ဆောင်းပါးရုပ်ပုံလွှာ

ရန်ငြိုးဖြင့် ဖမ်းဆီးခံထားရသည့် သူရဦးအောင်ကို၏ အကျဉ်းစံဘဝ

စစ်တပ်၏ ခါးပိုက်ဆောင်အဖွဲ့သဖွယ်လှုပ်ရှားခဲ့သည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို ဖျက်သိမ်းရာ၌ အခရာကျခဲ့သူ အသက် ၇၃ နှစ်အရွယ် သူရဦးအောင်ကိုသည် ယခုအခါတွင် ခက်ခဲကြမ်းတမ်းသည့် ဘဝကို အင်းစိန်ထောင်တွင် ဖြတ်သန်းနေရကြောင်း သိရှိရသည်။ 

အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရပြီး အင်းစိန်ထောင်သို့ ရောက်နေသည့် သူရဦးအောင်ကိုမှာ သောက်နေကျ ဆေးဝါးကိုပင် လုံလောက်စွာမရသည်အထိ ခက်ခဲစွာရပ်တည်နေရကြောင်း အကျဉ်းထောင်အတွင်း ၎င်းနှင့် ၆ ကြိမ်ခန့် စကားပြောခွင့်ရခဲ့သော၊ မကြာသေးခင်က လွတ်မြောက်ခဲ့သော အမျိုးသားတစ်ဦးထံမှ သိရသည်။

တပ်မတော်တွင် သူရဘွဲ့ရကာ ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ သူရဦးအောင်ကိုသည် စစ်တပ်က အာဏာသိမ်းကာ ဖြုတ်ချခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအစိုးရအဖွဲ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။

၎င်းကို စစ်ကောင်စီက ထောင် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် ဧပြီ ၅ တွင် အမှုဖွင့်ထားသည်။ ထင်ရှားသောနိုင်ငံရေးသမားများကို စုစည်းချုပ်နှောင်ထားလေ့ရှိသည့် အင်းစိန်ထောင်တွင်းရှိ ဝါကြင့်ကြင့်အရောင် သုတ်ထားသည့် တိုက် ၁၊ အခန်း ၁ ၌ သူရဦးအောင်ကို နေထိုင်ရကြောင်း အောက်တိုဘာ ၁၈ တွင် ပြန်လည်လွတ်မြောက်လာသည့် အသက် ၃၇ နှစ်အရွယ်ရှိ ထိုအမျိုးသားက ပြောသည်။ တစ်ဦးတည်းနေရသည့် ထိုအခန်းမှာ ၈ ပေ၊ ၁၂ ပေ ဝန်းကျင် အကျယ်ရှိသည်ဟု သိရသည်။

အင်းစိန်ထောင်ကို ကောင်ကင်ယံမှ မြင်တွေ့ရပုံ။ (ဓာတ်ပုံ-EPA)

“ပုံမှန်သောက်နေရတဲ့ သောက်နေကျ ဆေးဝါးလည်း အပြည့်အဝ အလျဉ်မီအောင် လုံလုံလောက်မရဘူးတဲ့။ သွင်းရတဲ့နေရာမှာလည်း အခက်အခဲဖြစ်တယ်တဲ့။ တစ်ခါတလေကျတော့လည်း ဆေးက ကုန်နေပြီကွာ၊ ဘယ်လိုဖြစ်တာလဲမသိဘူး ဆိုပြီး ကျွန်တော့်ကို ပြောပြတယ်”ဟု ၎င်းက ဆိုသည်။

အမည်နှင့် အချက်အလက်အသေးစိတ်ကို လုံခြုံရေးအရ ထုတ်ဖော်မပြောလိုသည့် အထက်ပါသတင်းရင်းမြစ်မှာ အင်းစိန်ထောင်တွင် လအတန်ကြာ နေထိုင်ခဲ့ရသူဖြစ်သည်။

