သတင်း

ထောင် ၁၂ နှစ်ချခံရသည့် သူရဦးအောင်ကို ကျန်းမာရေး စိုးရိမ်နေရ

စစ်ကောင်စီက ထောင် ၁၂ နှစ်ချခဲ့သည့် စစ်တပ်ပြုပြင်ရေးနှင့် အခြေခံဥပဒေပြင်ရေး ထောက်ခံသူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဟောင်း သူရဦးအောင်ကိုမှာ ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ကျန်းမာရေးအခြေအနေဆိုးရွားနေသည်ဟု သမီးဖြစ်သူက ပြောသည်။

အာဏာသိမ်းသည့် ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်ကတည်းက အဖမ်းခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက် ဝန်ကြီးဟောင်းကို စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မများဖြင့် တရားစွဲဆိုပြီးနောက် မတ် ၁၄ တွင် ထောင်ဒဏ် ၁၂ နှစ် ချမှတ်သည်။​

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက်ကတည်းက မိသားစုနှင့် တွေ့ခွင့်မရဘဲ မကြာခဏ နေမကောင်းဖြစ်သည်ဟု တစ်ဆင့်စကားသိရ၍ စိတ်ပူနေကြောင်း သူရဦးအောင်ကို၏ သမီးတစ်ဦးက Myanmar Now ကို ပြောသည်။ 

သွေးအားနည်း၍ ဆီးချိုရောဂါအခံရှိသည့် ဖခင်ဖြစ်သူထံ တစ်လတစ်ကြိမ် ဆေးဝါးပို့ခွင့်ရသော်လည်း ထောင်အတွင်း တစ်ကိုယ်တည်းနေထိုင်ချိန်တွင် နေရေး၊ စားရေး၊ အခက်အခဲမျိုးစုံတွေ့နေသည်ဟု ၎င်းက ပြောသည်။

“၇၅ နှစ်ဆိုတော့ သူ မေ့တတ်သွားတယ် ထင်တယ်။ ဘယ်သူကမှလည်း သူ့ကို ဆေးတကူးတက လာတိုက်မှာမှ မဟုတ်တော့။ သတိရရင်သောက်မယ် မရရင်မသောက်ဘူးနေမှာ” ဟု သမီးဖြစ်သူက ဆိုသည်။

နှစ်ပတ်တစ်ကြိမ် အစားအသောက်ပို့ပေးသော်လည်း အခြောက်အခြမ်းများသာဖြစ်၍ သူရဦးအောင်ကိုအတွက် လုံလောက်သည့် အစာအာဟာရ ဖြစ်လိမ့်မည် မဟုတ်ဟု ၎င်းက ယူဆသည်။

သာသနာဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးမြှင့်ခံရသူနှစ်ဦးထံမှ ကျပ်သိန်းရာချီရယူသည်၊ သမီးတစ်ဦး အရစ်ကျဝယ်ယူသည့် Ford (Titanium) ကားကိစ္စကို အဂတိမကင်းလုပ်ဆောင်သည်ဆိုကာ စစ်ကောင်စီက သာသနာရေးဝန်ကြီးဟောင်းကို စွပ်စွဲကာ အမှုဖွင့်ခဲ့သည်။​

ထို့ပြင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တည်ထားသည့် ထာဝရငြိမ်းချမ်းရေးစေတီ၌ ကပ်လှူမည့် ၂၀ ကျပ်သားရှိ ရွှေပန်းကန်ကို သူရအောင်ကိုက ငွေမပေးဘဲ ယူထားသည်ဟုပင် စစ်ကောင်စီက အပြစ်ရှာထားသည်။​

စစ်ကောင်စီ၏ စွပ်စွဲချက်များမှာ မမှန်ကန်သည်ကို တစ်နှစ်ဝန်းကျင်ကြာသည့် အင်းစိန်ထောင်ရှိ တရားရုံးချိန်းများအတွင်း ၎င်းတို့ဘက်မှ သက်သေထွက်သူတို့၏ ကွဲလွဲစွာထွက်ဆိုချက်များ၊ သူရဦးအောင်ကိုဘက်မှ အထောက်အထားဖြင့် ခုခံချေပမှုများဖြင့် သက်သေပြနိုင်ခဲ့သည်ဟု ၎င်း၏ ရှေ့နေက ပြောထားသည်။

