
အကြမ်းဖက်နှိမ်နင်းခံရပြီး လက်တစ်ဖက်ဖြတ်လိုက်ရသူ မကွေးမြို့မှ ဆန္ဒပြကျောင်းသား ကိုလျှံဖြိုးအောင်သည် အကျဉ်းသားရာပေါင်းများစွာ ပြန်လွတ်လာသည့်ထဲတွင် မပါဝင်သော်လည်း ပြင်ပမှ အမှုရင်ဆိုင်ခွင့်ရရန် ယနေ့ (ဇူလိုင်၁) တွင် အာမခံလျှောက်ထားလိုက်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
မြို့ပြအင်ဂျင်နီယာ ဒုတိယနှစ်ကျောင်းသား အသက် ၂၂ နှစ်အရွယ် ကိုလျှံဖြိုးအောင်ကို စစ်ကောင်စီက ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် ဧပြီလကတည်းက အမှုဖွင့်ထားခဲ့၍ ရှစ်ကြိမ်မြောက်အထိ ရုံးချိန်းများ ချိန်းဆိုခဲ့သော်လည်း ယနေ့ (ဇူလိုင် ၁) တွင်မှ ပထမဆုံးစစ်ဆေးခြင်းဖြစ်သည်။
ဒဏ်ရာအပြင်းအထန်ရထားသူ ကိုလျှံဖြိုးအောင်သည် ကူညီပြုစုမှု၊ ဆေးကုသမှု လိုအပ်နေသူဖြစ်၍ အာမခံဖြင့် အချုပ်လွတ်ထုချေခွင့် ရရှိရန် မျှော်လင့်ကြောင်း မိသားစုဝင်များက ပြောသည်။
“ပညာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ၊ ဥစ္စာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ လူဟာ လူပဲဖြစ်တယ်။ လူကို လူချင်း၊ လူလိုသဘောထားပြီး ကိုယ်ချင်းစာကြရမယ်။ ကိုယ့်အသွေးအသားဆိုရင် သူတို့ အဲဒီလိုလုပ်မလား။ ဆင်ခြင်တုံတရားမဲ့စွာတော့ ရှေ့ဆက်မလုပ်ကြပါနဲ့တော့လို့ပဲ ပြောချင်ပါတယ်” ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။
လာမည့် ဇူလိုင် ၈ တွင် အာမခံလျှောက်ထားမှုကို ကြားနာမည်ဟု ၎င်းထံမှ သိရသည်။
မတ် ၂၇ မကွေးမြို့ဆန္ဒပြသူတို့ကို စစ်ကောင်စီတပ်က ပစ်ခတ်ရာ ကိုလျှံဖြိုးအောင်၏ ညာလက်ဖဝါး နှစ်ခြမ်းကွဲသွားခဲ့ပြီး စစ်ဆေးရုံတွင် ဆေးကုသမှုပေးခဲ့သော်လည်း လက်ကောက်ဝတ်အထက်နားမှနေ၍ လက်ဖြတ်တောက်ခဲ့ရပြီး ဇွန် ၈ တွင် မကွေးအကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်။
မကွေးမြို့၊ အမှတ် (၁၆) ခုတင် ၁၀၀ စစ်ဆေးရုံက ၎င်း၏ ညာဘက်မျက်လုံးယမ်းစထိမှန်ခြင်းကို ခွဲစိတ်ရန် မှတ်ချက်ပြုထားသော်လည်း မကွေးထောင်တွင် ချုပ်နှောင်ဖမ်းဆီးထားကာ ယနေ့တိုင် ကုသခွင့်မရရှိသေးပေ။
ဆူပူဆန္ဒပြမှုကြောင့်ဆိုကာ ဖမ်းဆီးခံရသူများအနက် ရဲစစ်ဆေးဆဲနှင့် တရားရုံးစစ်ဆေးဆဲရှိသူ စုစုပေါင်း ၃၆ ဦး ယမန်နေ့က မကွေးမြို့အကျဉ်းထောင်မှ ပြန်လွတ်လာသည်။
