
ဖမ်းဆီးခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီသည် မင်္ဂလာဒုံစစ်ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်၌ အရေးပေါ်ကုသမှုခံယူနေရဆဲဖြစ်ကာ အခြေအနေစိုးရိမ်ရကြောင်း တပ်မတော်သတင်းရင်းမြစ်တစ်ခုက Myanmar Now ကို ပြောသည်။
“ICU (အထူးကြပ်မတ်ကုသဆောင်) ထဲမှာ ရှိတုန်းလို့ ပြောတယ်။ အခြေအနေတော့ မကောင်းဘူးလို့ ပြောတယ်။ အခြေအနေဆိုးတယ်လို့ ပြောတယ်” ဟု မင်္ဂလာဒုံစစ်ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထင်ရှားသည့် ၁၉၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီ ခေါ် ဦးကျော်မင်းယုမှာ စာရေးဆရာတစ်ဦးလည်းဖြစ်ကာ အောက်တိုဘာ ၂၃ ရက် ညပိုင်းက ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ပင်လုံအိမ်ရာရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကာ ဦးဂျင်မီတစ်ဦးတည်းသာ အဖမ်းခံရခြင်းဖြစ်ကြောင်း၊ မင်္ဂလာဒုံရောက် ဦးဂျင်မီ၏ အခြေအနေမှာ စိုးရိမ်ရသည်ဟု ဇနီးဖြစ်သူ ဒေါ်နီလာသိန်းထံမှ သိရသည်။
စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဦးဂျင်မီနှင့် လူချင်းမတွေ့ဆုံရတော့ကြောင်းလည်း ဒေါ်နီလာသိန်းက ယနေ့ (အောက်တိုဘာ ၂၅) နံနက်ပိုင်းတွင် Myanmar Now ကို ပြောသည်။
ဦးဂျင်မီမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ရန်ကုန်တွင် တစ်နေရာမှ တစ်နေရာ ပြောင်းရွှေ့နေထိုင်ရင်း စစ်အာဏာရှင်ပြုတ်ကျရေး နွေဦးတော်လှန်ရေးတွင် ပါဝင်လှုပ်ရှားနေကာ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သည့် ထိုနေအိမ်သို့ ပြောင်းရွှေ့နေထိုင်သည်မှာ မကြာသေးကြောင်းလည်း ဒေါ်နီလာသိန်းက ပြောသည်။
စစ်တပ်က ဝင်ရောက်စီးနင်းစဉ်အတွင်း ဦးဂျင်မီမှာ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းရင်း သံဆူးကြိုးတပ်ဆင်ထားသည့် နေအိမ်ခြံစည်းရုံး အုတ်တိုင်ပေါ်မှ ပြုတ်ကျခဲ့ပြီး၊ ၎င်းအပေါ်သို့ အခြားသူတစ်ဦး ထပ်မံပြုတ်ကျရာမှ ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သော်လည်း ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီလက်ချက်ဖြင့် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေရောက်သွားခြင်းဖြစ်သည်ဟု ထင်မြင်ကြောင်းလည်း ဒေါ်နီလာသိန်းက ဆိုသည်။
ဦးဂျင်မီမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်အပါအဝင် အခြားထင်ရှားကျော်ကြားသူအချို့နှင့်အတူ စစ်တပ်က အာဏာသိမ်းပြီး ဆယ်ရက်ခန့်အကြာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတည်းက ရာဇသတ်ကြီးပုဒ်မ ၅၀၅−ခ ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူ ဖြစ်သည်။ ၎င်းသည် ၁၉၈၈ မှ ၂၀၀၅ အထိလည်းကောင်း၊ ၂၀၀၇ မှ ၂၀၁၂ အထိလည်းကောင်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရဖူးသူဖြစ်သည်။
ဦးဂျင်မီဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ ထို့အတူ Myanmar Now အနေဖြင့်လည်း စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်