
စစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အရ လွတ်မြောက်လာသူများတွင် လက်တစ်ဖက်ဖြတ်ရသည်အထိ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ ပုဒ်မ ၅၀၅−က ဖြင့် အမှုဖွင့်အရေးယူခံထားရသူ မကွေးမြို့မှ အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင် မပါဝင်ကြောင်း မိသားစုနှင့် နီးစပ်သူထံမှ သိရသည်။
အကျဉ်းကျနေသူ ၁၃၁၆ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်းနှင့် တရားစွဲဆိုခံထားရသူ ၄၃၂၀ ဦးကို အမှုပိတ်သိမ်းကြောင်း စစ်ကောင်စီက အောက်တိုဘာ ၁၈ ရက်တွင် ကြေညာခဲ့ရာ ကိုလျှံဖြိုးအောင်၏ မိသားစုက သုံးရက်တိုင် စောင့်ဆိုင်းခဲ့သော်လည်း လွတ်မြောက်လာခြင်း မရှိဟု သိရသည်။
အကျဉ်းသားရာချီလွတ်ရန် ရှိသည်ဟု ထောင်ဝန်ထမ်းများမှတစ်ဆင့် သိရသဖြင့် နံနက်မှ ညနေပိုင်းအထိ သုံးရက်ဆက်တိုက် စောင့်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ကိုလျှံဖြိုးအောင်၏ မိသားစုနှင့် နီးစပ်သူက ယနေ့ (အောက်တိုဘာ ၂၁) တွင် Myanmar Now ကို ပြောသည်။
“ပထမ( ဇွန်လ) အခါတုန်းကလည်း ၇ ရက်လောက် ရှိမယ်ထင်တယ်။ သူတို့ (ကိုလျှံဖြိုးအောင်မိသားစု) နေ့တိုင်း သွားစောင့်ကြတာ။ ပြန်ကို မလွတ်ဘူး။ သူတို့လှည့်ကွက်က လွှတ်မယ်ပြောပြီးတော့.. ခန့်မှန်းရခက်ပါတယ်။ ဘာမှန်းကို မပြောတတ်တော့ဘူး” ဟု ၎င်းက ပြောသည်။
အသက် ၂၂ နှစ်အရွယ် အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်မှာ မတ်လ ၂၇ ရက်က မကွေးမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ပါဝင်နေစဉ် စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွဲမှုကြောင့် ခန္ဓာကိုယ်အနှံ့ အပြင်းအထန်ဒဏ်ရာရရှိခဲ့သူဖြစ်သည်။
မျက်လုံးကို ယမ်းစထိမှန်ခဲ့သည့်အပြင် ပေါင်နှင့် လက်များတွင် ဆန်ခါပေါက်ကဲ့သို့ ရာဘာကျည်ဆန်ထိမှန်ခဲ့ပြီး ပြင်းထန်သောဒဏ်ရာကြောင့် ကိုလျှံဖြိုးအောင်၏ ညာဘက်လက် ဖြတ်တောက်ခဲ့ရသည်။
ကိုလျှံဖြိုးအောင်ကို စစ်ကောင်စီက ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် ဧပြီလအတွင်း အမှုဖွင့်ခဲ့ပြီး ဇွန်လဆန်းပိုင်းတွင် စစ်ဆေးရုံမှ မကွေးအကျဉ်းထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ပြီးနောက်ပိုင်း ယနေ့အချိန်ထိ ဆက်လက်ဆေးကုသခွင့်မရခဲ့သည့်နည်းတူ မိသားစုနှင့် တွေ့ဆုံခွင့် မရခဲ့ပေ။
ကိုဗစ်နိုင်တင်းကူးစက်ရောဂါ ပြင်းထန်သည့် ကာလများတွင် တရားရုံးထုတ်စစ်ဆေးခြင်း ရပ်တန့်ထားရာ ရှေ့နေနှင့် တွေ့ဆုံခွင့် မရသဖြင့် ၎င်း၏ လက်ရှိကျန်းမာရေးအခြေအနေကို ယနေ့ထက်ထိ မသိရကြောင်း ကိုလျှံဖြိုးအောင်၏ သူငယ်ချင်းတစ်ဦးက Myanmar Now ကို ပြောသည်။
“အတွင်းထဲမှာလည်း ကုသဖို့အတွက် အဆင်မပြေဘူးလေ။ မျက်လုံးလည်း ခွဲခွင့်မပေးတာပါ။ စာအဆက်အသွယ်လည်း မရဘူး။ လူချင်းတွေ့ခွင့်လည်း မရဘူးလို့တော့ သိထားတယ်ဗျ။ ထောင်ဝင်စာကတော့ ပို့လို့ရတယ် ပြောတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ကိုလျှံဖြိုးအောင်၏ အခြေအနေနှင့် ပတ်သက်၍ ၎င်း၏ မိသားစုဝင်များက ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဏာသိမ်းစစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများအကြောင်း နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ တင်ပြရာတွင် ကိုလျှံဖြိုးအောင် အကြမ်းဖက်ခံရသည့် ဖြစ်စဉ်လည်း ပါဝင်သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်