သတင်း

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာရဲစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီအသာရ 

မန္တလေးမြို့၏ အနောက်တောင်ဘက် ၃၅ မိိုင်ခန့်အကွာတွင်ရှိသည့် ငါန်းဇွန်မြို့နယ် မြို့သာနယ်မြေ ရဲစခန်းကို တော်လှန် ရေးတပ်ဖွဲ့များ စက်တင်ဘာ ၁ ရက်နေ့က ဝင်ရောက်စီးနင်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

မန္တလေးမြို့၏ အနောက်တောင်ဘက် ၃၅ မိိုင်ခန့်အကွာတွင်ရှိသည့် ငါန်းဇွန်မြို့နယ် မြို့သာနယ်မြေ ရဲစခန်းကို စက်တင်ဘာ ၁ နံနက်ပိုင်းက တော်လှန် ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းရန် ကြိုးစားခဲ့သော်လည်း စစ်ကောင်စီဘက်က စစ်ကူများ ရောက်လာသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဒေသခံများနှင့်တော်လှန်ရေး တပ်ဖွဲ့များထံက သိရသည်။  

နံနက် ၆ နာရီခန့်တွင်စတင်သည့်တိုက်ပွဲသည် မွန်းတည့်ချိန်အထိ ကြာမြင့်ခဲ့ကြောင်း မြို့သာမြို့ခံတစ်ဦးက ပြောသည်။ 

အဆိုပါတိုက်ပွဲကို နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၄) အပါအဝင် အခြားဒေသတွင်း တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ကနဦးစုံစမ်းသိရှိရသည်။

“နွားထိုးကြီးနဲ့ ငါန်းဇွန်နဲ့ကြားမှာ မြို့သာရှိတော့ PDF တွေက နွားထိုးကြီးဘက်ကနေ လာကြတာ။ (PDF တွေ) ရောက်တာနဲ့ (တိုက်ပွဲ) တန်းဖြစ်တာတော့မရှိဘူး။ စျေးတွေကို သိမ်းဖို့နဲ့ တိုက်ပွဲဖြစ်မယ်ဆိုတဲ့ အကြောင်းပြောတယ်။ အဲဒါကြောင့်လဲ အထိခိုက်နည်းတာပေါ့”  ဟု အထက်ပါ မြို့သာဒေသခံက ပြောသည်။ 

တိုက်ပွဲစပြီးတစ်နာရီခန့်အကြာတွင် စစ်ကောင်စီဘက်က MI-35 ရဟတ်ယာဉ် နှစ်စင်း၊ ငါန်းဇွန်မြို့ဘက်မှ စစ်ကားသုံးစီးတို့ဖြင့် စစ်ကူများရောက်လာသည်ဟုလည်း သူက ဆိုသည်။

“သူတို့ကရဲစခန်းကို ဝင်စီးတာ သတင်းက ကြိုပေါက်သွားလို့ စခန်းသိမ်းတဲ့အထိ မအောင်မြင်ခဲ့ဘူးပေါ့။ PDF ဘက်ကသိမ်းသွားနိုင်ရင်လဲ စခန်းကိုမီးရှို့တယ် ဘာညာလုပ် သွားမှာပေါ့” ဟု ၎င်းက ပြောသည်။ 

အဆိုပါတိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ ဒရုန်းပျံသန်းလာသည့် မြို့သာဆည်အနီးတဝိုက်ကို စစ်ကောင်စီ တိုက်ခိုက်ရေး ရဟတ်ယာဉ် MI 35 က လိုက်လံပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သား ထိခိုက်မှုများ ရှိခဲ့သည်ဟု အထက်ပါ မြို့သာမြို့ခံက ဆက်ပြောသည်။

