အတွေးအမြင်

မြန်မာ့အရေး လုံခြုံရေးကောင်စီထံ အာဆီယံ လွှဲပြောင်းပေးသင့်ပြီ

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် သမိုင်းတစ်လျှောက် မလုပ်ဆောင်ခဲ့ဖူးသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့လေပြီ။ ထိုဆုံးဖြတ်ချက်မှာ မြန်မာစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အောက်တိုဘာလ ၂၆ – ၂၈ ရက်နေ့များတွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်တားမြစ်လိုက်ခြင်း ဖြစ်သည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးမြန်မာနိုင်ငံ၏ အခြေအနေသည် “ဒေသတွင်းလုံခြုံရေး” (Regional Security) နှင့် အာဆီယံ၏ စည်းလုံးညီညွတ်မှု၊ ယုံကြည်ထိုက်မှု၊ ဗဟိုပြုမှုအပေါ် ထိခိုက်လျက်ရှိသည်ဟု ဆိုကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုအချက်ကို အစည်းအဝေးအပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။

အာဆီယံခေါင်းဆောင်များက မြန်မာနိုင်ငံ၏ အခြေအနေကို အကဲဖြတ်ရာတွင် “ဒေသတွင်းလုံခြုံရေး” ကို ထိခိုက်နေသည်ဆိုသော အချက်မှာ အလွန်အရေးကြီးသော အချက်ဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ၉ လနီးပါးအကြာမှ အလွန်နောက်ကျစွာ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုကာလတစ်လျှောက် မြန်မာ့အခြေအနေမှာ စစ်တပ်၏ အကြမ်းဖက်မှုများ လျော့ပါးသွားခြင်းမရှိဘဲ ပို၍ဆိုးရွားလာနေသည်။

“ဒေသတွင်းလုံခြုံရေး” ထိခိုက်လာသည့် မြန်မာစစ်တပ်ပြဿနာ

အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြနေကြသော နိုင်ငံအနှံ့က ပြည်သူ ၁၂၀၀ ကျော်ကို စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်။ ပြည်သူ ၉,၀၀၀ ကျော်ကို ဖမ်းဆီးနှိပ်စက် ထိန်းသိမ်းထားသည်။ ကယား၊ ချင်း၊ စစ်ကိုင်းတိုင်း ဒေသအနှံ့အပြားရှိ ကျေးရွာများကို ဝင်ရောက်ဖျက်ဆီး၊ မီးရှို့လုယက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲ ဖြစ်သည်။ စစ်တပ်၏ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုရန်မှ လွတ်မြောက်ရန် ရွာလုံးကျွတ်ထွက်ပြေးနေရပြီး တောတောင်တွေထဲ ပုန်းအောင်းနေရသော ပြည်သူ သိန်းနှင့်ချီရှိနေပြီ ဖြစ်သည်။

ထိုအခြေအနေသည် လျော့ပါးသွားခြင်းမရှိဘဲ စစ်တပ်သည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်း နယ်မြေရှင်းလင်းရန် စစ်အင်အားအလုံးအရင်းဖြင့် “အနော်ရထာစစ်ဆင်ရေး” အတွက် ပြင်ဆင်နေသည့်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။ ပြည်သူကို အကာအကွယ်ပေးရမည့် စစ်တပ်က ပြည်သူကို လိုက်လံချေမှုန်း တိုက်ခိုက်သတ်ဖြတ်နေသည့် အခြေအနေကို မြန်မာပြည်သူများ ရင်ဆိုင်နေရသည်။

