်းသည် တရားမဝင်သဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် လူထုကို တိုက်တွန်းတားမြစ်ထားသည်။
ညွှန်ကြားချက်ကို လျစ်လျူရှုပြီး ပူးပေါင်းဆောင်ရွက်ပါက ကုမ္ပဏီ/ လုပ်ငန်းရှင်များကို အမည်ပျက်စာရင်းသွင်းမည့်အပြင် လိုအပ်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဟု NUG ၏ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဇွန် ၂၉ တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီယန္တရား သက်ဆိုးမရှည်စေရေး၊ ငွေကြေးအရင်းအမြစ်များ မရရှိစေရေးအတွက် ပိတ်ဆို့ဖြတ်တောက်ရန် NUG နှင့် လူထုက ကြိုးပမ်းနေချိန်တွင် ကျောက်မျက်လုပ်ငန်းရှင်တချို့က စစ်ကောင်စီကို ကူညီနေခြင်း ဖြစ်သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)