“ဒရုန်းပြန်ဆင်းမယ်လုပ်တော့ MI 35 နဲ့လိုက်ပြီးတော့ မြို့သာဆည်ပတ်လည်မှာ ဝဲပြီး ပစ်သေးတယ်။ ဒရုန်းက ဘယ်ကလွှတ်တာလဲ ဆိုပြီး လိုက်ပစ်တာပေါ့။ ဆည်ကလူတွေလဲ ကြောက်လန့်ပြီး ထွက်ပြေးကြတာပေါ့။ သူတို့လဲ အပစ်ခံရတယ်။ ဒါပေမယ့် ထိခိုက်၊ သေဆုံးမှုတေ့ာ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။ 

တိုက်ပွဲဖြစ်ပွားပြီးနောက် လူဦးရေ ၁၀,၀၀၀ ခန့်နေထိုင်သည့် မြို့သာတိုက်နယ်ကို စစ်ကောင်စီကပိတ်ဆို့ထားပြီး ဒေသခံများကို စစ်ဆေးနေကြောင်း၊ ရဲစခန်းအနီးနေထိုင်သူ အချို့ကိုလည်း စစ်တပ်ကဖမ်းဆီးလိုက်သည်ဟု ဒေသခံများကဆိုသည်။ 

“မြို့ကို အသွားအလာပိတ်ထာားတယ်။ လေးဘက်လုံး ပိတ်ထားတယ်။ မန္တလေးတက်တဲ့သူတွေလဲ မန္တလေးပြေးကြတယ်။ ဘုန်းကြီးကျောင်းတွေကို ပြေးတဲ့သူတွေလဲ ပြေးကြတယ်။ မြို့ရဲ့ ၃ ပုံ ၂ ပုံ (၆,၀၀၀) ခန့်လောက်က စစ်ရှောင်နေကြရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ ဝါဒဖြန့်ချိနေသော တယ်လီဂရမ်ချန်နယ်များတွင် တိုက်ပွဲဖြစ်ပွားမှုကို အတည်ပြုပြီး စစ်ကောင်စီလက်အောက်ခံ ရဲ နှစ်ဦးသေဆုံးကာ PDF အလောင်း သုံးလောင်း စစ်တပ်ဘက်က ရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

မြို့သာမြို့တိုက်ပွဲမှာ ၎င်းတို့မျှော်မှန်းထားသလောက်မအောင်မြင်ဘဲ အခြေအနေမှာ ရှုပ်ထွေးနေပြီး အတိအကျ မဖြေဆိုနိုင်သေးကြောင်းနွားထိုးကြီး မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

“မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO) ” အမည်ဖြင့် ပြီးခဲ့သည့်ဩဂုတ် ၁၀ က စတင်ပြီး မန္တလေးမြို့တောင်ဘက် တံတားဦးနှင့် မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ တစ်လနီးပါးကြာမြင့်နေပြီဖြစ်သည်။ 

MDSO စစ်ဆင်ရေးသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားမဟာမိတ်တပ်များစုဖွဲ့ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ဆင်ရေးဖြစ်သည်။

စစ်ဆင်ရေးကာလ တစ်လနီးပါးတွင် တံတားဦးနှင့်မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း ၂၀ ထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းများကို မီးရှို့ဖျက်ဆီးပြီး ပြန်လည် ဆုတ်ခွာခဲ့ သည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။ 

စစ်ကောင်စီတပ်ကလည်း နွားထိုးကြီးမြို့အပါအဝင် မြင်းခြံခရိုင်အတွင်းရှိ မြို့ရွာများကို  လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကာ လက်တုံ့ပြန်နေသည်။

မြို့သာမြို့မှာ အနောက်ဘက်တွင် ငါန်းဇွန်၊ အရှေ့ဘက်တွင် နွားထိုးကြီး၊ တောင်ဘက်တွင် မြင်းခြံ၊ မြောက်ဘက်တွင် တံတားဦးမြို့တို့တည်ရှိ ပြီး မြင်းခြံခရိုင်၏ အလယ်ဗဟို အချက်အချာကျသည့် မြို့တစ်မြို့ဖြစ်သည်။

Show More

Related Articles

Back to top button