ကိုလျှံဖြိုးအောင်နှင့် ဖြစ်စဉ်တူသူ၊ အမှုတွဲတူသူ အခန်းဖော်လူငယ်နှစ်ဦးလည်း လွတ်မြောက်သည်ဟု မိသားစုထံမှ သိရှိရသည်။
၎င်းလူငယ်နှစ်ဦးသည် ကိုလျှံဖြိုးအောင်ကဲ့သို့ မကွေးမြို့ မတ် ၂၇ ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံရကာ မကွေးအကျဉ်းထောင်၌ တစ်ခန်းတည်း အတူတူနေခဲ့၍ ကိုလျှံဖြိုးအောင်၏ ဝေယျာဝစ္စများကို ကူညီဆောင်ရွက်ပေးခဲ့သူများဖြစ်ကြကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
“အခု အခန်းထဲမှာ သူ(ကိုလျှံဖြိုးအောင်) တစ်ယောက်ပဲ ကျန်ခဲ့တယ်။ သူ့အခန်းဖော်နဲ့အတူတူ သူလည်းလွတ်မယ်ထင်လို့ အထုပ်ကလေးပြင်ပြီး စောင့်နေရင်းက ကျန်ခဲ့တာတဲ့။ လွတ်လာတဲ့ သူ့သူငယ်ချင်းတွေနဲ့ ထောင်ရှေ့မှာ တွေ့လိုက်ရတာ” ဟု ၎င်းမိသားစုဝင်က ဆက်ပြောသည်။
ကိုလျှံဖြိုးအောင်သည် ညာဘက်လက် အပြင်းအထန်ထိခိုက်သည့်အပြင် ညာမျက်လုံးတစ်ဖက် ယမ်းစထိမှန်၊ ပေါင်နှစ်ဖက်နှင့် ဘယ်လက်တို့တွင် ဆန်ခါပေါက်ကဲ့သို့ ရာဘာကျည်ဆန်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး စစ်ဆေးရုံတွင် နှစ်လကျော် ဆေးကုသမှုခံယူခဲ့သော်လည်း ခန္ဓာကိုယ်သန်စွမ်းရေးအတွက် အာရုံကြောလေ့ကျင်ခန်းယူ၍ ညာဘက်မျက်လုံး ခွဲစိတ်ရဦးမည်ဟု စစ်ဆေးရုံမှဆရာဝန်က ဆေးရုံဆင်းလက်မှတ်တွင် မှတ်ချက်ပြုထားသည်။
ပြန်လွတ်မြောက်ရေးအတွက် မကြာခဏ လှုံ့ဆော်တောင်းဆိုခံရသူ ကိုလျှံဖြိုးအောင်လွတ်မြောက်ရေးမှာ စစ်ကောင်စီအပေါ်တွင်သာ မူတည်သည်ဟု မိသားစုဝင်တစ်ဦးက မှတ်ချက်ပြုသည်။
“သူ့ကို ချစ်လို့ ပံ့ပိုးကြတဲ့ စကားတွေဟာ သူတို့ (စစ်ကောင်စီ)ဘက်ကျတော့ အဆိပ်အတောက်တွေပဲ။ ဒီဘက်တွေမှာ ပံ့ပိုးတဲ့စကားတိုင်းဟာ အင်အားဖြစ်ပေမဲ့ သူတို့ဘက်ကျတော့ အဆိပ်အတောက်တွေဖြစ်ပြီး နိုင်ငံတကာရဲ့သတင်းရပ်ဝန်းထဲကို၊ သတင်းအရပ်ရပ်ထဲကို ရောက်သွားတဲ့အတွက် အဲဒီမှာ ကျော်ကြားတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် (စစ်ကောင်စီက) လွှတ်မပေးဘူးလို့လည်း ယူဆရပါတယ်” ဟု ပြောသည်။
ကိုလျှံဖြိုးအောင် အကြမ်းဖက်ခံရသည့် ဖြစ်စဉ်သည် စစ်အာဏာရှင်များကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကို ပေးပို့မည့် ဖြစ်စဉ်များတွင် ပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သတင်းစာရှင်းလင်းပွဲတွင် သက်သေတစ်ခုအဖြစ် ထုတ်ဖော်ပြသခဲ့သည်။