သူရဦးအောင်ကိုမှာ ယခင်ကဲ့သို့ ပြည့်ပြည့်ဖြိုးဖြိုးမဟုတ်တော့ဘဲ ခန္ဓာကိုယ်မှာ သိသိသာသာပိန်ကျနေကြောင်း၊ သို့သော်လည်း အခါကြီးရက်ကြီးများတွင် သီလဆောက်တည်ကာ ဥပုသ်စောင့်လေ့ရှိကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။

ဖမ်းဆီးခံရသည့်အချိန်ကဖြစ်စဉ်နှင့် တရားစွဲခံထားရသည့် အမှုကိစ္စများကို ပြောလေ့မရှိဘဲ “ဒီလိုပါပဲ” ဟုသာ တုံ့ပြန်သော်လည်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးလှုပ်ရှားမှုများတွင် ပါဝင်နေကြသည့် လူငယ်များကိုမူ ကျေးဇူးတင်သည်ဟု ပြောလေ့ရှိကြောင်း ထိုသူက ဆိုသည်။

သူရဦးအောင်ကို ရှိနေသည့် တိုက် ၁ တွင် ရန်ကုန်တိုင်းစီးပွားရေးဝန်ကြီးဟောင်း ဦးရဲမင်းဦး၊ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်၊ ရုပ်ရှင်ဒါရိုက်တာ လူမင်းတို့လည်း ရှိကြောင်း သိရသည်။

တိုက် ၅ တွင်မူ သတင်းစာဆရာ စည်သူအောင်မြင့်၊ မိုးညိုမြို့နယ်တရားသူကြီး ဦးမင်းနောင်ခိုင်၊ ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်နီတို့ ရှိသည်ဟု ဆိုသည်။

ထို့ပြင် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်၊ ပြည်ထောင်စုကာကွယ်ရေးတပ်(UNRA) မှ ဗိုလ်မှူးချုပ်ခင်ကျော်၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပါဝင်သူ ဆေးတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၆၀ ခန့်ရှိကြောင်း ၎င်းက ပြောသည်။

သူရဦးအောင်ကို သောက်နေကျ ဆေးဝါး ပြတ်သွားရခြင်းမှာ မိသားစုက ပို့ပေးသည့်အခါ အကျဉ်းဦးစီးဌာနက စစ်ဆေးရာတွင် ကြန့်ကြာနေသောကြောင့်ဟု ဆိုသည်။

ထိုအကြောင်းနှင့် ပတ်သက်၍ မေးမြန်းရန် ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်းမရှိပါ။

လွတ်မြောက်လာသူ၏ အဆိုအရ ထောင်တွင်း၌ နာမကျန်းဖြစ်သူများသည် “ထောင်လက်စွဲဆေးတော်ကြီး” ဟု တင်စားခေါ်ကြသည့် ပါရာစီတမော့၊ စီဗစ်၊ အမောက်စလင်၊ ဘာမီတွန် စသည့် ဆေး ၄ မျိုးမှလွဲ၍ အခြားမည်သည့်ဆေးဝါးမျှ မရရှိကြောင်း သိရသည်။

ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း မြင်ကွင်း။ (ဓာတ်ပုံ -Myanmar Now/မှတ်တမ်းဟောင်း)

စစ်ကောင်စီက သူရဦးအောင်ကို သာ/ယဉ်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ချိန်က ဗုဒ္ဓဘာသာ၏ ဦးသျှောင် ရဟန်းသံဃာများကို သာသနာ့နုဂ္ဂဟဘွဲ့တံဆိပ် နှစ်စဉ်ချီးမြှင့်ရာတွင် အဂတိလိုက်စားခဲ့သည်ဟု စွပ်စွဲထားခြင်းဖြစ်သည်။

သို့သော် သူရဦးအောင်ကိုသည် သာသနာရေးဆိုင်ရာ တာဝန်များကို ယခင် စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာပင် ဒုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သည်။

