သတင်း

သူရဦးအောင်ကို စွပ်စွဲခံရသည့် အဂတိ လေးမှု အမိန့်ချတော့မည်

စစ်တပ်နှင့် နီးစပ်သည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဖျက်သိမ်းရာ၌ အခရာကျသူ သူရဦးအောင်ကိုအား စစ်ကောင်စီ စွပ်စွဲသည့် အဂတိလေးမှုကို အင်းစိန်ထောင်ရှိ တရားခွင်က မတ်လအတွင်း အမိန့်ချဖွယ်ရှိနေသည်။​

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရအဖွဲ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဦးအောင်ကိုမှာ သူရဘွဲ့ရ အငြိမ်းစားဗိုလ်မှူးချုပ်တစ်ဦးလည်းဖြစ်ကာ NLD ကို ဖြုတ်ချ၍ စစ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက အဖမ်းခံထားရသူဖြစ်သည်။ 

အာဏာသိမ်းပြီး တစ်လအကြာ ၂၀၂၁ မတ်လတွင် သာသနာဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးမြှင့်ခံရသူနှစ်ဦးထံမှ ကျပ်သိန်းရာချီ ရယူသည်ဆိုကာ သူရဦးအောင်ကိုအား စစ်ကောင်စီက ထောင် ၁၅ နှစ်အထိ ချနိုင်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် နှစ်မှုခွဲ၍ ကနဦးအမှုဖွင့်သည်။

ထို့နောက် သူရဦးအောင်ကိုမှာ သမီးတစ်ဦး အရစ်ကျဝယ်ယူသည့် Ford (Titanium) ကားကိစ္စ၊ နေပြည်တော်၌ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တည်ထားသည့် ထာဝရငြိမ်းချမ်းရေးစေတီတွင် သစ်သီး ၉ မျိုး ကပ်လှူမည့် ရွှေပန်းကန်ကိစ္စတို့ဖြင့် အဂတိနှစ်မှု ထပ်ဖွင့်ခံရသည်ဟု ၎င်း၏ ရှေ‌့နေ ဦးတင်မောင်အေးထံမှ သိရသည်။

သမီးဖြစ်သူက ၎င်းနှင့် ကာလရှည်ကြာ ရင်းနှီးခဲ့သည့် ကျိုက်ထီးရိုးစေတီတော်တစ်ခွင် စီးပွားရေးလုပ်ပိုင်ခွင့် အများအပြားရထားသော ရိုးရိုးလေးကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်အကူအညီဖြင့် Ford ကား ဝယ်ယူခြင်းကို ဖခင် သူရဦးအောင်ကို လာဘ်ယူသည်ဟု စစ်ကောင်စီက စွပ်စွဲသည်ဟု ရှေ့နေက ပြောသည်။

ထိုအမှုတွင် ရိုးရိုးလေးကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်က Video Conferencing စနစ်ဖြင့် စစ်ကောင်စီဘက်မှ ထွက်ဆိုခဲ့သည်ဟု ရှေ့နေ ဦးတင်မောင်အေးက ပြောသည်။

သို့သော် သူရဦးအောင်ကို၏ သမီးတစ်ဦးက ထိုကားအတွက် ကျပ်သိန်း ၂၅၀ ပေးချေကာ အရစ်ကျဝယ်ယူသည့် အထောက်အထားများ တရားခွင်သို့ တင်ပြထားကြောင်း ၎င်းက ဆက်ပြောသည်။

ကျိုက်ထီးရိုးစေတီတော်၏ စီမံခန့်ခွဲမှုကို မွန်ပြည်နယ်အစိုးရကသာ တာဝန်ယူခြင်းဖြစ်၍ သာသနာရေးဝန်ကြီးဖြစ်သူ သူရဦးအောင်ကိုနှင့် ဦးနေထက်သိန်းနိုင်တို့ လုပ်ငန်းကိစ္စ ဆက်စပ်ပတ်သက်ရန် အကြောင်းမရှိသည်ကိုလည်း ခုခံချေပထားသည်ဟု ဦးတင်မောင်အေးထံမှ သိရသည်။

“ကျိုက်ထီးရိုးကို ဝန်ကြီးက ၁၀ နှစ်အတွင်းတောင် တစ်ခါမှ ရောက်ဖူးတာ မဟုတ်ဘူး။ သူ (ဦးနေထက်သိန်းနိုင်) နဲ့လည်း တစ်ခါမှ မတွေ့ဖူးဘူး” ဟု ၎င်းက ပြောသည်။

