အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နွားထိုးကြီးတွင် စစ်တပ်စခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့ ဝင်တိုက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းကျေးရွာစာသင်ကျောင်းတွင် တပ်စွဲအထိုင်ချနေသည့် စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ (အောက်တိုဘာ ၁၄) ည ၁၀ နာရီခန့်၌ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးနိုင်သည်ဟု မြင်းခြံအခြေစိုက် ZERO ပြောက်ကျားအဖွဲ့က ပြောသည်။

စစ်သားများနေထိုင်ရာ အဆောက်အအုံအတွင်းသို့ ဒေသထွက် စိန်ပြောင်းနှင့် လက်နက်ငယ်များကို အသုံးပြုတိုက်ခိုက်ရာတွင် ပြန်လည်တုံ့ပြန်မှု မရှိခဲ့ကြောင်း အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

“ကျွန်တော်တို့ ပြန်ဆုတ်ခွာပြီးတော့မှ မိနစ်အတော်ကြာမှ သေနတ်သံ ငါးချက်လောက် ပစ်တာ ကြားရပါတယ်။ ကျွန်တော်တို့ လုံးဝအထိအခိုက်မရှိခဲ့ဘူး” ဟု ထိုအဖွဲ့ဝင်က ပြောသည်။ 

“ဟိုဘက်ကတော့ ကျွန်တော်တို့ စုံစမ်းထားတဲ့အနေအထားအရဆိုရင် အဲ့ဒီစခန်းမှာ ၁၅ ယောက်ရှိတယ်။ ကျွန်တော်တို့ တိုက်ခိုက်တဲ့နေရာမှာ ၁၄ ယောက်နေတယ်။ တစ်ယောက်က အခြားအခန်းမှာ နေတယ်၊ တိုက်ခိုက်ခါနီးမှာ ခွေးတွေဟောင်တဲ့အတွက် ၂ ယောက်ထွက်ကြည့်တော့ အပြင်ရောက်သွားတဲ့အချိန် ကျွန်တော်တို့ စတိုက်ခိုက်တာ။ အထဲမှာရှိတဲ့ အဲ့ဒီ ၁၂ ယောက်လုံး လုံးဝတုံ့ပြန်တာမရှိဘူး၊ ထွက်လာတာ မရှိဘူးဆိုတော့ အဲ့ဒီ ၁၂ ယောက်လုံး ထိသွားတယ်လို့ သုံးသပ်ပါတယ်” 

နွားထိုးကြီးမြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသည့် ဆူးဖြူကုန်းကျေးရွာပစ်ခတ်မှုတွင် စစ်ကောင်စီတပ် အထိနာသည်ဆိုသည့် အချက်နှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်မပြုနိုင်သေးပေ။ 

မြင်းခြံခရိုင်ပတ်ဝန်းကျင်တွင် လှုပ်ရှားနေသည့်  ဇီးရိုးပြောက်ကျားအဖွဲ့က သေချာပေါက်အနိုင်ရမည့် ပစ်မှတ်ကိုသာ ရွေးချယ်တိုက်ခိုက်နေခြင်းကြောင့် စစ်ကောင်စီတပ်သားများ အထိနာရခြင်းဖြစ်သည်ဟု ဆိုသည်။ 

“စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့အချိန်မှာ နယ်မြေအခြေအနေကို လေ့လာပြီးတော့ အင်အားအသာရနိုင်တဲ့ နေရာတွေကို ရွေးချယ်တိုက်ခိုက်နေတာပါ။ မနေ့ညက တိုက်ခိုက်မှုမှာတော့ ကျွန်တော်တို့အောင်မြင်တယ်လို့ ပြောလို့ရပါတယ်”ဟု အထက်ပါအဖွဲ့ဝင်အမျိုးသားက ဆက်ပြောသည်။

စစ်ကောင်စီသည် မြင်းခြံခရိုင်အတွင်း စာသင်ကျောင်းကဲ့သို့သော အဆောက်အအုံများတွင် တပ်စွဲအခြေစိုက်ကာ ကျေးရွာများကို ဖိနှိပ်နေသည်။

စစ်သားများက ကျေးရွာများအတွင်း လှည့်ပတ်သွားလာကာ နေအိမ်များကို ဝင်ရောက်စစ်ဆေးရှာဖွေပြီး ၎င်းတို့ကို ဆန့်ကျင်သည်ဟု ယူဆရသူများကို ဖမ်းဆီးနှိပ်စက်နေသည်။ 

အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်နှင့် ပါတီထောက်ခံသူတို့၏ နေအိမ်များကို ဝင်ရောက်ရှာဖွေကာ ပစ္စည်းများဖျက်ဆီးခြင်း၊ သိမ်းယူခြင်းတို့ကို လုပ်ဆောင်နေသည်ဟု မြင်းခြံဒေသခံများအဆိုအရ သိရသည်။

အာဏာသိမ်းစစ်ကောင်စီကမူ အကြမ်းဖက်မှုကျူးလွန်သူများကို နှိမ်နင်းခြင်းဖြစ်သည်ဟု တုံ့ပြန်လေ့ရှိသည်။

စက်တင်ဘာအတွင်း နွားထိုးကြီးမြို့နယ်၊ လျှော်ဖြူကျေးရွာတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် နေအိမ်တစ်ခုမှ မိသားစုဝင် ၄ ဦးတို့ လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့သည်။

ငါန်းဇွန်မြို့နယ်၊ မင်းနယ်ကုန်းကျေးရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ဖူးသည့် ဇီးရိုးပြောက်ကျားတပ်ဖွဲ့သည် စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးလုပ်ငန်း၏ တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးနေပြီး စစ်ကောင်စီဘက်တော်သား ဒလန်များကို ရှင်းလင်းနေသည်။

စက်တင်ဘာလမှစ၍ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် မဟာမိတ်ဖွဲ့ကာ တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Related Articles

Back to top button