သတင်း

စစ်ကောင်စီကြောင့် ဒုက္ခိတဖြစ်ရသည့် အင်ဂျင်နီယာကျောင်းသားအမှု မစစ်သေး၍ အခက်ကြုံနေ

စစ်ကောင်စီလက်ချက်ကြောင့် ညာလက်တစ်ဖက်ပြတ်ခဲ့ရသူ မကွေးမြို့မှ အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်ကို ပုဒ်မ ၅၀၅ -ကဖြင့် အမှုဖွင့်ထားသော်လည်း ရုံးထုတ်စစ်ဆေးခြင်းမရှိသေး၍ ညာဘက်မျက်လုံး အရေးပေါ်ခွဲစိတ်ကုသရန် ခက်ခဲနေကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ပြောရမှာကို ခက်နေပြီ ဘာမှန်းကို မသိတာ။ ကျန်းမာရေးအတွက် မျက်လုံးရော ခြေလက်တွေရော အဆင့်မြင့်တဲ့နေရာမှာ ကုသမှုလိုအပ်နေပြီ။ (ရုံးမစစ်တဲ့အတွက်) အဲဒီဟာ နစ်နာနေပြီ။ အမှုပြီးမှ ရန်ကုန်မြို့မျက်စိဆေးရုံကို သွားလို့ရမှာ” ဟု ၎င်းက ပြောသည်။

မကွေးမြို့ရှိ စစ်ဆေးရုံတွင် ထိန်းသိမ်းခံနေရသူ မောင်လျံဖြိုးအောင်ကို ဧပြီ ၁၂ ရက်ကတည်းက မတည်ငြိမ်မှုဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅ – က ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သော်လည်း တစ်လကျော်ကြာသည့် ယနေ့အချိန်ထိ ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ တရားရုံးချိန်းပြောင်းရွှေ့ နေသည်မှာ ငါးကြိမ်ရှိပြီဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

မကွေးမြို့တွင် မတ် ၂၇ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် အကြမ်းဖက်ဖြိုခွင်းခံရသည်တွင် မကွေးနည်းပညာတက္ကသိုလ်၌ မြို့ပြအင်ဂျင်နီယာဘာသာရပ် ဆည်းပူးနေသူ ဒုတိယနှစ်ကျောင်းသား ကိုလျံဖြိုးအောင်လည်း ပါဝင်ခဲ့သည်။

စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်မှုကြောင့် ကိုလျံဖြိုးအောင်မှာ ညာဘက်လက်တစ်ဖက် ပြတ်သည်အထိ ဒဏ်ရာရရှိခဲ့သည့်အပြင် ညာမျက်လုံးတစ်ဖက်လည်း ယမ်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ပေါင်တစ်ဖက်နှင့် ဘယ်လက်တို့တွင်လည်း ရာဘာကျည်ဆန်ထိမှန်ဒဏ်ရာများရရှိခဲ့သည်။ 

ကိုလျှံဖြိုးအောင်ကို ထိန်းသိမ်းထားသည့် စစ်ဆေးရုံတွင် မျက်စိအထူးကုဆရာဝန်မရှိသဖြင့် ရုံးထုတ်စစ်ဆေးမှသာ ရှေ့နေငှားရမ်းခွင့်၊ ဆေးကုသခွင့်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

“ရောဂါဖြစ်နေတာက တစ်မျိုး၊ ဒုက္ခိတဖြစ်နေတာက တစ်မျိုး၊ လူကောင်းတစ်ယောက် အမှုဖြစ်ရင်တောင် သူ့မှာ စားတာသောက်တာ သွားတာထိုင်တာ ကျပ်တည်းမှုရှိတာ။ သူလို ဒုက္ခိတဖြစ်သွားတဲ့ လူတစ်ယောက်က ဘာမှ အပြစ်လုပ်ထားတာ မရှိဘဲနဲ့ အမှုကြီးတစ်ခုက ခေါင်းစဉ်တပ်ထားတာ စိတ်ဖိစီးမှု တအားများတာတော့ သေချာပါတယ်” ဟု ကိုလျှံဖြိုးအောင်၏ သူငယ်ချင်းက ပြောသည်။

လက်ရှိတွင် အရေးပေါ်ဆေးကုသရန် လိုအပ်နေသည့် ကိုလျှံဖြိုးအောင်ကို ဝိုင်းဝန်းကူညီကြသူများ ရှိနေပြီး အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမက်ဟောင်းဖြစ်သူ ဒေါက်တာနေစိုးမောင်လည်း ပါဝင်နေသည်။ 

“လူတိုင်းက ကိုယ်တတ်နိုင်တဲ့အကူအညီလေးတွေကို နည်းတယ်များတယ် မဟုတ်ဘူး လိုအပ်နေတဲ့သူတွေကို ပေးစေချင်တယ်။ လိုအပ်တဲ့သူတွေ အများနဲ့ ဘာတွေလုပ်ပေးရမလဲဆိုပြီး လုပ်ပေးနေတာပေါ့” ဟု ဒေါက်တာနေစိုးမောင်က Myanmar Now ကို ပြောသည်။

ကိုလျှံဖြိုးအောင်၏ လက်တစ်ဖက်ပြတ်ဒဏ်ရာ လုံးဝသက်သာပါက လက်တုတပ်ဆင်ရန်နှင့် မျက်စိတစ်ဖက်ကို ဂရုတစိုက်ကုသရန် လိုအပ်နေသည်ဟုလည်း ၎င်းက အတည်ပြုသည်။ 

သို့သော် စစ်ဆေးရုံမှဆင်းရမည့်နေ့ကို ယနေ့တိုင် မသိရသေးဟု ကိုလျှံဖြိုးအောင်၏ မိသားစုနှင့် နီးစပ်သူက ပြောသည်။

ဆေးရုံ၌ရှိနေစဉ် လက်တစ်ဖက်ပြတ်ဒဏ်ရာဖြင့် ကိုလျှံဖြိုးအောင်က မိခင်နှင့်အတူ ရိုက်ထားသည့် ဓာတ်ပုံကို “အမေမွေးထားသလိုတော့ ဘယ်ဟုတ်ပါတော့မလဲ။ အားတင်းထားပါတယ်” ဟူသော စာသားဖြင့် လူမှုကွန်ရက်ပေါ် တင်ခဲ့သဖြင့် ဖုန်းသုံးခွင့်ပိတ်ပင်ခံထားရသေးသည်ဟု ၎င်းက ဆိုသည်။ 

ရုံးထုတ်စစ်ဆေးမှုမရှိခြင်း၊ ဖုန်းသုံးစွဲခွင့်ပိတ်ပင်ခြင်းများအရ စစ်ကောင်စီသည် ၎င်းတို့လက်ချက်ကြောင့် နစ်နာသွားရသည့် ကိုလျှံဖြိုးအောင်၏ ပကတိအခြေအနေကို အများပြည်သူမြင်တွေ့မည်ကို စိုးရိမ်သည့် သဘောသက်ရောက်နေသည်ဟုလည်း ကိုလျှံဖြိုးအောင်၏ သူငယ်ချင်းက ပြောသည်။ 

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ မှ မေ ၂၀ ထိ သုံးလကျော်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် အရပ်သားပြည်သူ ၈၁၀ ဦး သေဆုံးခဲ့ရပြီး လူပေါင်း ၅၀၀၀ ကျော်ဖမ်းဆီးခံရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button