သို့သော် အမိန့်ချပြီးနောက်တွင် သူရဦးအောင်ကိုထံမှ သိန်းတစ်ထောင်ကျော်တန် ကားတစ်စီး၊ ငွေသား ကျပ်သိန်းတစ်ရာနှင့် ၂၀ ကျပ်သား ရွှေပန်းကန်တစ်ချပ် သိမ်းသည်ဟု စစ်ကောင်စီက ကြေညာသည်။

အင်းစိန်ထောင် တိုက် ၁၊ အခန်း ၁ တွင် ထိန်းသိမ်းခံထားရင်း အမှုရင်ဆိုင်ခဲ့သူ သူရဦးအောင်ကိုအား အမိန့်ချပြီးနောက် အခြားနေရာသို့ ရွှေ့ပြောင်းခြင်းရှိမရှိ မသိရသေးဟုလည်း သမီးဖြစ်သူက ဆိုသည်။ 

ထို့ကြောင့် မိသားစုနှင့် တွေ့ခွင့်ပြုရန်၊ ချမှတ်ခံထားရသည့် ထောင်ဒဏ်များကို အယူခံတက်လိုခြင်းရှိမရှိ ဖခင်၏ သဘောထားမေးခွင့်ရရန် ရှေ့နေမှတစ်ဆင့် လုပ်ဆောင်နေသည်ဟု ၎င်းက ပြောသည်။

“ဘယ်လိုဖြစ်ဖြစ် ခဏလေးတွေ့ရလဲ၊ အဖေ အားလေးတက်မလားပေါ့” ဟု သမီးဖြစ်သူက ဆိုသည်။

ထောင်ဒဏ်များ ချမှတ်ခံရပြီးနောက် သူရဦးအောင်ကို၏ အခြေအနေကို သိရှိနိုင်ရန် ရှေ့နေဖြစ်သူကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း မရသေးပေ။

သူရဦးအောင်ကို၏ ကျန်းမာရေးအခြေအနေနှင့် လုံလောက်သည့် ဆေးဝါးကုသခွင့်ရမရကို အင်းစိန်ထောင်အာဏာပိုင်များထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်အမတ်ဟောင်းတစ်ဦးလည်းဖြစ်သူ သူရဘွဲ့ရ အငြိမ်းစား ဗိုလ်မှူးချုပ်မှာ အာဏာမသိမ်းခင်ကတည်းက စစ်တပ်၏ ရန်ငြိုးဖွဲ့မှုကို ကြုံခဲ့ရသည်။ 

အခြေခံဥပဒေပြင်ဆင်ရေး၊ တပ်မတော်ပြုပြင်ပြောင်းလဲရေး အသံကျယ်ခဲ့သူ သူရဦးအောင်ကိုအား အရေးယူပေးရန် လက်ရှိအာဏာသိမ်းခေါင်းဆောင်က NLD အစိုးရထံ တောင်းဆိုဖူးသည်။​

သာသနာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန် ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်ကို ထောက်ခံကာ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အမုန်းစကားနှင့် လုပ်ရပ်များ ဆောင်ရွက်နေသည့် မဘသအဖွဲ့ကို သူရဦးအောင်ကိုက ဖျက်သိမ်းသည်။

ထို့ပြင် ကမ္ဘာ့စာမျက်နှာ၌ ဗုဒ္ဓဘာသာအကြမ်းဖက်သမားအဖြစ် နာမည်ကျော်သူ၊ စစ်တပ်ကို ဘုရားလို ကိုးကွယ်ရန် တိုက်တွန်းခဲ့သူ ဦးဝီရသူမှာလည်း ၂၀၂၀ နိုဝင်ဘာတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ – က ဖြင့် ဖမ်းဆီးခံရသည်။ အာဏာသိမ်းပြီးနောက်တွင် စစ်တပ်က ပြန်လွှတ်သည်။

ထိုလုပ်ဆောင်ချက်များမှာ သံဃာချင်း စိတ်ဝမ်းမကွဲစေရန်၊ နိုင်ငံရေးတွင် ဘာသာရေးကို အသုံးချမှုများကို တားဆီးရန် ဓမ္မစက်၊ အာဏာစက်ဖြင့် ကိုယ်တွယ်ထိန်းကျောင်းခဲ့ခြင်းဖြစ်သည်ဟု ၂၀၂၀ နှစ်ကုန်ပိုင်းတွင် သူရဦးအောင်ကိုက Myanmar Now ကို ပြောခဲ့သည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button