၈ ပေ၊ ၁၂ ပေ ခန့် ကျယ်သော၊ မျက်နှာကြက်ကို ကြက်ဥနှစ်ရောင် ဆေးသုတ်ထားသော အခန်းတွင် တစ်ယောက်တည်းနေရသော သူရဦးအောင်ကိုသည် အခြားအကျဉ်းသားများနှင့် ဆုံရသည့်အခါ သူ့အကြောင်းပြောလေ့မရှိသော်လည်း အခြားနိုင်ငံရေးအကျဉ်းသားများကို အားပေးနှစ်သိမ့်ကြောင်း သိရှိရသည်။ 

သူရဦးအောင်ကိုသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

၂၀၁၅ ခုနှစ် ပါတီတွင်း အာဏာသိမ်းမှုဖြစ်စဉ်တွင် သူရဦးရွှေမန်းနှင့်အတူ ဗဟိုကော်မတီမှ ထုတ်ပယ်ခံရသူ ဖြစ်သည်။

NLD အစိုးရဖွဲ့သောအခါ ကြံ့ဖွံ့ပါတီဝင်ဟောင်းတချို့ကို ထိပ်တန်းရာထူးများပေးရာတွင် သူရဦးအောင်ကိုလည်း ပြည်ထောင်စုဝန်ကြီး ဖြစ်လာသည်။ 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေတွင် ၂၀၁၉ က ပြုလုပ်သည့် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ဒုတိယအစည်းအဝေးတွင် တွေ့ရစဉ်။ (ဓာတ်ပုံ – www.mahana.org.mm)

ထို့နောက် စစ်တပ်၏ ကျောထောက်နောက်ခံဖြင့် ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အမုန်းစကားများကို စိတ်ကြိုက်ဟောပြော ဝါဒဖြန့်လေ့ရှိသည့် မဘသလို အဖွဲ့အစည်းမျိုးကို ၎င်း သာ/ယဉ်ဝန်ကြီးအဖြစ် တာဝန်ယူရသည့် NLD အစိုးရလက်ထက် ၂၀၁၇ တွင် ဖျက်သိမ်းခဲ့သည်။

၂၀၁၄ မှစ၍  ဘာသာရေးအစွန်းရောက်များဖြင့် ဖွဲ့စည်းခဲ့သော မဘသ ဖျက်သိမ်းခံလိုက်ပြီးနောက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တစ်ဖန်ချဉ်းကပ်ခဲ့သည့် ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်အခြေစိုက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ကိုလည်း မဘသလိုအဖွဲ့ဖြစ်လာပါက ဖျက်သိမ်းမည်ဟု သူရဦးအောင်ကိုက ပြတ်ပြတ်သားသားပြောခဲ့သည်။

ထို့ပြင် နိုင်ငံတကာအထိပါ ဘာသာရေးအစွန်းရောက်အဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဦးဝီရသူကို NLD အစိုးရလက်ထက်တွင် ဖမ်းဝရမ်းထုတ်သော်လည်း ၁ နှစ်ကြာအထိ ဖမ်းမမိခြင်းမှာ အရပ်သားအစိုးရလက်အောက်တွင် ပြည်ထဲရေးဝန်ကြီးဌာနမရှိသောကြောင့်ဟု သူက ဝေဖန်ခဲ့သည်။ ထိုဝေဖန်ချက်ကြောင့် သူ့ကို အရေးယူရန် စစ်တပ်က အစိုးရကို လူသိရှင်ကြားတောင်းဆိုခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲမဲစာရင်း အကြောင်းပြကာ အာဏာသိမ်းသည့်နေ့မှာပင် စစ်တပ်က ၎င်းတို့အလိုမကျသူတို့ကို ရန်ငြိုးဖြင့် လိုက်လံဖမ်းဆီးရာ အဖမ်းခံရသူများထဲတွင် သူရဦးအောင်ကိုလည်း ပါဝင်ခဲ့သည်။

ယနေ့ (အောက်တိုဘာ ၂၃) ဆိုလျှင် သူရဦးအောင်ကို အဖမ်းခံထားရသည်မှာ ၂၆၅ ရက်အကြာ ရှိနေပြီဖြစ်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button