မြန်မာနိုင်ငံ၏ မတည်ငြိမ်မှုများက အိမ်နီးချင်း ထိုင်းနှင့် အိန္ဒိယနိုင်ငံ နယ်စပ်များကို နေ့စဉ်ဖြတ်ကျော်ပြီး ပြည်သူများ တစ်ဖက်နိုင်ငံသို့ ဝင်ရောက်ခိုလှုံမှုများ များပြားလျက်ရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာဒုက္ခသည် ၁ သန်းနီးပါးကို ၂၀၁၇ ခုနှစ်ကတည်းက လက်ခံထားရသည်။ တရုတ်နိုင်ငံသည် မြန်မာစစ်ပြေးဒုက္ခသည်များ အစုလိုက်အပြုံလိုက် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမည့် အခြေအနေကို ကြိုတင်တွက်ဆထားပြီး နှစ်နိုင်ငံဆက်ဆံရေးသမိုင်းတစ်လျှောက် မလုပ်ဆောင်ခဲ့ဖူးသော နယ်စပ်တစ်လျှောက် တစ်ဖက်သတ် ခြံစည်းရိုးများကာရံလျက်ရှိသည်။

ခြုံ၍ကြည့်လျှင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသော အိမ်နီးချင်း ၅ နိုင်ငံတွင် လာအိုနိုင်ငံကလွဲ၍ စစ်ပြေးဒုက္ခသည်များ၊ ဘဝရှင်သန်ရပ်တည်ရေးအတွက် အလုပ်အကိုင်ရှာဖွေသူ မြန်မာနိုင်ငံသားများစွာ နေ့စဉ် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာနေသည့် ဖြစ်ရပ်များက “ဒေသတွင်းလုံခြုံရေး” ကို အမှန်တကယ်ခြိမ်းခြောက်လျက်ရှိသည်။ ထိုသို့ဖြစ်ရခြင်းမှာ စစ်တပ်၏ ပြည်သူများအပေါ် လက်နက်အားကိုး အကြမ်းဖက်မှုကြောင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာခြင်း၊ ကောင်းမွန်သောအုပ်ချုပ်မှု ဆိတ်သုဉ်းခြင်း၊ လူသား၏ အသက်ရှင်ပိုင်ခွင့်ဆိုသည့် အခြေခံအကျဆုံးအခွင့်အရေးအပါအဝင် လူသားလုံခြုံမှု ပျက်သုဉ်းလာခြင်းတို့ကြောင့် ဖြစ်သည်။

မြန်မာ့အရေးဖြေရှင်းရန် အာဆီယံအပေါ် တာဝန်ပုံကျလာခြင်း

စစ်တပ်၏ ကိုယ့်နိုင်ငံသားများအပေါ် လူမဆန်စွာ ရက်ရက်စက်စက်ပြုမူနေမှုများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာက စောင့်ကြည့်နေပြီး၊ စစ်တပ်၏ အကြမ်းဖက်မှုများကို ဆန့်ကျင်ရှုတ်ချခဲ့ပြီး အမြန်ဆုံးရပ်တန့်ရန် အကြိမ်ပေါင်းများစွာ တောင်းဆိုသတိပေးခဲ့သည်။ သို့သော် လုံခြုံရေးကောင်စီကိုယ်တိုင် ကြားဝင်ဖြေရှင်းရန် ကြိုးပမ်းမှုများကို အဖွဲ့ဝင်များဖြစ်သော တရုတ်နှင့် ရုရှားတို့က မြန်မာ့အရေးသည် နိုင်ငံတကာလုံခြုံရေးကိစ္စမဟုတ်ဘဲ ပြည်တွင်းရေးကိစ္စဖြစ်၍ ကောင်စီအနေနှင့် ဝင်ရောက်မစွက်ဖက်သင့်ဟု ဆိုကာ ကောင်စီက တိုက်ရိုက်အရေးယူဖြေရှင်းမှု မပြုနိုင်ရန် ပိတ်ဆို့ခဲ့ကြသည်။

