
မကွေးမြို့၌ အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြပွဲကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းရာတွင် ညာလက်ဆုံးရှုံး၊ မျက်လုံးကွယ်ခဲ့ရသည့် မြို့ပြအင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်ကို စစ်ကောင်စီက ယနေ့ (မတ် ၂၈) ရက်တွင် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်ချလိုက်သည်။
သူ့ကို ချုပ်နှောင်ထားရာ မကွေးအကျဉ်းထောင်ရှိ အထူးတရားရုံးတွင် မကွေးမြို့နယ်တရားသူကြီး ဒေါ်ဆွေအေးငြိမ်း ကြားနာသည့် တရားခွင်က ဆူပူစေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ – က ဖြင့် အမြင့်ဆုံးပြစ်ဒဏ်ချသည်ဟု မိသားစုဝင်တစ်ဦးက အတည်ပြုသည်။
၂၀၂၁ မတ် ၂၇ တွင် ဖမ်းဆီးခံရချိန်ကတည်းက ၂၂ နှစ်အရွယ် ကိုလျှံဖြိုးအောင် ကျည်ထိပြီး ညာဘက်လက်ဖဝါးနှစ်ခြမ်းကွဲဒဏ်ရာရခဲ့ရာ လက်ကောက်ဝတ်အထက်နားမှ ဖြတ်တောက်ခဲ့ရသည်။
အဖမ်းခံရပြီး များမကြာမီ မကွေးအကျဉ်းထောင်သို့ ပိုခဲ့ရာ လုံလောက်သည့် ဆေးကုသခွင့်မရသဖြင့် ယမ်းစထိမှန်ထားသည့် ညာဘက်မျက်လုံး ကွယ်သွားရသည်ဟု အထက်ပါ မိသားစုဝင်က ပြောသည်။ ၎င်းတို့၏ လုံခြုံရေးအရ အသေးစိတ်ကိုမူ ထုတ်မပြောပေ။
မြင်ရသေးသည့် မျက်လုံးတစ်ဖက်လည်း အခြေအနေမကောင်းဟု မိသားစုနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။
“ညာဘက်မျက်လုံးက ကွယ်သွားပြီး ဘယ်ဘက်မျက်လုံးက အစင်းကြောင်းတွေ ဖြစ်နေတယ်တဲ့” ဟု ၎င်းက ပြောသည်။
“တီဗီလိုင်းတွေ မမိတဲ့အခါ လိုင်းတွေ ပြေးနေသလိုမျိုး ဖြစ်နေတယ် ပြောတယ်။ ညာဘက်မျက်လုံးက ကွယ်သွားတာ အကြောင်းမဟုတ်ဘူး။ ဘယ်ဘက်မျက်လုံးက တီဗီလိုင်းတွေလို ပြေးနေတယ်လို့ (ကိုလျှံဖြိုးအောင်က) ပြောတယ်တဲ့”
ကိုလျှံဖြိုးအောင်ကို ကနဦး လက်ခံကုသပေးသည့် မကွေးမြို့၊ အမှတ် (၁၆) ခုတင် ၁၀၀ စစ်ဆေးရုံက မျက်လုံးခွဲစိတ်ကုသရန် လိုသည်ဟု မှတ်ချက်ပြုခဲ့သော်လည်း ၂၀၂၁ ဇွန် ၈ရက်တွင် စစ်ကောင်စီက အကျဉ်းထောင်သို့ ပို့သည်။
ထိုဆေးစာမှတ်တမ်းကို Myanmar Now က လက်ခံရရှိထား၍ သတင်းရေးသားခဲ့ပြီးဖြစ်သည်။
ပေါင်နှင့် လက်များတွင်ပါ ယမ်းစနှင့် ရာဘာကျည်ထိမှန် ဒဏ်ရာရထားသည့် ကိုလျှံဖြိုးအောင်အတွက် မိသားစုက အထက်ပါ ဆေးစာ တင်ပြပြီး တရားသူကြီးထံ အာမခံလျှောက်ထားသော်လည်း မရရှိခဲ့ပေ။
