စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှ ကျွန်းလှမြို့နယ်ဘက်သို့ ပျံသန်းသွားသည့် တိုက်လေယာဉ် ၂ စီး ဖြတ်သန်းသွားသည်ကို အောက်တိုဘာ ၂၈ မနက်က တွေ့ရစဉ်။ (ဓာတ်ပုံ-Taze -TSO)
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် အနောက်ဘက်ကို ယနေ့ (အောက်တိုဘာ ၂၈) မနက်က စစ်ရဟတ်ယာဥ် များ၊ တိုက်လေယာဉ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမှာ PDF (ခေါ် ) ဒေသခံကာကွယ်ရေး အဖွဲ့များ စခန်းချနေသည်ဟု ယူဆသောကြောင့် ဖြစ်နိုင်သည်ဟု ကျွန်းလှဒေသခံများထံမှ သိရသည်။
ပစ်ခတ်မှုများမှာ နံနက် ၉ နာရီ၀န်းကျင်တွင် အစပြုခဲ့ပြီး ရဟတ်ယာဉ်ဖြင့် ရောက်လာသောစစ်သားများက လက်နက်ကြီးများဖြင့် ယနေ့ နေ့လယ်အထိ ပစ်ခတ်နေသည်ဟု ကျွန်းလှ ဒေသခံတစ်ဦးက ပြောသည်။
“ဂျက်ဖိုက်တာ ၂ စီး၊ ဟယ်လီကော်ပတာ ၄ စီးရယ် လာပစ်သွားတယ်။ လူတွေ ချပြီးလည်း လက်နက်ကြီး နဲ့လည်း ထုနေတုန်းပဲ။ ဖြစ်တဲ့နေရာကတော့ ကျွန်းလှမြို့နယ် အနောက်ဘက်ခြမ်းက တောထဲ တစ်နေရာ ပေါ့”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ပြောသည်။
“ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြန်လှန်ခုခံတာမျိုး မရှိဘူး”
လက်နက်ကိုင်ခုခံမှု အားကောင်းသည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့ကို “အနော်ရထာ” စစ်ဆင်ရေးဖြင့် ထိုးစစ် ဆင်မည်ဟု သတင်းများထွက်ပေါ်ပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က လေတပ်အင်အား အများအပြား အသုံးပြုကာ တိုက်ခိုက်လာခြင်း ဖြစ်သည်။
ရဟတ်ယာဥ်များနှင့် တိုက်လေယာဥ်များသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ရုံးစိုက်ရာ မုံရွာမြို့ ဘက်မှ ပျံသန်းလာခြင်းဖြစ်နိုင်ကြောင်း၊ လေကြောင်းရန်ကြောင့် ဒေသခံအများအပြား ထွက်ပြေးနေကြ ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးဟု တန့်ဆည်မြို့နှင့် ကျွန်းလှမြို့ဒေသခံများက ဆိုသည်။
“ဖရိုဖရဲတွေဖြစ်နေတာ၊ လေယာဥ်တွေနဲ့ပစ်တာ ဆိုတော့။ ဘာမှမသိရသေးဘူး။ ကျွန်တော်တို့မြို့နယ်မှာ စစ်ကြောင်းထိုးတာတောင် မရှိဘူး။ ဒီတစ်ကြိမ်ပဲ လာလုပ်သွားတာ” ဟု အမည်မဖော်လိုသည့် အထက်ပါ ကျွန်းလှမြို့နယ်ဒေသခံက ပြောသည်။
ကျွန်းလှမြို့နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် တန့်ဆည်မြို့မြောက်ပိုင်း စည်သာ၊ နနွင်းတောကျေးရွာများ အနီး ရဟတ်ယာဥ်ပေါ်မှ အချက် ၂၀ ဝန်းကျင် ပစ်ခတ်သွားကြောင်း တန့်ဆည်မြို့နယ် ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။
ပုံစာ- ကပေါင်းကျရွာသို့ ရဟတ်ယာဉ်ဖြင့် ရိက္ခာ၊ လက်နက်ခဲယမ်းလာပို့သည့် ရဟတ်ယာဉ်အား အောက်တိုဘာ ၂၂ က တွေ့ရစဉ်။ (ဓာတ်ပုံ-Taze -TSO)
ကျွန်းလှမြို့နယ်နှင့်ကပ်လျက်တည်ရှိသော တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာတွင် ယခုလ ဒုတိယပတ်ကတည်းက စစ်သည်အင်အား ၁၀၀ ဝန်းကျင် ဖြင့် စစ်ကောင်စီတပ်က တပ်စွဲ ထားသည်။
မကြာခဏဝင်ရောက်မွှေနှောက်ခံနေရသည့်အတွက် ကပေါင်းကျ၌ ရွာလုံးကျွတ်ထွက်ပြေးနေရသည်။ ဤအခြေအနေတွင် စစ်သားများက ကပေါင်းကျကျေးရွာတွင်း နေအိမ်များ၊ ရွာအနီးရှိ စစ်ဘေးရှောင်များ ခိုလှုံရာယာတဲများအား မီးရှို့ဖျက်ဆီးခဲ့သည်။
ကပေါင်းကျကျေးရွာတွင် တပ်စွဲထားသည့် စစ်သားများကို အောက်တိုဘာ ၂၂ ၌ လက်နက်ခဲယမ်းများကို ရဟတ်ယာဥ်ဖြင့် ၂ ကြိမ် လာပို့ခဲ့သည်ဟု ကပေါင်းကျကျေးရွာဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်က ကျွန်းလှ၊ တန့်ဆည်တို့တွင် လိုက်လံ တိုက်ခိုက်နေသည့် PDF တပ်ဖွဲ့၀င်များမှာ ပစ်အား မကောင်းသော ခေတ်ဟောင်း တူမီးသေနတ်များ ကိုင်ဆောင်ထားကြသည်။ လက်နက်အင်အား မမျှသဖြင့် ခြုံခိုတိုက်ခြင်း၊ မိုင်းခွဲခြင်း စသည့် နည်းလမ်းများကို ပိုမို အသုံးပြုကြသည့် ပြောက်ကျားတပ်ဖွဲ့၀င်များ ဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့တော်လှန်ရေးစတင်ကြောင်း စက်တင်ဘာ ၇ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာလိုက်ပြီးနောက်တွင် စစ်ကောင်စီကို လက်နက်ကိုင် ခုခံတိုက်ခိုက်မှုများ နှစ်ဆနီးပါး တိုးလာခဲ့ပြီး စစ်ကိုင်းတိုင်းနှင့်ချင်းပြည်နယ်တွင် ခုခံမှုအများဆုံး ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စစ်ဆင်ရာတွင်လည်း စစ်တပ်က လေကြောင်းပစ်ကူ အသုံးပြုခဲ့ပြီး မတ်လအတွင်း ကရင်ပြည်နယ်၊ ပဲခူးတိုင်းတို့ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေများအတွင်း ဗုံးကျဲခဲ့သဖြင့် အရပ်သား ၂၀ သေဆုံးခဲ့ရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)