မြန်မာအဖွဲ့ဝင်အဖြစ် ပါဝင်သော ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် အာဆီယံကလည်း စစ်တပ်၏ အာဏာသိမ်းမှုနှင့် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ဖမ်းဆီးနှိပ်စက်နေမှုများကို ပြည်တွင်းရေးဟုဆိုကာ ဝင်ရောက်မစွက်ဖက်ရေးမူ (Non-interference Policy) အရ ကန့်ကွက်ရှုတ်ချမှုပင် မလုပ်ခဲ့ပါ။ ဒေသတွင်းအဖွဲ့အစည်းကပင် မြန်မာ့အရေးကို ပြည်တွင်းရေးဟု သဘောထားနေခြင်းကြောင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တရုတ်နှင့် ရုရှားတို့၏ ပိတ်ဆို့ကန့်ကွက်မှုများကို အထောက်အကူပြုသလို ဖြစ်နေခဲ့သည်။

သို့သော် အာဆီယံပဋိညာဉ်တွင် အဖွဲ့ဝင်နိုင်ငံတိုင်း လေးစားလိုက်နာရန် ပြဋ္ဌာန်းထားသော ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်သောအုပ်ချုပ်ရေး၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားလိုက်နာ ကာကွယ်စောင့်ရှောက်ရေးဆိုသည့် စည်းမျဉ်းများ (Principles) အား မြန်မာစစ်တပ်က ဖောက်ဖျက်ကျူးလွန်နေသည်ကို အာဆီယံ မျက်ကွယ်ပြု၍ မရတော့ပါ။ မြန်မာ့အရေးကို ကိုယ်တိုင်ဝင်ရောက်ဖြေရှင်းရန် အာဆီယံခေါင်းဆောင်များအပေါ် ဖိအားများ ကျရောက်လာပါသည်။

ထို့ကြောင့် ဧပြီလ ၂၄ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ အာဆီယံခေါင်းဆောင်များ အစည်းအဝေးကျင်းပကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ရောက်စေပြီး၊ မြန်မာ့အရေးဖြေရှင်းရန် “တူညီဆန္ဒ ၅ ချက်” ကို ၎င်း၏ သဘောတူညီမှုဖြင့် ချမှတ်ခဲ့သည်။ ကုလသမဂ္ဂအပါအဝင် တစ်ကမ္ဘာလုံးက အာဆီယံ၏ “တူညီဆန္ဒ ၅ ချက်” ကို ထောက်ခံခဲ့ကြပြီး၊ ဒေသတွင်းပြဿနာကို ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် အာဆီယံက ဦးဆောင်ဖြေရှင်းရေးလမ်းကြောင်းကို ဦးတည်ခဲ့ကြသည်။

သို့သော် အာဆီယံသည် “တူညီဆန္ဒ ၅ ချက်” ကို အကောင်အထည်ဖော်ရန် အထူးကိုယ်စားလှယ်ခန့်အပ်ပြီး လက်တွေ့ကြိုးပမ်းသည့်အခါ မင်းအောင်လှိုင်သည် အာဆီယံခေါင်းဆောင်များရှေ့မှောက်တွင် ပေးခဲ့သည့် ကတိအတိုင်း ပူးပေါင်းဆောင်ရွက်မှု မပြုခဲ့ပါ။ ထို့ကြောင့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ရပြီး၊ မြန်မာနိုင်ငံ၏ အခြေအနေသည် “ဒေသတွင်းလုံခြုံရေး” ကို ထိခိုက်နေပြီဟု ဆုံးဖြတ်၍ မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးများတက်ရောက်ခွင့် ပိတ်ပင်အရေးယူခဲ့ခြင်းဖြင့် ဖိအားပေးခဲ့သည်။

ဤနေရာတွင် မြန်မာစစ်ခေါင်းဆောင်များသည် အာဆီယံအဖွဲ့ဝင်မဟုတ်ဘဲ ၁၉၈၈ – ၁၉၉၇ အထိ ဆယ်စုနှစ်တစ်ခု ဖြတ်သန်းခဲ့ဖူးသော အတွေ့အကြုံရှိပြီး၊ နိုင်ငံတကာဖိအားကို ဂရုမစိုက်သည့် လူသားမဆန်သော စိတ်အခြေအနေရှိသည်ကို အာဆီယံအနေဖြင့် သတိပြုရန် လိုအပ်သည်။ မင်းအောင်လှိုင်သည် အာဆီယံဖိအားကို ဂရုမစိုက်ဘဲ နေနိုင်ပြီး၊ အဆိုးဆုံးအခြေအနေတွင် အဖွဲ့ဝင်အဖြစ်မှ ထွက်သွားခဲ့လျှင် အာဆီယံ ရှေ့ဆက် မည်သို့လုပ်ဆောင်နိုင်သလဲဆိုသည့် မေးခွန်းပေါ်ပေါက်ပါသည်။

