
ဆန္ဒပြနေစဉ် စစ်ကောင်စီလက်ချက်ဖြင့် ညာလက်တစ်ဖက်ပြတ်၍ ခန္ဓာကိုယ်အနှံ့အပြား ဒဏ်ရာရခဲ့သည့် မကွေးမြို့မှ အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်ကို လေ့ကျင့်ခန်းယူရန်၊ မျက်လုံးခွဲစိတ်ကုသရန် မှတ်ချက်ဖြင့် ဆေးရုံက ဆင်းခွင့်ပြုလိုက်သော်လည်း စစ်ကောင်စီက အကျဉ်းထောင်ပို့လိုက်သည်။
“မျက်ကြည်လွှာ အစားထိုးကုသရမှာ။ ခုအခြေအနေက မကုရတော့ဘူးဆို မျက်လုံးကကွယ်တော့မယ်” ဟု ကိုလျှံဖြိုးအောင်၏ မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
မကွေးမြို့၊ အမှတ် (၁၆) ခုတင် ၁၀၀ စစ်ဆေးရုံက ယမန်နေ့ (ဇွန်၇)တွင် အထက်ပါအတိုင်း မှတ်ချက်ပြု၍ ဆေးရုံက ဆင်းခွင့်ပြုထားသော်လည်း ရဲငါးဦးက လာရောက်ခေါ်ဆောင်ကာ မကွေးအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက အတည်ပြုသည်။
မကွေးမြို့တွင် မတ် ၂၇ ရက်က ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းရာတွင် မကွေးနည်းပညာတက္ကသိုလ်၊ မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ ဒုတိယနှစ်ကျောင်းသား ကိုလျှံဖြိုးအောင်မှာ ဒဏ်ရာအပြင်းအထန်ရခဲ့ခြင်းဖြစ်သည်။
ညာဘက်လက်တစ်ဖက်ပြတ်၊ ညာမျက်လုံးတစ်ဖက် ယမ်းစထိမှန်၊ ပေါင်နှစ်ဖက်နှင့် ဘယ်လက်တို့တွင် ရာဘာကျည်ဆန် ထိမှန်ဒဏ်ရာများရရှိခဲ့ခဲ့သည့် ကိုလျှံဖြိုးအောင်မှာ စစ်ဆေးရုံတွင် နှစ်လကျော်ကြာ ဆေးကုသမှုခံယူခဲ့ရသော်လည်း ကွယ်လုသည့်အခြေအနေသို့ ရောက်နေသည့် ညာဘက်မျက်လုံးကိုမူ ယနေ့တိုင် ကုသရခြင်းမရှိသေးပေ။

မကွေးမြို့စစ်ဆေးရုံက အခြားဒဏ်ရာများကို ကုသခြင်း၊ ထိခိုက်ထားသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများအတွက် လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းတို့ လုပ်ဆောင်ပေးသော်လည်း မျက်စိဆရာဝန်မရှိ၍ ရန်ကုန်မျက်စိဆေးရုံကြီးတွင် ကုသမှုခံယူရမည်ဖြစ်ကြောင်း ကိုလျှံဖြိုးအောင်၏ မိသားစုထံမှ သိရသည်။
သို့သော် ကိုလျှံဖြိုးအောင်ကို စစ်ကောင်စီက မတည်ငြိမ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-ကဖြင့် ဧပြီလကတည်းက အမှုဖွင့်ထားသဖြင့် စစ်ဆေးရုံ၌ပင် ရဲအစောင့်အရှောက်ဖြင့် ကုသမှုခံယူခဲ့ရခြင်းဖြစ်သည်။
စစ်ကောင်စီက လွန်ခဲ့သည့် နှစ်လခန့်ကတည်းက မကွေးမြို့နယ်တရားရုံးတွင် အမှုဖွင့်ထားသော်လည်း ပြီးခဲ့သည့် တရားရုံးချိန်းခြောက်ကြိမ်စလုံး ရုံးထုတ်စစ်ဆေးခြင်းမရှိသဖြင့် အာမခံလျှောက်ခွင့်၊ ဆေးကုသရန် တောင်းဆိုခွင့်များဆုံးရှုံးနေရသည်ဟု ကိုလျှံဖြိုးအောင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။
“တရားရုံးမှာ အာမခံလျှောက်တာလည်း အထူးတရားရုံး(ထောင်အတွင်းဖွင့်လှစ်ထားသည့် တရားရုံး) မှာပဲ ရမယ်တဲ့။ အမှုက တရားရုံးကို မရောက်သေးလို့ ရှေ့နေလည်း ပါဝါ(ရှေ့နေလိုက်ခွင့်) တင်လို့ မရသေးဘူး” ဟု ၎င်းက ပြောသည်။ နောက်တစ်ကြိမ်ရုံးချိန်းမှာ ဇွန် ၁၇ရက်ဖြစ်သည်။
ကိုလျှံဖြိုးအောင်မှာ ရရှိထားသည့် ဒဏ်ရာများအတွက် အာရုံကြောလေ့ကျင့်ခန်းများပြုလုပ်နေရဆဲဖြစ်ပြီး အကူအညီမပါဘဲ နိစ္စဓူဝကိစ္စများလုပ်ဆောင်နိုင်မည်မဟုတ်သဖြင့် အကျဉ်းထောင်အတွင်း များစွာအခက်ကြုံရမည်ကို မိသားစုဝင်များက စိုးရိမ်နေကြသည်။
အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ မှ ဇွန် ၇ ရက်ထိ လေးလအတွင်း ပြည်သူ ၈၅၇ ဦး စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးပြီး လူပေါင်း ၆၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP) က သတင်းထုတ်ပြန်သည်။