အခြားတစ်မှုမှာမူ ထာဝရငြိမ်းချမ်းရေးစေတီတွင် သစ်သီးဆွမ်းကပ်လှူမည့် ရွှေပန်းကန်ကို ကျပ်သိန်း ၁၀၀ ပေးချေထားသည့် မိသားစုက နေအိမ်တွင် ထားသည်ကို စစ်ကောင်စီက ရမယ်ရှာခြင်းဖြစ်ကြောင်း ရှေ့နေ ဦးတင်မောင်အေးထံမှ သိရသည်။

“အစကတော့ အလှူရှင် ရှိတာပေါ့ဗျာ။ နောက်ပိုင်း ဒီလို (စစ်အာဏာသိမ်းပြီးနောက်) ဖြစ်လာတော့ လှူမဲ့သူမရှိလို့ မိသားစုက လှူတာပေါ့။ မိသားစုက သိန်း ၁၀၀ ပေးထားပြီးပြီဆိုတာလည်း တရားခွင်မှာ ပေါ်ပါတယ်။ အိမ်မှာလာပြီး ဘုရားစင်မှာ ရှိတဲ့ဟာကို သိမ်းသွားတာ။ ကပ်တောင် မကပ်ရသေးဘူး” ဟု ၎င်းက ပြောသည်။

ရွှေပန်းကန်အမှုမှာ အခြားရှေ့နေတစ်ဦး ကိုင်တွယ်သည်ဖြစ်၍ ဦးတင်မောင်အေးထံမှ အသေးစိတ် မသိရပေ။

သူရဦးအောင်ကို စွပ်စွဲခံထားရသည့် အထက်ပါ အဂတိမှု လေးမှု၏ အသေးစိတ်အချက်အလက်များ သီးခြားအတည်မပြုနိုင်သေးသလို တရားလိုဘက်မှ ထွက်ဆိုသူများကိုလည်း ဆက်သွယ်မေးမြန်းခွင့် မရသေးပေ။

သို့သော် ထိုအမှုများတွင် စစ်ကောင်စီဘက်မှ သက်သေ ၁၅ ဦးထက်မနည်း တင်လေ့ရှိကြောင်း၊ စွပ်စွဲခံရသူဘက်မှ သက်သေခံပေးမည့် သုံးလေးဦးသာရှိသော်လည်း တရားလိုသက်သေများ ကွဲလွဲစွာ ထွက်ဆိုကြ၍ ချေပရန် မလိုသည့် အခြေအနေတွင်ရှိကြောင်း ရှေ့နေ ဦးတင်မောင်အေးက ပြောသည်။ အသေးစိတ်ကိုမူ ထုတ်မပြောပေ။

“အကောင်းဆုံးဖြစ်အောင် ခုခံချေပထားပါတယ်။ ကျွန်တော်တို့ဘက်က အဂတိနဲ့ မလုပ်ဘူးဆိုတဲ့ ကိစ္စကို အကောင်းဆုံးတော့ သက်သေပြထားပါတယ်” ဟု ၎င်းက ပြောသည်။

သူကိုင်တွယ်သည့် သုံးမှုစလုံးကို မတ် ၈ ရက်တွင် အပြီးသတ်လျှောက်လဲချက်တင်ရန် တရားရုံးက ညွှန်ကြားထားပြီး ရွှေပန်းကန်ကိစ္စသည်လည်း အလားတူပင် ဖြစ်လိမ့်မည်ဟု ဦးတင်မောင်အေးက ခန့်မှန်းသည်။

“လျှောက်လဲချက်တင်ဖို့အတွက် ဒီနေ့ကနေ နှစ်ပတ်ပေးလိုက်တယ်။ လျှောက်လဲချက်တင်ပြီးရင်တော့ အမိန့်ချမဲ့ရက်ကို ထပ်ပြောမှာပေါ့” ဟု ၎င်းက ပြောသည်။

အင်းစိန်ထောင်အတွင်း အထူးတရားရုံးတွင် ရန်ကုန်တိုင်းတရားလွှတ်တော် တရားသူကြီး ဦးမျိုးထွန်း ကြားနာနေသည့် သူရဦးအောင်ကို၏ တရားခွင်ကို အပတ်စဉ် တနင်္လာနေ့တိုင်း စစ်ဆေးသည်ဟု ဦးတင်မောင်အေးထံမှ သိရသည်။