မြန်မာ့အခြေအနေသည် လူသားဖြစ်တည်မှုဆိုင်ရာ ကပ်ဘေးကြီး (Humanitarian Catastrophe) အဆင့်ဆီ ဦးတည်လျက်ရှိသည်။ အချိန်နှင့်အမျှ ဆိုးရွားလာနေသော မြန်မာ့အရေးကို ဖြေရှင်းရန် အာဆီယံသည် အချိန်အကန့်အသတ်မဲ့ ဆောင်ရွက်၍မရပါ။ အာဆီယံအနေဖြင့် မြန်မာစစ်ခေါင်းဆောင်များကို ထိရောက်စွာ ကိုင်တွယ်နိုင်စွမ်း ရှိမရှိကို အမြန်ဆုံးဆန်းစစ်လေ့လာရန် လိုအပ်ပြီး၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန် အမြန်ဆုံးလုပ်ဆောင်သင့်သည်။

အာရပ်နွေဦးနှင့် မြန်မာ့နွေဦးကို ချိန်ထိုးကြည့်ခြင်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုတိတိ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် “အာရပ်နွေဦး” နှင့်အတူ ပေါ်ပေါက်ခဲ့သော လစ်ဗျားနိုင်ငံ၏ စစ်အာဏာရှင် ကဒါဖီကို လစ်ဗျားပြည်သူများ ဆန့်ကျင်ဆန္ဒပြမှုနောက်ပိုင်း ပေါ်ပေါက်ခဲ့သော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းခဲ့ဖူးသည့် အတွေ့အကြုံရှိဖူးသည်။ ထိုစဉ်က လစ်ဗျားနိုင်ငံအခြေအနေသည် ယနေ့ “မြန်မာနွေဦး” နှင့်အတူ ဖြစ်ပွားလျက်ရှိသော မြန်မာနိုင်ငံအခြေအနေနှင့် ဆင်တူလျက်ရှိသည်။

လစ်ဗျားအာဏာရှင် ကဒါဖီသည် စစ်တပ်အင်အားကို အလွန်အကျွံအသုံးပြုပြီး လစ်ဗျားပြည်သူများ၏ ဆန္ဒပြပွဲများကို နှိမ်နင်းသတ်ဖြတ်ခဲ့သည်။ ကဒါဖီအစိုးရကို ဖြုတ်ချနိုင်ရန် လစ်ဗျားပြည်သူများကိုယ်စားပြုသော အမျိုးသားအသွင်ကူးပြောင်းရေးကောင်စီ (National Transitional Council – NTC) ကို စင်ပြိုင်အစိုးရအဖြစ် ဖွဲ့စည်းထူထောင်ခဲ့ပြီး၊ NTC သည် နိုင်ငံတကာထောက်ခံမှုနှင့် အသိအမှတ်ပြုမှုများကို ရရှိခဲ့သည်။