ယမန်နှစ်က တစ်ရက်တည်းဖမ်းခံရသူ ၃၇ ဦးထိရှိခဲ့ကာ အလားတူပုဒ်မဖြင့်ပင် တရားစွဲခံရသူ ၃၀ ဦးကို လွှတ်ပေးခဲ့သော်လည်း ဒဏ်ရာအပြင်းအထန်ရထားသည့် ကိုလျှံဖြိုးအောင်နှင့် ၎င်း၏ မိသားစုကိုမူ စစ်ကောင်စီက အညှာအတာမဲ့စွာ ပြုမူခဲ့သည်ဟု အထက်ပါ မိသားစုနှင့် နီးစပ်သူက ပြောသည်။
“တရားခွင်ထဲတောင် ဝင်နားထောင်လို့ မရဘူး။ မိသားစုကို ခွေးမောင်းသလို မောင်းတယ်တဲ့။ (ကိုလျှံဖြိုးအောင်ကို) အဝေးကပဲ ချောင်းကြည့်ခဲ့ရတယ်တဲ့” ဟု ၎င်းက ဆိုသည်။
မကွေးအကျဉ်းထောင်သို့ ရောက်ပြီး ၉ လအတွင်း မိသားစုက စွပ်စွဲခံရသူဘက်မှ သက်သေထွက်သည့် တစ်ကြိမ်တည်းသာ ကိုလျှံဖြိုးအောင်နှင့် တွေ့ခွင့်ရခဲ့သည်ဟု ထိုသူ့ထံမှ သိရသည်။
လက်ရှိတွင် ကိုလျှံဖြိုးအောင်ကို ထောင်အတွင်း၌ ကန်စွန်ရွက်ခူးခြင်းကဲ့သို့သော အလုပ်များ ခိုင်းစေခံနေရသည်ဟု တစ်ဆင့်စကား ကြားရသလို ထောင်ပြောင်းမည်ဟုလည်း သတင်းထွက်နေကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ကိုလျှံဖြိုးအောင်အတွက် ထောင်တွင်းသို့ ဆေးဝါးပို့ရာတွင်လည်း အခက်အခဲရှိနေသည်ဟု ထိုသူက ဆက်ပြောသည်။ ထိုအချက်များနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယနေ့တွင် ကိုလျှံဖြိုးအောင်အပါအဝင် ဆက်လက်ဖမ်းဆီးခံထားရသူ ၇ ဦးစလုံး အလားတူအမိန့်ချခံရသည်ဟု အထက်ပါ မိသားစုနှင့် နီးစပ်သူထံမှ သိရသည်။
ပြစ်ဒဏ်ချခံရသူများထဲတွင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး ပါဝင်သည်။ ၎င်းတို့အနက် မငြိမ်းပြည့်စုံ၊ ကိုဖြိုးမောင်၊ ကိုရဲမိုးအောင်၊ ကိုစောမင်းထက်၊ ကိုလျှံဖြိုးအောင်တို့ကို Myanmar Now က အမည်နှင့်တကွ အတည်ပြုနိုင်သည်။
ကိုလျှံဖြိုးအောင်မှအပ ကျန်သူတို့၏ အသေးစိတ်အချက်အလက်များကို မရရှိသေးပေ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကောင်စီ၏ ပြည်သူအပေါ် အကြမ်းဖက်မှုများကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ထံ ပို့ရာတွင် ကိုလျှံဖြိုးအောင်၏ ဖြစ်စဉ်လည်း ပါဝင်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ယနေ့ (မတ် ၂၈) စာရင်းအရ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း လူပေါင်း ၁၃,၀၀၀ နီးပါး ဖမ်းဆီးခံရကာ စစ်ကောင်စီလက်ချက်ဖြင့် သေသူ ၂၀၀၀ နီးပါးရှိသည်ဟု သိရသည်။
ထိုအဖွဲ့၏ စာရင်းများမှာ ချဲ့ကားလွန်းသည်ဟု စစ်ကောင်စီက ဆိုလေ့ရှိသော်လည်း AAPP ကမူ လက်လှမ်းမီသမျှ ကောက်ခံခြင်းသာဖြစ်၍ အရေအတွက်မှာ ထို့ထက်များနိုင်သည်ဟု ပြောထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)