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ကို ကောင်းကင်ယံမှ မြင်တွေ့ရပုံ။ ဓာတ်ပုံ − EPA

အသက် ၇၃ နှစ်အရွယ် သူရဦးအောင်ကိုမှာ အခန်းကျဉ်းတစ်ခုတွင် ချုပ်နှောင်ခံထားရပြီး သောက်နေကျ ဆေးဝါးပင် အလျဉ်မီအောင်မရဟု ၂၀၂၁ အောက်တိုဘာတွင် ပြန်လွတ်လာပြီး အင်းစိန်ထောင်အတွင်း ၎င်းနှင့် ခြောက်ကြိမ်ခန့် စကားပြောခွင့်ရခဲ့သည်ဆိုသူတစ်ဦးက Myanmar Now ကို ပြောထားသည်။

သူရဦးအောင်ကို၏ ရှေ့နေ ဦးတင်မောင်အေးကမူ “စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော အကုန်ကောင်းပါတယ်” ဟု ယနေ့ (ဖေဖော်ဝါရီ ၂၂)တွင် ပြောသည်။

သူရဦးအောင်ကိုမှာ NLD ဝင်မပြိုင်သည့် ၂၀၁၀ ရွေးကောက်ပွဲအပြီး စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အာဏာရချိန်၌ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်အဖြစ် ထင်ရှားခဲ့သူဖြစ်သည်။ 

ခေါင်းဆောင်ပိုင်း အကွဲအပြဲများဖြစ်ခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ပြည်ခိုင်ဖြိုးပါတီမှ အထုတ်ခံရပြီးနောက် NLD အစိုးရအဖွဲ့အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးအဖြစ် သူရဦးအောင်ကို ပါဝင်လာသည်။

စစ်တပ် စိတ်တိုင်းကျရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး၊ တပ်မတော်ပြုပြင်ပြောင်းလဲရေး အသံကျယ်ကျယ်ထွက်ခဲ့သည့် သူရဦးအောင်ကိုအား အရေးယူပေးရန် အာဏာမသိမ်းမီ တစ်နှစ်အလို ၂၀၂၀ ဖေဖော်ဝါရီတွင် စစ်တပ်က NLD အစိုးရကို တောင်းဆိုသည်အထိ ဖြစ်ခဲ့ရဖူးသည်။

သူရဦးအောင်ကို ဝန်ကြီးတာဝန်ထမ်းဆောင်နေချိန် ၂၀၁၇ တွင် စစ်တပ်ကို ထောက်ခံပြီး ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အမုန်းစကားနှင့် လုပ်ရပ်များ ဆောင်ရွက်နေသည့် မဘသအဖွဲ့ကို ဖျက်သိမ်းသည်။

ထို့ပြင် ကမ္ဘာ့စာမျက်နှာ၌ ဗုဒ္ဓဘာသာအကြမ်းဖက်သမားအဖြစ် နာမည်ကျော်သူ၊ စစ်တပ်ကို ဘုရားလို ကိုးကွယ်ရန် တိုက်တွန်းခဲ့သူ ဦးဝီရသူမှာလည်း ၂၀၂၀ နိုဝင်ဘာတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ – က ဖြင့် ဖမ်းဆီးခံရသည်။

ထိုလုပ်ဆောင်ချက်များမှာ သံဃာချင်း စိတ်ဝမ်းမကွဲစေရန်၊ နိုင်ငံရေးတွင် ဘာသာရေးကို အသုံးချမှုများကို တားဆီးရန် ဓမ္မစက်၊ အာဏာစက်ဖြင့် ကိုယ်တွယ်ထိန်းကျောင်းခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်နှင့် ပူးပေါင်းကာ နိုင်ငံရေးအလို့ငှာ လှုပ်ရှားလာသည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ကိုလည်း စောင့်ကြည့်နေကြောင်း ၂၀၂၀ နှစ်ကုန်ပိုင်းတွင် သူရဦးအောင်ကိုက Myanmar Now ကို ပြောခဲ့သည်

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့်နေ့ (၂၀၂၁ ဖေဖော်ဝါရီ ၁) တွင် ၎င်းတို့၏လုပ်ရပ်များကို ဆန့်ကျင်သူများကို စစ်တပ်က ဖမ်းဆီးကာ ပုဒ်မမျိုးစုံတပ်၍ အမှုဖွင့်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button