လစ်ဗျားအရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဝင်ရောက်ဖြေရှင်းမှုတွင် အရေးပါဆုံးအချက်တစ်ချက်မှာ ဒေသတွင်း ဩဇာရှိသော အဖွဲ့အစည်းများဖြစ်သော ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (The Gulf Cooperation Council – GCC) နှင့် အာရပ်အဖွဲ့ချုပ် (The Arab League) တို့သည် ကဒါဖီစစ်တပ်က လစ်ဗျားပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအန္တရာယ်မှ ကာကွယ်ပေးရန် “လေယာဉ်မပျံသန်းရဇုန်” (No Fly Zone) လုပ်ဆောင်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ တောင်းဆိုခဲ့သည်။ ယင်းသည် ဒေသဆိုင်ရာအဖွဲ့အစည်းများက ဒေသတွင်းအရေးပေါ်ပြဿနာကို လုံခြုံရေးကောင်စီထံ အကူအညီတောင်းခံသည့် ဥပမာဖြစ်ပါသည်။

ယခုလည်း မြန်မာစစ်တပ်သည် ၂၀၁၇ ခုနှစ် ရခိုင်ဒေသတွင် ကျူးလွန်ခဲ့သော နယ်မြေရှင်းလင်းရေး (Clearance Operation) မျိုး ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လုပ်ဆောင်ရန်၊ အင်တာနက်ဆက်သွယ်ရေးကွန်ရက်များ ဖြတ်တောက်ထားပြီး၊ “အနော်ရထာစစ်ဆင်ရေး” အတွက် စစ်တပ်အင်အား အလုံးအရင်းနှင့် ပြင်ဆင်လျက်ရှိသည်။ နိုင်ငံတကာလုံခြုံရေးလေ့လာသူ Anthony Davis ၏ အဆိုအရ အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလဆန်းတွင် အဆိုပါ စစ်ဆင်ရေးကို စတင်လိမ့်မည်ဟု ခန့်မှန်းထားသည်။

ယင်းအခြေအနေသည် ကဒါဖီက လစ်ဗျားအရှေ့ပိုင်းက ဘန်ဂါဇီ (Banghizi) မြို့ကို စစ်တပ်အင်အား အလုံးအရင်းနှင့် စစ်ဆင်ရန် လုပ်ဆောင်မှုမျိုးနှင့် အလားသဏ္ဌာန်တူပြီး၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူများ အစုလိုက်အပြုလိုက် သတ်ဖြတ်ဖမ်းဆီးနှိပ်စက်ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ထိုအခြေအနေကို ကုလသမဂ္ဂက သတိပေးထုတ်ပြန်ထားမှုများ ပြုလုပ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် အာဆီယံသည် မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်တားမြစ်ရုံမျှဖြင့် မြန်မာ့အရေး မဖြေရှင်းနိုင်ပါ။ ထိုအချက်ကို အာဆီယံခေါင်းဆောင်များ ရှင်းရှင်းလင်းလင်း သဘောပေါက်သင့်သည်။

စစ်တပ်၏ သတ်ဖြတ်မှုကြောင့် နောက်ထပ် သေကျေပျက်စီးမှုဘေးမှ မြန်မာပြည်သူများကို အမှန်တကယ်ကာကွယ်ပေးလိုသည့် စိတ်ဆန္ဒရှိလျှင် အာဆီယံခေါင်းဆောင်များအနေဖြင့် ကုလလုံခြုံရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန် အချိန်ကျပါပြီ။ ကုလလုံခြုံရေးကောင်စီထံ မြန်မာ့အရေးဖြေရှင်းပေးရန် အာဆီယံမှ တရားဝင်တင်ပြတောင်းဆိုသင့်ပါပြီ။ ထိုကဲ့သို့ ဒေသဆိုင်ရာအဖွဲ့အစည်းက တောင်းဆိုလာပြီဆိုလျှင် တရုတ်နှင့် ရုရှားနိုင်ငံတို့လည်း မြန်မာ့အရေးသည် ပြည်တွင်းရေးပါဟု ပြောဆိုနိုင်မည် မဟုတ်တော့သလို၊ ၎င်းတို့၏ ဗီတိုအာဏာအသုံးပြုပြီး လူသားမဆန်သော မြန်မာစစ်ခေါင်းဆောင်များကို အကာအကွယ်ပေးလိမ့်မည် မဟုတ်ဟု ယုံကြည်မျှော်လင့်မိပါသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button